ondragstart="return false" onselectstart="return false"

Sunday, January 3, 2010

ယနေ့ တပ်မတော် - အပိုင်း (၂)

ဆောင်းပါးရှင် - သံကြိုး

စစ်တပ်မှာ တပ်ရင်းအောက်လက်အနေနဲ့ တင်ပြခွင့်မရှိဘူး၊ ဗဟိုဦးစီး စနစ်ဘဲရှိတယ်။ ဒီလိုစစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား ကိုက သူတို့တွေးတာ မှန်တယ်၊ သူတို့ပြောတာဘဲ ဖြစ်ရမယ်ပေါ့၊ ပြည်သူတွေအပေါ် သူတို့ရဲ့အုပ်ချုပ်မှုအာဏာ သက်ရောက် ဖို့ သူတို့ ခံယူထားတာကတော့ …

(၁) လူသည် အသစ်အဆန်းကို တီထွင်တတ်သည်၊ ထို့ကြောင့် မကောင်းပါ။
(၂) လူသည် အသစ်အဆန်းကို တီထွင်တတ်သည်၊ ထို့ကြောင့် ထင်ရာမြင်ရာလုပ်တတ်သည်။
(၃) လူသည် သဘောထား ကွဲလွဲတတ်သည်။ ထို့ကြောင့် အငြင်းသန်သည်၊ မကောင်းပါ။

ဒါ့ကြောင့် လူကို မည်သို့လုပ်ရမည်နည်း။ တစ်ခုဘဲရှိတယ်။ လူကို လူနှင့်မတူအောင် ထားဖို့ပင် ဖြစ်တယ်။ ပြည်သူလူထု ချစ်နေဖို့ထက် ပြည်သူလူထု ကြောက်နေဖို့က ပိုအရေးကြီးတယ်လို့ ယူဆထားတဲ့ စစ်ဗိုလ်ချုပ်တွေ။ ရာထူးကြီးလေ အသက် ကြီးလေ လေးဘက်သွားလေ၊ လေးဘက်သွားလေ ဖောက်ပြန်ရေး အရင်အနှီးများများ စုဆောင်းမိလေ ဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်တွေအတွက် ဖြစ်နေပြီ။ ယူနီဖောင်းချွတ်ရဲရင် ခေါင်းဆောင်လုပ်၊ ဦးနေ၀င်းလို ခေါင်းဆောင်ဖြစ်ပြီးမှ ယူနီဖောင်း မချွတ်နဲ့၊ ဦးနေ၀င်းက နဲနဲတော်သေးတယ်၊ လွှတ်တော်ထဲကို တိုက်ပုံဝတ်ပြီး ၀င်တာ။ အခု စစ်ဗိုလ်ချုပ်တွေက ယူနီဖောင်း ၀တ်ပြီး ၀င်ကြတယ်။ ဘုရားကျောင်းကန်သွားတာတောင် ခါးမှာ ပစ္စတို ချိတ်ထားသေးတာ။ လွှတ်တော်ထဲ လောက်ကတော့ ဘာအရေးလဲ။

ဒီနေ့တိုင်းပြည် ဘာဖြစ်နေလဲ၊ ပြည်သူတွေ ဘာလိုအပ်နေလဲဆိုတာ သူတို့မသိဘူး။ သိဖို့လဲ မလိုဘူး။ အစိုးရလိုအပ်ချက်ကို ပြည်သူက လိုက်လုပ်။ ပြည်သူလိုအပ်ချက်ကို အစိုးရက လုပ်ပေးစရာ မလိုဘူးဆိုတဲ့ သဘော။ စစ်ဗိုလ်ချုပ်တွေကြားထဲ မှာလည်း သဘောထားပျော့တဲ့သူ ဆိုရင် ချောင်အထိုးခံရတာဘဲ။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဆိုရင် စစ်သက် (၁၀) နှစ်လောက်ကွာတယ်။ ဗိုလ်မောင်အေးနဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့ဆိုရင်လဲ (၁၀) နှစ်ကျော်ကျော် ကွာကြတာ။ (၁၀) စုနှစ် တစ်ခုအတွင်းမှာ ဗိုလ်သင်တန်းကျောင်းတွေက ၄၀၀၀ ကျော်၊ ၄၀၀၀ လောက် မွေးထုတ်ခဲ့တာ၊ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်လဲ။ ဒီအာဏာရူးတွေနဲ့ အလုပ် တွဲမလုပ်ချင်လို့လား၊ ဒါမှမဟုတ် ချောင်အထိုးခံထားရတာလား။ ဒါကို ကာယကံရှင်တွေ ကိုယ်တိုင်ဘဲ သိမယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ကို ယှဉ်ပြီးလာမယ်ဆို လမ်းခုလတ်မှာဘဲ ဖြုတ်ပစ်ခဲ့တယ်။ ဗိုလ်ကျော်ဘ၊ ဗိုလ် ထွန်းကြည်၊ ဗိုလ်အေးသောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မျိုးညွှန့်၊ ဗိုလ်ခင်ညွှန့် တို့ကိုကြည့်၊ ပုခုံးချင်း ယှဉ်မယ်ကြံရင် ဖြုတ်ပစ် ခဲ့တာ။ “ဟုတ်ကဲ့ ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်” ဆိုတဲ့ လူတွေမှ ဒီစစ်ဗိုလ်ချုပ်တွေက သဘောကျတာ။

ဗိုလ်သန်းရွှေဆိုရင် အခု သူ့ကိုယ်သူ အလောင်းစည်သူမင်းကြီး သေလို့ ၀င်စားတယ်မှတ်နေတယ်။ သူ့ရဲ့ဇနီး ဒေါ်ကြိုင်ကြိုင် ကို အောက်လက် စစ်ဗိုလ်ကတော်တွေက မယ်မယ်ကြီးလို့ ခေါ်ရကြောင်း သူတို့အသိုင်းအ၀ိုင်းထဲမှာ ပြောနေကြတာ ကြား နေရတယ်။ ဒေါ်ကြိုင်ကြိုင် ရှိနေခိုက် အိမ်ထဲဝင်ရင် စစ်ဗိုလ်ချုပ်ကတော်တွေက လက်အုပ်ကလေးချီပြီး ခါးလေးညွှတ် ၀င်ရ တဲ့အကြောင်း၊ ပြန်ထွက်ရင်လဲ ၀င်လာတုံးကအတိုင်း လက်အုပ်ချီကာ နောက်ပြန်ဆုတ်ထွက်ရတဲ့အကြောင်း သိရတယ်။

စာရေးဆရာမြသန်းတင့်အပြောနဲ့ ပြောရရင် အင်းစိန် ဘ၀တက္ကသိုလ်မှာ ကျွန်တော်နေခဲ့တုန်းက အလုပ်သင်အပတ်စဉ် (၁၀) မှ ဗိုလ်မှူးတစ်ယောက်ဟာ ပင်စင်ယူပြီး စီးပွားရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရင်း ထောင်ထဲရောက်လာပါတယ်။ သူတို့ အသိုင်းအ၀န်းထဲကဆိုတော့ သူ့ရဲ့ ပြောပြချက်အရ အစိုးရ စက်ရုံတစ်ရုံရှိ ပစ္စည်းတစ်ခုခုကို ၀ယ်ယူဖို့ဆိုရင် ဒေါ်ကြိုင်ကြိုင်ဆီက ပါမစ်ရမှ ထုတ်ရတာ အဆင်အပြေဆုံးတဲ့။ အဲဒီ ပါမစ်တစ်စောင်ရဖို့ အဆင့်ဆင့် ပေးကမ်းပြီး တက် ရတယ်။ နောက်ဆုံး ဒေါ်ကြိုင်ကြိုင်ဆီမှာ အဆုံးသတ်တယ်။ ဒီတော့ ပစ္စည်းတစ်ခုဟာ မူလ၀ယ်ယူရမဲ့ ဈေးထက် (၈) ဆ လောက် ကုန်ကျပြီးမှ ကုန်သည်လက်ထဲကို ရောက်တယ်။

ပဲခူးရိုးမထဲက ကျွန်းသစ်တွေဆိုရင် ဒေါ်ကြိုင်ကြိုင်က ကွန်တိန်နာနဲ့ တစ်ကြိမ်ကို ၄၊ ၅၊ ၆ စီး သယ်ထုတ်တယ်။ လမ်းမှာ ဘယ်ဂိတ်မှ အဖမ်းအဆီး အစစ်အဆေး မရှိဘူး။ သာမန်အရပ်သားကတော့ အတိုအစလေး ယူလာရင်တောင် ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု အကြီးစား (အပက) ပုဒ်မနဲ့ ထောင်အကျဘဲ။ ဒီတော့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ဟာက ဈေးကွက် စီးပွားရေးစနစ် ဖြစ်တယ်။ အရင်စစ်ဗိုလ်ချုပ်ကြီးတွေ သူတို့ မကြိုက်တုန်းကတော့ ဘယ်လိုဘာသာပြန်လဲ ဆိုရင် “ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူအများစုအပေါ်တွင် စာနာမှု ညှာတာ ထောက်ထားမှု စသည့် ကောင်းမြတ်သော တရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ချယ်လှယ်ကြသော ၀ိသမ လောဘ သမားများ ၀ိသမစီးပွားရေးစနစ်ဆိုး” ဆိုပြီး ပြောခဲ့တယ်။ အခု ဒီစစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ဘဲ အရင်က သူတို့ ဘာသာပြန် ခဲ့တဲ့အတိုင်း သူတို့ လုပ်နေကြပြီ ဖြစ်ပါတယ်။

ဒီတော့ ယနေ့ တပ်မတော်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ ဆိုတာ တပ်မတော်သားတွေ အားလုံး သဘောပေါက် နားလည်သင့်ကြပြီလို့ ပြောချင်ပါတယ်။ တကယ်တော့ အောက်ခြေတပ်မတော်သားတွေ အားလုံးလည်း ပြည်သူနဲ့ အတူ စနစ်ဆိုးဒါဏ်ကို ခါးစည်းပြီး ခံနေရလို့ အခုဆိုရင် တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့က ရဲဘော် အကြပ်တွေဟာ နှုတ်ထွက်စာ တင်ကြတာမျိုး၊ အာဏာဖီဆန်ကြတာမျိုးနဲ့ စစ်အာဏာရှင်တွေကို တုံ့ပြန်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း တပ်မတော်ကို ချစ်တဲ့ တပ်မတော်သားဟောင်း တစ်ယောက်ပီပီ ယနေ့တပ်မတော်အား ပြည်သူချစ်တဲ့ ပြည်သူ့အကျိုးကို ဆောင်ကျဉ်းသော တပ်မတော် ဖြစ်စေလိုကြောင်း ရည်ရွယ်ရေးသား တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ တပ်မတော်သားအပေါင်း စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ကြပါစို့။ -

ဖိုးတရုတ်ဘလော့မှကူးယူတင်ဆက်သည်။

No comments:

Post a Comment