ondragstart="return false" onselectstart="return false"

Monday, December 30, 2013

ကြောင်သူတော်

ကျွန်မတို့ဟာ မကြာခင်၂၀၁၃ခုနှစ်ကိုထားခဲ့ပြီး .. နှစ်သစ်ကိုခရီးဆက်ရတော့မှာဖြစ်ပါတယ်။ နှစ်သစ်ထဲမှာ စိတ်သစ် လူသစ်နဲ့ အသက်ဆက်ရှင်နိုင်ဖို့ မကောင်းတဲ့အကျင့်စရိုက်တွေကိုချန်ထားခဲ့ဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကိုရေးရခြင်း ဖြစ်ပါတယ်။ မည်သူကိုမှမရည်ရွယ်ပါ။ ကောင်းမွန်လှပတဲ့ အနာဂါတ်ကိုအတူတကွတည်ဆောက်ကြဖို့ ဦးတည်ပါတယ်။

ကျွန်မတို့ရဲ့အဖွဲ့အစည်း KWEG ဟာ အမျိုးသမီးလေးတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေကိုတတ်နိုင် သလောက် လုပ်နေတဲ့အတွက် အမျိုးသမီးတွေနဲ့ကလေးငယ်တို့ရဲ့ ကြုံရဆုံရဒုက္ခအ၀၀ကို နားနဲ့မဆန့်အောင် ကြားရလေ့ ရှိပါတယ်။ အဲဒီထဲမှာ "ကြောင်သူတော်" ဇာတ်လမ်းလည်းအပါအ၀င်ပေါ့။
တစ်နေ့ကျ အသက်၂၀ကျော်ခန့် အမျိုးသမီးလေးတစ်ယောက်က သူရဲ့ဒုက္ခအခက်အခဲကိုပြောပြပါတယ်။ သူဟာ တနင်္သာရီတိုင်း၊ထားဝယ်ဘက်က ရွာလေးတစ်ရွာကဖြစ်ပြီး မိဘတွေလည်းဆုံးပါးသွားလို့ အမတွေနဲ့နေပါတယ်။ သူရဲ့ ရည်ရွယ်ချက်ကတော့ ကီးဘုတ်တီးတတ်အောင်သင်ပြီး အသင်းတော်မှာ လိုအပ်သလိုဂီတပိုင်းမှာကူညီဖို့ပါ။ စပွန်ဆာရှိရင် တော့ ကျမ်းစာကျောင်းတတ်ပြီး ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဖြစ်ချင်ပါသတဲ့။ မမျှော်လင့်ဘဲ သူမအတွက်လမ်းစပေါ်လာ တာကတော့ သူ့အမဟာ မတော်တဆ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်မှာကုသခံယူခဲ့ရတယ်။ အဲဒီအတောအတွင်း ခရစ်ယာန် သင်းအုပ်ဆရာ သိက္ခာတော်ရ တစ်ဦးရဲ့အိမ်မှာ တည်းခိုပြီး ဆေးကုသခံ ခဲ့ရတယ်။

ဆရာတော်ရဲ့မိသားစုဟာ နွေးထွေးပြီး သဘောလည်းကောင်းတဲ့အတွက် အမဒဏ်ရာတွေပျောက်ပြီးပြန်သွားပေမဲ့ သူမကတော့ ကီးဘုတ်သင်တန်းတတ်ဖို့ အဲဒီအိမ်မှာ ဆက်နေဖြစ်ခဲ့ပါတယ်။ အိမ်မှာရှိတဲ့သူတွေနဲ့တူတူလုပ်တူတူစား အချိန်တန်ကီးဘုတ်သင်တန်းတတ်လိုက်နဲ့ အဆင်ကိုပြေနေတော့တာပဲ။ ဒါပေမယ့် သူလေးစားရပါတဲ့ သိက္ခာတော်ရ ဆရာကြီးက တော်တော်ညောင်းညာတတ်သူတစ်ဦးပါတဲ့။ အပြင်ကပြန်လာတဲ့အချိန် နားတဲ့အချိန်တွေမှာ သူမကို နင်းနှိပ်ခိုင်းပါသတဲ့။ သူမရှိရင်လည်းတခြားအိမ်က ကောင်မလေးတွေကို နင်းနှိပ်ခိုင်းလေ့ရှိတတ်တော့ သူမကလည်း ခိုင်းတဲ့ အတိုင်း နင်းနှိပ်ခြေဆုတ်လက်နယ်ပြုလုပ်ပေးရပါတယ်။ ဒါပေမယ့် ခက်တာက အိမ်မှာအားလုံးကအလုပ်များ အိမ်ရှင်မ ကလည်းအလုပ်ကိစ္စနဲ့မကြာခဏ ခရီးထွက်ရတော့ တစ်ခါတစ်လေ အခန်းထဲမှာ နှစ်ယောက်တည်း နင်းနှိပ်ပေးရပါသတဲ့။ အဲဒါကိုသူမခမျာ ပြောလည်းမပြောရဲ သိက္ခာတော်ရဆရာကြီးကလည်း သူမကိုမထိတထိကိုင်တွယ်ဆိုတော့ သူမခမျာ ငရဲကျနေသလို ခံစားနေရပါတယ်တဲ့။ အဲဒါနဲ့ ကျွန်မကလည်း အမှုအကြောင်းပေါ်လွင်အောင် ဆက်ပေးရတော့တာပေါ့။ သမီး အဲ့ဒီလိုသမီးကိုဟိုကိုင်ဒီကိုင်ပဲလား ..ဘာတွေလုပ်ရသေးလဲပေါ့ဆိုတော့ ..သမီးကမလုပ်ချင်ပါဘူး အဘိုးသရာ ကခိုင်းလို့လုပ်ရတာပါ ဆိုပြီး ငိုပြီးရင်းငိုနေတော့တာဘဲ။
ကျမတို့ ကရင် အသိုင်းအ၀ိုင်း ၊ ခရစ်ယာန် အသိုင်းအ၀ိုင်း မှာ ..ဘိုးသရာ.. ဆိုတာ တော်တော်အစဉ်အလာ ကြီးပါတယ်.. အဲဒီယဉ်ကျေးမှုက ဘယ်ကစလဲမသိပေမဲ့  .. ဘိုးသရာ.. ဆို ပြောရင်ပြောသလို ..လူတွေက လေးစားကြတယ်..လိုက်နာကြတယ်..ပြန်လှန် မေးခွန်းလဲမထုတ်ကြဘူး.. အဲဒီတော့ ကြောင်သူတော်တို့ အကြိုက်ပေါ့..ကျမသိသလောက် ကြောင်သူတော်တို့ရဲ့  လက္ခဏာများကိုဖော်ပြလိုပါတယ်..
ကြောင်သူတော်တို့၏ ကြန်အင်လက္ခဏာများ
၁။ "ကြောင်သူတော်" ဆိုသည့်အတိုင်း သူတော်စင်ကဲ့သို့ ဟန်ဆောင်တတ်ခြင်း။
၂။ နှစ်လိုဖွယ်ရာ ရုပ်ဆင်းအင်္ဂါ၊ ချစ်ခင်ဖွယ်ရာအသံတို့ဖြင့် လူတကာတို့၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခြင်း။
၃။ ရယ်စရာ ပုံတိုပတ်စများဖြင့် ပျော်ပျော်နေတတ်သဖြင့် ကျား/မ - အသက်အရွယ်ကြီး/ငယ်မရွေး သူ့ကို သဘောကျတတ်ပါသည်၊ လူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါသည်..
၎။ သူတို့ ကျူးလွန်ခဲ့သည့် မိန်းကလေးများကို လူရှေ့သူရှေ့အရောမ၀င်၊ ဘာသိဘာသာနေတတ်ခြင်းတို့ကြောင့် မိန်းကလေးများမှာ အသိအမှတ်ပြုခံရရေးကို အသည်းအသန် ကြိုးစားတတ်ကြ၍ အများအမြင်မှာ မိန်းကလေးဘက်ကသာ သည်းသည်းလှုပ်နေသည်ဟုမြင်နေခြင်း။ (ကျွန်မသိသော ဆရာတစ်ဦးပြောလေ့ရှိသည်မှာ- အစ်ကိုကြီး တို့ကတော့ ပါးစပ်ဟထားတယ်။ လိုက်ရှာမစားဘူး။ ပါးစပ်ထဲဝင်လာလို့ကတော့ စားပြီးသားပဲတဲ့)
၆။ သူတို့၏ သားကောင်များမှာ အိမ်ဖော်လေးများ၊ အလုပ်ခွင်ရှိတပည့်မလေးများ၊ ပညာအားနည်း၍ ပြန်မပြောတတ်သူများ ဖြစ်တတ်သည်။
ရ။ ကြောင်သူတော်များသည် မိမိကဘယ်လောက်ပင်ဖောက်ပြန်တတ်စေကာမူ တရားဝင်မိန်းမကတော့ "ရှယ်" အချောအလှ ပညာတတ်၊ တော်ပေ့ထက်ပေ့ ဆိုသည့် အမျိုးသမီးကိုမှယူတတ်ကြသည်။
၈။ ကြောင်သူတော်များသည် သူတို့၏ သိက္ခာကို အသက်ထက် ပိုမြတ်နိုးကြသည်။ လုပ်ခါမှလုပ်ရော - သူများသိသွားမှာ အလွန်စိုးရိမ်တတ်ကြသည်။
၉။ သူတို့ ကျူးလွန်သည့် အမျိုးသမီးလေးများအပေါ် ငွေကြေးထောက်ပံ့နှုတ်ပိတ်လေ့ရှိသည်။
၁၀။ ကြောင်သူတော်တို့သည် ဘာသာရေးခေါင်းဆောင် များ၊ အဖွဲ့ အစည်း ခေါင်းဆောင်များ၊ CEO များ ဖြစ်တတ်ကြပါသည်။
ကျွန်မဒါတွေပြော တာ တစ်စုံတစ်ဦးကို သိက္ခာချ၊ ရှုံ့ချလိုစိတ်လုံးဝ မရှိပါ။ ဥပမာပေးထားသော ခရစ်ယာန် ဘာသာရေးခေါင်းဆောင် များရှိသလို အခြားဘာသာမှ ဘာသာရေးခေါင်းဆောင် များလည်းရှိတတ်ပါသည်။ ( ဘုန်းကြီးတစ် ပါးသည် ညဘက်လူဝတ်လဲ၍ ဂျင်းဘောင်းဘီနှင့်အပြင်မှာ ထွက်ကဲကြောင်းကြားဘူးပါသည်)
သိက္ခာ၊ သမာဓိနှင့် ပြည့်စုံသည့်ဆရာသမား၊ ဘာသာရေးခေါင်းဆောင် များမြောက်များစွာ ရှိပါသည်။ လူတိုင်းကို ဒီလိုပဲလို့တော့ မမှတ်ယူစေချင်ပါ။ အမှန်တကယ် ဖော်ရွေမေတ္တာပြပြီး၊ သူတပါးကို စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကူညီတတ်သူများရှိကြပါသည်။ ဆွမ်းဆန်ထဲမှာ ကြွက်ချေးရော တတ်သည်ကို ထောက်ပြသတိပေးခြင်းသာဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်စေချင်ပါ။
နှစ်သစ်ကိုစိတ်သစ်နှင့်ခရီးဆက်နိုင်ကြပါစေ.. မိန်းကလေးများ ကြောင်သူတော်တို့ရဲ့ ရန်က ကင်း လွတ်နိုင်ကြပါစေ..

မူရင်းပို့ စ် - https://www.facebook.com/susanna.soe/posts/10152139969811473

No comments:

Post a Comment