ondragstart="return false" onselectstart="return false"

Tuesday, September 22, 2015

တဖွဲ့ချင်းအပစ်ရပ်ဆွေးနွေးဖို့ တအာင်းတပ်ဖွဲ့ကို အစိုးရကမ်းလှမ်း

By အေးနိုင်
22 September 2015


အစိုးရက တဖွဲ့ချင်းစီနဲ့ အပစ်ရပ်လက်မှတ်ကိစ္စဆွေးနွေးဖို့ တအာင်းပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ဆက်သွယ်အကြောင်းကြားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က စက်တင်ဘာ ၁၈ ရက်နေ့က ဖုန်းဆက်အကြောင်းကြားတယ်လို့ PSLF အတွင်းရေးမှူး တာ့ဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကတော့ အစိုးရက မြန်မာသမ္မတကြီးဦးသိန်းစိန်က သဘောထားတွေ ပြောင်းလာပြီ။ စစ်တပ်ကလည်း သူပြောတာတွေကို သဘောတူတယ်။ ကျနော်တို့ကို ဘိုင်လက်ထရယ်အဂရီးမင့် နှစ်ဦးသဘောတူ လက်မှတ်ထိုးဖို့ ကမ်းလှမ်းတာပါ။ အဲဒါကမ်းလှမ်းပြီး ‘ကျနော်တို့ မြန်မြန်လုပ်နိုင်မယ်ဆိုရင် အများနဲ့နည်းတူ အန်စီအေ၊ တပြည်လုံးအတိုင်းအတာ အပစ်ရပ်စာချုပ်ကို ထိုးလို့ရတယ်။ တကယ်လို့ မမီဘူးဆိုရင်လည်း ကျနော်တို့ ဘိုင်လက်ထရယ်လုပ်ပြီးတော့ သူများနောက်ကို လိုက်လို့ရတယ်။ အဲဒီအခွင့်အရေးကို ကျနော်တို့ကို စပယ်ရှယ်ပေးတာပါ၊ အဲလိုကမ်းလှမ်းတယ်’ ဆိုပြီးတော့ ကျနော့်ကို အကြောင်းကြားတာပါ။ သူတို့က ချင်းမိုင်မှာ တွေ့ဖို့ ပြောပါတယ်။ ကျနော်တို့က ချင်းမိုင်မှာ ကိုယ်စားလှယ်မရှိတာကြောင့် လောလောဆယ်တွေ့ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်ပြောခဲ့ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ PSLF ဗဟိုကော်မတီအစည်းအဝေးရှိနေပြီး နောက်သုံးရက်ခန့်အကြာ အစည်းအဝေးအပြီးမှာ အကြောင်းပြန်ကြားနိုင်မှာဖြစ်တယ်လို့သူက ပြောပါတယ်။

PSLF အဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပါတယ်။ လတ်တလော ရှမ်းပြည်မြောက်ပိုင်းမှာ အခြေပြုလှုပ်ရှားနေပြီး အစိုးရတပ်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးရာမှာ PSLF ပါဝင်ရေးထိုးမှုကို အစိုးရဘက်က ကနဦးပိုင်း ကန့်သတ်ထားရာက ဒီလ ၉ရက်နေ့ နေပြည်တော်မှာ သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ PSLF ကို ဘိုင်လက်ထရယ်ရေးထိုးပြီး တပြည်လုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးရာမှ ပါဝင်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။ PSLF ရဲ့ မဟာမိတ် ရခိုင်တပ်မတော် AA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ကိုတော့ အန်စီအေလက်မှတ်ထိုးရေးကိစ္စကို သမ္မတက ကတိမပြုခဲ့ပါဘူး။

၂ ဖွဲ့ချန်ထားတဲ့အခြေအနေနဲ့ပတ်သက်လို့ တာ့ဘုန်းကျော်က “အဲဒါနဲ့ပတ်သက်လို့ ကိုညိုအုန်းမြင့် ဖုန်းဆက်တုန်းက ကျနော်လည်း ပြောပြပြီးပါပြီ။ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ဆိုတာ ၁၅ အပေါင်း ၁ ပေါ့၊ သူတို့ရပြီးသား ၁၅ ဖွဲ့ရယ် ကျနော်တို့ကို နောက်တဖွဲ့ထပ်ပေါင်း ဘိုင်လက်ထရယ်ထိုးပြီးမှ ပေါင်းရုံနဲ့တော့ မပြီးဘူးလို့ ကျနော်တို့မြင်တယ်။ တိုက်ပွဲတွေဖြစ်နေတာက MNDAA ရော၊ AA ရော၊ အဲဒီမှာ ကျနော်တို့တပ်ဖွဲ့ကလည်း ရောနှောနေနေတယ်။ ဆိုတော့ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ဆိုရင်တော့၊ ကျနော်တို့လည်း လက်မှတ်ထိုးနိုင်ဖို့ဆိုရင်တော့ အဲဒီ ၂ ဖွဲ့မပါဘဲနဲ့တော့ ကျနော်တို့ မထိုးနိုင်ဘူး။ အဲဒါ ကျနော်တို့ရပ်တည်ချက် အခံတော့ရှိတယ်။ သူ့ကိုတော့ အဲလိုရှင်းပြထားပါတယ်။” လို့ပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ဖော်ဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းအတွင်း တခါမှ မရဘူးတဲ့ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အချောသတ်ရေးဆွဲပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်လက်မှတ်ရေးထိုး ကြမယ့် အဖွဲ့တွေကိစ္စမှာ သဘောထား မကိုက်ညီဘဲ ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေတာပါ။

သမ္မတက အဖွဲ့ ၁၆ ဖွဲ့ ပါဝင်လက်မှတ်ထိုးဖို့ သဘောတူခဲ့ပြီဖြစ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကတော့ စာချုပ်ခေါင်းစဉ်နဲ့အညီ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ ဘယ်အဖွဲ့ကိုမှ ချန်မထားဖို့ ရပ်တည်နေတာဖြစ်ပါတယ်။

ကျင်းပနေတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တပ်ဦးရဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စကို ဦးစားပေးဆွေးနွေးနေပြီး အန်စီအေနဲ့ပတ်သက်လို့ အဖွဲ့အနေနဲ့ ရပ်တည်ချက် သတ်သတ်မှတ်မှတ်ရှိထားပြီးဖြစ်တဲ့အတွက် အထူးတလည် ဆွေးနွေးရခြင်း မရှိပါဘူးလို့ သူက ပြောပါတယ်။

“အန်စီအေတို့၊ ဘိုင်လက်ထရယ် လက်မှတ်ထိုးမယ့်ကိစ္စကတော့ ကျနော်တို့မှာ ရပ်တည်ချက်ရှိထားပြီးသား။ အားလုံးပါဝင်မှုမရှိဘူးဆိုရင် ဒီကောင် လက်မှတ်မထိုးနိုင်ဘူး။ ကျနော်တို့ တဖွဲ့ကို ဖဲ့ပြီးတော့မှ ဘိုင်လက်ထရယ် လုပ်ဖို့ဆိုရင် ကျနော်တို့က ဘယ်လိုမှ လိုက်ပါနိုင်မှာမဟုတ်ဘူး။ ဒါက ကျနော်တို့ရှိထားပြီးသားပါ။ ဒါပေမယ့် မြန်မာအစိုးရဘက်က တွေ့ဖို့လိုတယ်၊ ညှိနှိုင်းဖို့လိုတယ်ဆိုရင် ရတယ်၊ ကျနော်တို့တွေ့နိုင်တယ်၊ ညှိနှိုင်းနိုင်တယ်။ တွေ့ဆုံဆွေးနွေးတာက နည်းလမ်းတခုပဲလေ” လို့ ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်ဦး၊ ရခိုင်တပ်မတော်နဲ့၊ ကိုးကန့်တပ်မတော်တို့ သုံးဖွဲ့က တချိန်တည်းအပစ်အခတ်ရပ်စဲပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေး ထိုးဖို့ အစိုးရကို လွန်ခဲ့တဲ့ လပိုင်းက ပူးတွဲတောင်းဆိုခဲ့ကြပါတယ်။ ဒီလ ဆယ်ရက်နေ့မှာတော့ ဒီသုံးဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံစည်းဝေးပြီး နိုင်ငံရေး၊ စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

No comments:

Post a Comment