တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ သောကဗျာပါဒမီး တောက်လောင်နေပြီ
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်.....
စာဖတ်ပရိတ်သတ်များခင်ဗျား
စာဖတ်ပရိတ်သတ်များရဲ့ တောင်းဆိုချက်များအရ နှစ်သစ်နဲ့အတူ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်တွင် ပြည်တွင်းက သစ်သစ်ဆန်းဆန်း သတင်းများကို တင်နိုင်ဖို့ ကျွန်တော် ကိုဖိုးတရုတ်က စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျှက် ရှိပါတယ်။ ယခုတလော ဖြစ်ပွားနေတဲ့ တပ်တွင်း အရေးအခင်းများနဲ့ စပ်လျဉ်းပြီး စစ်အာဏာရှင်တို့ ပုန်းအောင်းပျော်မွေ့ရာ တောဇနပုဒ် ကြပ်ပြေး သတင်းရပ်ကွက်မှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းတစ်ပုဒ် ၀င်ရောက်လာပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေဟာ သူအကြောက်ရဆုံးဖြစ်တဲ့ တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် အသံဗလံများကြောင့် သောကဗျာပါဒမီး တောက်လောင်လျှက်ရှိကြောင်းကို စာဖတ် ပရိတ်သတ်များအား ကျွန်တော်ကိုဖိုးတရုတ်က နှစ်သစ်ကူးလက်ဆောင် အဖြစ် တင်ဆက် ပေးလိုက်ရပါတယ်။
(၁) အခုတလော နအဖဟာ တပ်မတော်အင်အား တောင့်တင်းအောင် ဆောင်ရွက်ရာမှာ ကုန်ကျစရိတ် ကြီးမားလှတဲ့ လေတပ်အင်အားကို နိုင်ငံခြားငွေ ဒေါ်လာ သန်းရာနဲ့ချီပြီး အကြီးအကျယ် ဖြည့်တင်းစီမံလျှက် ရှိပါတယ်။ ရုရှားလုပ် ခေတ်မီဂျက်တိုက်လေယာဉ် MIG – 29 များအပြင် ယခုတဖန် ရုရှားလုပ် ခေတ်မီဗျူဟာမြောက် ရဟတ်ယာဉ် MI – 24 နှင့် MI -35 များကို ၀ယ်ယူဖို့လည်း ပြင်ဆင် စိုင်းပြင်းလျှက်ရှိပါတယ်။ ဒါကြောင့် လေတပ်မှ စစ်သည် (၁၀၀) ခန့်အား နိုင်ငံခြားသို့ စေလွှတ်ရန်ရှိကာ စာမေးပွဲများ ကျင်းပပြီး ရွေးချယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
(၂) ယခုလို ဖြည့်တင်းပေးနေရလို့ တပ်မတော်ရဲ့ ဘတ်ဂျက် လှည့်ကစားမှုများကြောင့် ဦးပိုင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ စစ်ထောက်ချုပ်ရုံးနှင့် (ကက၀ယ်) ရုံးတို့ဟာ စာရင်းဇယား၊ ငွေပေးငွေယူများနဲ့ အလုပ်ရှုပ်ကုန်ကြပါတယ်။ အဲဒါတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် အောက်ခြေ အရာရှိ/ စစ်သည်များရဲ့ စားဝတ်နေရေးကို ဖြည့်တင်းမှုဟာ နဂိုကမှ နည်းပါးနေရတဲ့အထဲ အခုနောက်ပိုင်းမှာ ကျပ်တည်းသထက် ကျပ်တည်းလာကြောင်း စည်းလုံးခြင်းရဲ အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ အားထားရာ စူပါတပ်မများ ဖြစ်ကြတဲ့ မာနယ်ပလော ဌာနချုပ်အား တိုက်ခိုက်ခဲ့သော တပ်မ (၆၆) နှင့် ရန်ကုန်တိုင်း လုံခြုံရေး အမာခံ တပ်မ (၇၇) က အရာရှိ/ စစ်သည်များရဲ့ မကျေမနပ် တောင်းဆိုမှုလေသံများ ပြင်းထန်လာခဲ့ပါတယ်။ စစ်သည်တွေ အများစုက လစာ မလောက်ငှ တာရယ်၊ နယ်ခြားစောင့်တပ်က စစ်သည်ကို အခြေခံ လစာ ၄၀၀၀၀ ကျပ် ပေးထားပြီး ပင်မတပ်မတော်ရဲ့ တပ်များမှ စစ်သည်တွေကတော့ အခြေခံလစာ ၂၁၀၀၀ ကျပ်ဘဲ ရတာမို့ လစာကွာခြားချက် ကြီးမားမှုကြောင့် အခုလို မကျေနပ်ချက်များ ပေါက်ကွဲလာရခြင်း ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ အနေနဲ့က ငြိမ်းအဖွဲ့ တွေကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံကြဖို့ ဒီလို စည်းရုံးမြူဆွယ် ပေးကမ်းခြင်းဖြင့် ဗျူဟာဆင်ပေမဲ့ ငြိမ်းအဖွဲ့ကြီးတွေ အများစုဟာ လက်မခံကြသလို တပ်အတွင်းမှာလည်း ပေါက်ကွဲလာနေပြီဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ဗိုလ်သန်းရွှေခမျာ အရူးမီးဝိုင်း သောကဗျာပါဒမီး တောက်လောင်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာပါတယ်။ ကက (ကြည်း) ရုံးခန်းတစ်ခုလုံး အပ်ကျသံပင် မကြားရအောင် ငြိမ်ကုပ်နေကြရပြီး ဗိုလ်သန်းရွှေရဲ့ အရိပ်အခြေကို ကြည့်နေကြရပါတယ်။
(၃) နောက်ဆုံးတော့ ဗိုလ်သန်းရွှေက ပျားရည်နဲ့ဝမ်းချတဲ့ အနေနဲ့ တပ်မတော်သားတွေကို လစာတိုးပေးမယ့် အစီအစဉ်အား ရုတ်တရက် လုပ်ခိုင်းပါတော့တယ်။ အောက်ခြေစစ်သည် ရဲဘော်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိအား လစာပုံသေ နှစ်သောင်းကျပ်နှုန်းနဲ့ ရိက္ခာစိုငွေ တစ်နေ့ (၃၀၀) ကျပ်နှုန်းကို ယခုနှစ်ဆန်းမှ စတင်၍ တိုးမြှင့် ပေးခိုင်းပါတော့တယ်။ နာမည်ကြီး ထမင်းငတ် “တပ်မဲ့ဗိုလ်” ဖြစ်ကာ ပုခုံးပေါ် အပွင့်တွေနဲ့သာ ပြည့်နေပြီး ကျပ်တည်းနေရှာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်ကိုတော့ ဗိုလ်သန်းရွှေက မချန်ထားရဲတော့ဘဲ ပုန်ကန်မှာစိုးလို့ လစာတိုးတဲ့ အထဲ သူတို့ကိုပါ ထည့်ပေးထားလိုက်ရပါတယ်။ အဲဒီလို ရိက္ခာစိုငွေ ၃၀၀ ကျပ် ပေးလိုက်တာကြောင့် အောက်တိုဘာလကမှ ‘စ’ ပေးနေတဲ့ ထောက်ပံ့ကြေး တစ်နေ့ ၁၀၀ ကျပ်အား ဆက် ပေး/ မပေးနဲ့ ရိက္ခာခြောက် ကုလားပဲ၊ ငရုတ်သီး စတာတွေအတွက် ပေးနေတဲ့ ၄၈ ကျပ်အား ဖြတ်/ မဖြတ် ဆိုတာကိုတော့ စစ်ရုံးမှာပင် အကြေအလည် ဆွေးနွေးနေတုန်းဘဲ ဖြစ်ကြောင်း သိရှိရပါတယ်။ နမူနာအနေနဲ့ အောက်ခြေ အရာရှိများရဲ့ အခြေခံလစာ နှုန်းထားများနှင့် တိုးမြှင့်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြလိုက်ရပါတယ် -
(က) တပ်သား - မူလ (၂၁၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၄၁၀၀၀ ကျပ်
(ခ) ဒုဗိုလ် - မူလ (၁၀၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၁၂၀၀၀၀ ကျပ်
(ဂ) ဗိုလ် - မူလ (၁၂၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၁၄၀၀၀၀ ကျပ်
(ဃ) ဗိုလ်ကြီး - မူလ (၁၅၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၁၇၀၀၀၀ ကျပ်
(င) ဗိုလ်မှူး - မူလ (၁၈၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၂၀၀၀၀၀ ကျပ်
(စ) ဒုတိယ - ဗိုလ်မှူးကြီး - မူလ (၂၀၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၂၂၀၀၀၀ ကျပ်
(ဆ) ဗိုလ်မှူးကြီး - မူလ (၂၅၀၀၀၀ ကျပ်) မှ ၂၀၀၀၀ ကျပ် တိုးမြှင့် - ယခု ၂၇၀၀၀၀ ကျပ်
No comments:
Post a Comment