ondragstart="return false" onselectstart="return false"

Wednesday, December 4, 2013

ဖက်ဒရယ် တပ်မတော်အတွက် ပြုပြင် ပြောင်းလဲရေး နည်းလမ်းများ လေ့လာ

Written by ရွှေဟင်္သာ သတင်းဌာန

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အခြားအဖွဲ့ဝင် များနှင့်အတူ Security of Sector Reform ဟူသည့် လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေရာ တွင်ပြီးခဲ့သည့် ဒီဇင်ဘာ (၂)ရက်နေ့က စတင်လေ့လာပြီး (၃)ရက်ကြာ အမြင်ချင်းဖလှယ် ကြမည်ဟု ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာမှ ဆိုပါသည်။

“ ပေးတဲ့ ပညာရှင် အဖွဲ့ကတော့ အင်္ဂလန် အခြေစိုက်အဖွဲ့ပါ။ သူတို့အဖွဲ့က( UNFC) အဖွဲ့ဝင်တွေကို အိုင်ယာလန် နိုင်ငံကို ပို့ပေးတဲ့ အဖွဲ့ပေါ့။ အိုင်ယာလန်နဲ့ အင်္ဂလန်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာနိုင်ဖို့နဲ့ ရလာဒ်ကောင်းအပေါ် သုံးသပ်နိုင်အောင် စီစဉ်ပေးတဲ့ အဖွဲ့ကနေ ကမကထ လုပ်နေတာပါ” ဟု ဆိုပါသည်။

အထူးသဖြင့် အင်ဒိုနီး ရှားနိုင်ငံရှိ အာချေးနယ် ပြသနာ ဖြေရှင်းခဲ့ပုံများကို အပြန် အလှန်မေးခွန်း ထုတ်ကြရာတွင် အာချေး ဆွေးနွေးပွဲ ကို မော်နီတာ ပြုလုပ် ခဲ့သည့် ပညာရှင်တဦးမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ဤအဖွဲ့သည် (Intermediate) ဖြစ်ပြီး နိုင်ငံတကာ ပညာရှင် (၆) ဦး တက်ရောက် ခဲ့ပါသည်။ ထိုအထဲတွင် ဗြိတိန် စစ်ဦး စီးချုပ်ဟောင်းနှင့် အီယူ ဘက်မှ နေတိုး တပ်မှူးကြီး လည်းပါဝင် ခဲ့ပါသည်။ ၄င်းအဖွဲ့မှ ပညာရှင်များသည် (UNFC) အဖွဲ့ ၀င်များ၊ အဖွဲ့ ၀င် မဟုတ်သော ရခိုင်လွတ် မြောက်ရေးပါတီ (ALP)နှင့် ရခိုင်တပ်မတော် (AA)တို့နှင့် ဆွေးနွေး နေခြင်းဖြစ်ပါသည်။ လေ့လာမှုများ ထဲတွင် မည်သည့် လက်နက်ကိုင် တပ်များမဆို၊ (အစိုးရ တပ်ဖွဲ့ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်စေ၊) ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံနှင့် အညီအံဝင်ဂွင်ကျ ဖြစ်စေရန် မည်သို့မည်ပုံ ပြောင်းလဲသင့် သည်ကို အမြင်ချင်း ဖလှယ် နေကြခြင်း ဖြစ်ပါသည်။

(UNFC) သည် အလားတူ ဆွေးနွေးပွဲမျိုးကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၉)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ၌ပင် ဖက်ဒရယ် ပြည်ထောင်စုနှင့် သက်ဆိုင်သော ရေးရာများကို (Forum for Federation) ပညာရှင်များနှင့် (၃)ရက်တာ တွေ့ဆုံ ဆွေးနွေးပြီး အမြင်ဖလှယ်ခဲ့ကြပါသည်။ (FOF) အဖွဲ့သည် မြန်မာနိုင်ငံ နှင့် ကိုက်ညီသော ဖက်ဒရယ် ပြည် ထောင်စုစနစ်၏ အင်္ဂါရပ်မျိုးများဖြင့် အမြင်ဖလှယ် ခဲ့ကြပါသည်။

အလားတူ (UNFC) သည် လာမည့် ဒီဇင်ဘာ (၆)ရက်နေ့မှ (၈)ရက်အထိ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပါတ်သက်သည့် နောက်ထပ် ပညာအဖွဲ့များနှင့် အမြင်ဖလှယ် ရန် ရှိနေပါသည်။ အထူးသဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး နှင့် အပစ်အခတ် ရပ်စဲရေး အတွေ့အကြုံများကို အမြင်ဖလှယ်ကြမည်ဖြစ်ပါသည်။

နိုင်ငံတကာ ပညာရှင်များမှ လာရောက် ညှိနှိုင်းနေသော ပညာရပ်များသည် မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်း ရရှိစေသော နည်းနာများ ဖြစ်သည်ဟု (UNFC) မှ ခံယူ ထားပါသည်။ အစိုးရ၊ အတိုက်အခံနှင့် တိုင်းရင်းသား အရေးဟူသည့် သုံးပွင့်ဆိုင် ဆွေးနွေးရေး အတွက် လိုအပ်သော ပညာရပ်များကို နိုင်ငံတကာ ပညာများက ၀ိုင်းဝန်း ကူညီဖြေရှင်း ပေး နေခဲ့ကြောင်း ဆိုပါသည်။

သို့သော် အစိုးရဖက်ကမူ ၄င်းတို့ တပ်များသည် အနီးစပ်ဆုံး နိုင်ငံရေး ဆွေးနွေးပွဲ အချိန်အထိ မိမိတို့ လိုရာ ရည်ရွယ် တခုဆီသို့ တက်လှမ်းနိုင်ရန် ဆက်လက် တိုက်ခိုက်နေမည့် ပရိယာယ်မျိုးကို အသုံးပြု နေသည်မှာ ထင်ရှားလှပါသည်။ တချိန်ထဲတွင် ဖက်ဒရယ် တပ်မတော်၊ ဖက်ဒရယ် စနစ်ကို လက်မခံကြောင်း အရိပ်အရောင်များ ပြသပြီး အဆုံးအဖြတ် ပေးသည့် ဆွေးနွေးပွဲ အချိန်ထိ ဆက်လက် တိုက်ခိုက် နေမည်ဟု ပညာရှင်များကသုံးသပ်နေပါသည်။

No comments:

Post a Comment