ondragstart="return false" onselectstart="return false"

Tuesday, February 17, 2015

နော်ဝေတွင်ကရင်အမျိုးသားနေ့ကျင်းပ

စောဖိုးခွား၊ အော်စလို၊ ၁၅ ဖေဖော်ဝါရီ၂၀၁၅

နော်ဝေနိုင်ငံ အော်စလိုမြို့ စတာဘက် (Stabek) အရပ်တွင် ယနေ့ကျင်းပသည့် ၆၇ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို နော်ဝေနိုင်ငံရောက်ကရင်အမျိုးသား ၁၀၀ ကျော်တက်ရောက်၏။

တန်းတူညီမျှရေးနှင့် လွတ်လပ်ရေးအတွက်ကရင်အမျိုးသားများ တိုက်ပွဲဝင် တောင်းဆိုခဲ့ချက်များကို အမှတ်ရရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု အခမ်းအနားဦးဆောင်သူ တဦးဖြစ်သည့် ခရစ်ယာန် သင်းအုပ် ဆရာတော်စောကော်ခူက ပြောကြား၏။

“ကိုယ့်မျိုးရိုး ဇာတိဂုဏ်ကိုမသိတဲ့သူဟာ ကရင်လို့မခေါ်နိုင်ပေဘူး။ ကရင်စကား ပြောကြပါ။ ကရင်စာ ရေးကြဖတ်ကြပါ။ မိမိ ဘာသာစကားနဲ့ စာပေကို မသိ မတတ်တဲ့သူ၊ မျိုးရိုး ဇာတိဂုဏ် ဖျော်ကဖျက်သူဟာ ကိုယ့်လူမျိုးကိုသတ်ပစ်တဲ့သူပဲ။” ကရင်အမျိုးသားနေ့ဟူသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၆၇ နှစ်၊ ၁၉၄၈ ခုနှစ်က ကရင်လူမျိုး လေးသိန်းကျော်က ကရင်ပြည်ရရှိရေးအတွက် စတင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ချက်များကို အမှတ်တရ ဖော်ပြခြင်းဖြစ်ကြောင်း ယနေ့အခမ်းအနားတွင်ကရင်လူငယ်တဦးက တိုတိုရှင်းရှင်း ပြောပြသွား၏။

“ကရင်ပြည် ချက်ချင်းပေး”၊ “ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ”၊ “အမျိုးသားအဓိကရုဏ်း အလိုမရှိ”၊ “ပြည်တွင်းစစ်အလိုမရှိ”။ ထို့အပြင် ကရင်ဘာသာစကားနှင့် စာပေ ဖြစ်ထွန်းလာပုံ၊ ကရင်အမျိုးသားသီချင်း ဖြစ်ပေါ်လာပုံ၊ အမျိုးသားအလံတော်၏ အနက်အဓိပ္ပါယ်၊ ယဉ်ကျေးမှုဓလေ့နှင့် ထုံးတမ်းစဉ်လာ၊ စသည်တို့ကိုလည်း လူငယ်တဦးစီက လိုတိုရှင်း တင်ပြသွားကြ၏။ ဒုံးအက အပါအ၀င် ကရင်ရိုးရာအကများ၊ ကရင်အဖွဲ့အစည်းများနှင့် လက်ရှိအခြေအနေကို ထင်ဟပ်စေသည့် သရုပ်ဖော်တင်ပြချက်များ၊ စသည်တို့ကိုလည်း ယနေ့အခမ်းအနားတွင် ရှုစားနားဆင်ရ၏။ ကရင်အမျိုးသားသီချင်းဖြင့် စတင်ပြီး ဤသီချင်းဖြင့် အဆုံးသတ်သည့် အခမ်းအနားအပြီးတွင် မိသားစုအသီးသီးက ယူလာသောအစားအသောက်များကို စုပေါင်းသုံးဆောင်ကြ၏။

No comments:

Post a Comment