ondragstart="return false" onselectstart="return false"

Tuesday, August 7, 2012

အပစ်ရပ်ကာလ ဖားအံ ရွာသားများ အဓမ္မခိုင်းစေခံရ

အပစ်ရပ်ကာလ ဖားအံ ရွာသားများ အဓမ္မခိုင်းစေခံရ
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)

ကရင် လူ့အခွင့်အရေးအဖွဲ့ ကွင်းဆင်း လုပ်သားများထံမှ လက်ခံ ရရှိသည့် သတင်းပေး ပို့ချက်များ အရ ယခုနှစ် မတ်လမှ မေလ အတွင်း ဖားအံ ခရိုင်ရှိ ကျေးရွာအုပ်စုများ အတွင်း မြန်မာ့တပ်မတော်၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့ဝင်များက ရွာသားများကို အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။

အစိုးရစစ်တပ်အတွက် ပစ္စည်းထမ်းရန် ပေါ်တာငှားသည့် ကုန်ကျ စရိတ်ကို ရွာသားများထံ ကောက်ခံခြင်း၊ စစ်တပ်ပိုင် လယ်ယာမြေများကို
ထွန်ယက်စိုက်ပျိုးပေးရန် ရွာသားများကို အဓမ္မခိုင်းစေခြင်း၊ နယ်ခြားစောင့်တပ်အစီအစဉ်ဖြင့် တူးဖော်သည့် ရေတွင်း လုပ်ငန်းတွင် ရွာသားများသည် အခကြေးငွေ တပြားတချပ်မှ ရရှိခြင်း မရှိဘဲ ၀င်ရောက်လုပ်ကိုင်ရခြင်းစသည်တို့ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

၂၀၁၂ ခုနှစ်၊ မေလ - တပ်ရင်းမှူး ဒိဒိ အုပ်ချုပ်မှုအောက်ရှိ တပ်မတော် နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၁၇) ဇရပ်ဖြူစခန်းမှ စစ်သားများ သည် ၎င်းတို့တပ်ရင်းအတွက် အထမ်းသမား(၆) ဦး ငှားရမ်းပေးရန် ထီးဝါးဘလော ကျေးရွာအုပ်စု၊ ပ--- ရွာရှိ ရွာသားများကို အမိန့်ပေးခဲ့သည်။ အဆိုပါ အမိန့်ပေးချက်အရ ပ--- ရွာသားများသည် ကျပ်ငွေ ခြောက်သိန်း(၆၀၀,၀၀၀) အကုန်အကျခံပြီး အထမ်းသမားများကို ရှာဖွေငှားရမ်းပေးခဲ့ရပါသည်။

၂၀၁၂ ခုနှစ်၊ ဧပြီလ - ဖားအံ ခရိုင်ရှိ အတွင်းရှိ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၅၄၉)၊ (၅၄၇) နှင့် (၅၄၈) တို့သည် တနေးရှား မြို့နယ်အတွင်းရှိ ထီးဖိုးကျော၊ မြပဒဲနှင့် နော်တဘွဲ ကျေးရွာအုပ်စုနေ ပြည်သူများအား စစ်တပ်ပိုင်လယ်မြေကို သွားရောက် ထွန်ရက်ပေးရန် အမိန့်ပေးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်သူတဦးက ပြောသည်။ ကျေးရွာအုပ်စုတခုလျှင် လက်တွန်းလယ်ထွန်စက် ၁၂ စီး ယူဆောင်ခဲ့ရမည်ဟုလည်း အမိန့်ပေးခဲ့ပါသည်။
အဆိုပါ အမိန့်ပေးချက်အရ ရွာသားများသည် တပ်ရင်း (၅၄၇) နှင့် (၅၄၈) အခြေစိုက် စခန်းဘေးရှိ စစ်တပ်ပိုင် လယ်မြေများတွင် ကျေးရွာအုပ်စုတစုလျှင် ၁၀ ဧက နှုန်း ထွန်ယက်ကာ မျိုးစေ့ကျဲပေးခဲ့ရသည်။ အဆိုပါ ခိုင်းစေမှုများအတွက် စစ်တပ်က ရွာသားများကို လုပ်အားခ ပေးခြင်း၊ အစားအသောက်စီစဉ်ပေးခြင်း လုံးဝမရှိခဲ့ပေ။ သို့သော် လက်တွန်း လယ်ထွန်စက်တစီးစီအတွက် တရက်လျှင် ဓါတ်ဆီ ၃ ပုလင်း ပေးခဲ့ပါသည်။

အဆိုပါ စစ်တပ်ပိုင် လယ်မြေကို ထွန်ယက်စိုက်ပျိုးပေးရန် ခိုင်းစေခံရခြင်းသည် ၎င်းတို့အတွက် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့် နှစ် (၂၀) ကတည်းကစ၍ နှစ်စဉ်နှစ်တိုင်း လုပ်ပေးခဲ့ရခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။ တနေရှား မြို့နယ်အတွင်းရှိ အမည်မဖော်လိုသည့် ရွာသားတဦး၏ ပြောဆိုချက်အရ သူတို့ ထွန်ယက်စိုက်ပျိုးပေးခဲ့ရသည့် စစ်တပ်လယ်မြေရှိ စပါးများကို လာမည့် နိုဝင်ဘာလတွင် သွားရောက် ရိတ်သိမ်းပေးရဦးမည် ဖြစ်ကြောင်း သိရသည်။

ရွာရှိ သက်ကြီးရွယ်အိုများ၏ ပြောဆိုချက်အရ ယခုစစ်တပ်ပိုင် လယ်ယာမြေများသည် ယခင်က ၎င်းတို့နေထိုင်ခဲ့သည့် မြေနေရာများဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ် ၂၀ က ထိုမြေများကို တပ်မတော် က ၎င်းတို့ထံမှ အဓမ္မ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ မတ်လ - တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က တကော်ဘီး ကျေးရွာအုပ်စု၊ ဃ--- ရွာရှိ ရွာသားများကို ရေတွင်းတခုဆောက်လုပ်ခိုင်းခဲ့သည်။ DKBA က ဆောက်လုပ်ရေး ပစ္စည်းများ လှူဒါန်းခဲ့သော်လည်း အဆိုပါပစ္စည်းများကို ကော့ကရိတ် မြို့မှ ရွာသို့ ရွာသားများကိုယ်တိုင် ထော်လာဂျီယာဉ်ဖြင့် တစ်နာရီ ကျော်ကြာ ခရီးကို သယ်ယူခဲ့ရသည်။ ထို့ပြင် ရွာသားများကိုယ်တိုင် ရေတွင်းကို ပြီးဆုံးသည် အထိ ဆောက်လုပ်ပေးခဲ့ရသည်။ ရေတွင်းဆောက်လုပ်မှု ပြီးဆုံးသည့်အခါ DKBA က ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲနေ့တွင် DKBA က ရွာတွင် ဖဲဝိုင်းများစီစဉ်ပေးခဲ့ပြီး လာရောက်ကစားသည့် ရွာသားများထံမှ အကောက်ငွေ ကောက်ခံခဲ့ကြောင်းလည်း သိရသည်။

အထက်ပါသတင်းကို အင်္ဂလိပ် ဘာသာဖြင့်လည်း KHRG
အဖွဲ့၏ အောက်ပါ ၀ဘ်ဆိုဒ် လင့်ခ်တွင် ဖတ်ရှုနိုင် ပါသည်။
http://www.khrg.org/khrg2012/khrg12b59.html

2 comments:

Mu Mu said...

These groups is BGF. If we talk about BGF, Say exactly BGF. Do not include BGF from DKBA anymore.
People know BGF from DKBA already.

Mu Mu said...
This comment has been removed by the author.

Post a Comment