ondragstart="return false" onselectstart="return false"

Tuesday, December 2, 2014

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်း

အောင်ရဲ မောင်မောင်
01.12.2014

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီးဒီကနေ့ အစိုးရပိုင်သတင်းစာတွေမှာ အများပြည်သူလေ့လာဖို့ ဖော်ပြပါတယ်။ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး သမားတွေနဲ့ ဥပဒေပညာရှင်တွေက အမြင်အမျိုးမျိုးနဲ့ အယူဆဆမျိုးစုံ ရှိနေကြပါတယ်။ အငြင်းပွားစရာတွေ ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းတွေထဲက ဥပဒေကြမ်းတစ်ခုဖြစ်တဲ့ ဒီဥပဒေပေါ်မှာ ဘယ်လို သဘောထားတွေရှိနေတယ်ဆိုတာ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မျိုးစောင့်ဥပဒေတွေလို့ အများသိကြတဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဥပဒေမူကြမ်းကို ဒီကနေ့ အစိုးရပိုင် သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြလာတာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည်သူတွေကတော့ ဘာသာကူးပြောင်းခြင်းကို မှတ်ပုံတင်ရမယ်ဆိုတဲ့အချက်က ကန့်သတ်မှုတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။ Equality Myanmar အဖွဲ့ရဲ့ဒါရိုက်တာလည်းဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက ဒီဥပဒေမူကြမ်းအပေါ်မှာ အခုလိုပြောပါတယ်။

“လူတွေစိတ်ထဲမှာယုံကြည်နေတဲ့ဟာကို ကျနော်တို့က သိရှိဖို့မလွယ်သလို ပြောင်းလဲဖို့လည်း မလွယ်ဘူး၊ ဒါကို ကျနော်တို့က အသိအမှတ်ပြုဖို့လည်း မလွယ်ဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာဖြစ်နေတဲ့အတွက် ဒီဟာကို ကျနော်တို့ မှတ်ပုံတင်ဖို့လုပ်တယ်ဆိုတာကြီးက သိပ်ပြီးတော့ လက်မခံချင်ပါဘူး။”

ဒီဥပဒေမူကြမ်းထဲမှာ ဘာသာ ကူးပြောင်းလိုသူတွေအနေနဲ့ မှတ်ပုံတင်ရေးအဖွဲ့မှာ ကူးပြောင်းမယ့်ဘာသာကို လာရောက်လျှောက်ထားရမှာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မှတ်ပုံတင်ရေးအဖွဲ့မှာ ပါရှိနေတဲ့ အဖွဲ့ဝင် (၇) ဦးထဲမှာ သာသနာရေးနဲ့လူဝင်မှု ကြီးကြပ်ရေးက ပုဂ္ဂိုလ်တွေအဓိက ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီဥပဒေမူကြမ်းဟာဆိုရင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်ဆိုတဲ့ လူအခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေနဲ့ဆန့်ကျင်နေသလို ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ကြည့်မယ်ဆိုရင်လည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၈) မှာ လူတိုင်းလူတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဘာသာကူးပြောင်းခွင့် ပေးထားတာ ရှိတယ်။ အဲဒီမှာ လွတ်လပ်စွာ ကူးပြောင်းနိုင်တဲ့အခွင့်အရေးရှိပြီးသားဖြစ်တဲ့အတွက် ဒီ ဘာသာကူးပြောင်းရေးကို မှတ်ပုံတင်ဖို့ ဥပဒေတခုပြဌာန်းမယ်ဆိုရင် အဲဒီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၈) နဲ့ ငြိစွန်းမယ်၊ ထိပါးရာရောက်မယ်။ နောက်တချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ မှာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီးသားဗျ။ အဲဒီတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပြီးနောက်မှာ မှတ်ပုံတင်ဖို့ ဥပဒေ ပြဌာန်း ပြီးတော့ မှတ်ပုံတင်ရမယ်လို့ ကန့်သတ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့လွတ်လပ်ခွင့်ကို ပြန်ချုပ်ခြယ် ကန့်သတ်သလို ဖြစ်နေတယ်။”

ဒီ ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းဟာဆိုရင် လာမယ့်လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ ဆွေးနွေးဖို့ ရှိလာပြီး ဥပဒေကြမ်းကော်မတီကို ရောက်လာရင် ဆောင်ရွက်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်မယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။

“ကျနော်တို့က ကော်မတီအတွင်းမှာ အကြမ်းလေ့လာမယ်။ လေ့လာပြီးမှ တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်ကိုတင်မယ်။ အဲဒီအချိန်ကျမှ ကျနော်တို့က အားလုံးကို ဖိတ်ခေါ်ရမှာပါ။ ဘယ်သူတွေက ဘယ်လိုဆွေးနွေးချင်တယ်၊ ဆွေးနွေးချင်တဲ့လူတွေ၊ အကြံပြုချင်တဲ့လူတွေ invite လုပ်ရမှာပဲ။ သူ့ procedure က အဲလိုသွားပါတယ်။”

ဒီဥပဒေတွေပြဌာန်းနိုင်ဖို့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့- မဘသ - က တင်ပြခဲ့တာဖြစ်ပြီး လက်ရှိမှာ သမ္မတက အမျိုးစောင့်ဥပဒေမူကြမ်းတွေဖြစ်လာဖို့ အဖွဲ့ ဖွဲ့ခဲ့ပြီး ဒီနှစ်ထဲမှာပဲသမ္မတက ဆောင်ရွက်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

မဘသအဖွဲ့လို့ လူသိများတဲ့ “အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့” က ပြန်ကြားရေးတာဝန်ခံ ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပီယက ဒီဥပဒေတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီအောင် ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

“အဲဒီထဲမှာလည်း အများစုက နိုင်ငံတကာတွေလည်း ဗဟုသုတရှိတဲ့လူတွေလည်း ရှိမယ်။ နောက် အများပြည်သူတွေ ပြောတဲ့စကားတွေလည်း ခပ်များများ ရှိတဲ့အခါမှာ အဓိက-ကတော့ ဘုန်းဘုန်းတို့နိုင်ငံမှာ စကားပြောမှုကြောင့် သို့မဟုတ် အတိုက်အခံကြောင့်သော်လည်းကောင်း၊ သို့မဟုတ် မီဒီယာကြောင့်သော်လည်းကောင်း ဒါတွေကို သတင်းတွေက ဖွထားတဲ့အခါကျတော့ ဒီအတွက်ကို အမျိုးသားရေးတွေမှာ အစပိုင်းဆိုရင် နိုင်ငံတကာမှာ တော်တော်လေးကို အထင်လွဲအမြင်လွဲတွေ အဖြစ်ခံရတာပေါ့။ နောက်ပိုင်းကျ ဒါတွေကို ဘယ်ဘက်ကကြည့်ကြည့်၊ ဘယ်ရှုဒေါင့်ကကြည့်ကြည့်၊ ဘယ်ဘာသာကကြည့်ကြည့်၊ ဘယ် ethnic group ကကြည့်ကြည့် မနစ်နာရအောင် သူတို့က ဒါတွေကို မျှပြီးတော့ ညှိပြီးတော့ ဆွဲထားတယ်လို့ ဘုန်းဘုန်းတို့က ဒီလိုပဲ သုံးသပ်တယ်လေ။”

မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အာဆီယံအသင်းဝင်စင်ကာပူနိုင်ငံမှာဆိုရင်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ အခြားဘာသာဝင်တစ်ဦး လက်ထပ်မယ်ဆိုရင် မှတ်ပုံတင်ရတဲ့ ဥပဒေတစ်ခုရှိတယ်လို့လည်း စင်ကာပူနိုင်ငံမှာ ၁၀ နှစ် နီးပါးနေထိုင်ခဲ့တဲ့ ကိုဥက္ကာက ပြောပါတယ်။

“ကွဲပြားတာကတော့ အဓိက မွတ်ဆလင်တွေအတွက်၊ မွတ်ဆလင်တွေအတွက်ဆိုလို့ရှိရင် ROMM လို့ခေါ်တဲ့ Registration of Muslim Marriage ဆိုတာရှိတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ အစ္စလာမ်ဘာသာမှာကျတော့ သူတို့ရဲ့ဘာသာရေးဓလေ့အရကိုက ဘာသာခြားနဲ့လက်ထပ်လို့ မရဘူးခင်ဗျ။ အဲဒီအခါကျ တကယ်လို့ ဘာသာခြားတယောက်က မွတ်ဆလင်တစ်ယောက်နဲ့လက်ထပ်မယ်ဆိုလို့ရှိရင် ROMM ကနေပြီးတော့ပဲ သွားရပါတယ်ခင်ဗျ။ အဲဒီတော့မှ ဘာသာခြားတစ်ယောက်က မွတ်ဆလင်ဘာသာဘက်ကို ဝင်တော့မှ သူတို့က လက်ထပ်ထိမ်းမြားလို့ရတယ်ခင်ဗျ။ ကျန်တဲ့တခြားသော ဘာသာတွေကတော့ ရိုးရိုး ROM ကနေပြီးတော့ပဲ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီးတော့ မင်္ဂလာဆောင်လို့ရတယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ ကိုးကွယ်ရာ ဘာသာကုးပြောင်းခြင်းဆိုင်ရာဥပဒေမူကြမ်း ထွက်ရှိလာသလို ကျန်နေသေးတဲ့ မျိုးစောင့်ဥပဒေတွေထဲက လူဦးရေ
တိုးပွားမှု နှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေမူကြမ်း၊ ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေမူကြမ်းနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွေ ဆက်ထွက်ဖို့ရှိတယ်လို့လည်း အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်ခင်ဗျား။

No comments:

Post a Comment