ondragstart="return false" onselectstart="return false"

Sunday, October 13, 2013

ဘားအံမြို့မအားကစားကွင်းမြေပေါ် ဟိုတယ်ဆောက်လုပ်မှုခွင့်ပြုသည့် ပြည်နယ်အစိုးရအပေါ် လူထုမှ ပြင်းထန်စွာကန့်ကွက်ရှုံ့ချ

ဘားအံ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့် တို့၏ အောက်တိုဘာ ၆ ရက်က ဘားအံမြို့မ အားကစားကွင်းရှိ အာဇာနည် ကျောက်တိုင် ရှေ့တွင် ပြုလုပ်သော လွှတ်တော် ကိုယ်စားလှယ် အတွေ့အကြုံ ရှင်းလင်းပွဲ၌ တက်ရောက် လာသည့် ရဟန်း သံဃာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ လူထုများက ယင်း ဘားအံမြို့မ အားကစားကွင်း မြေပေါ်တွင် မြဌေးကြွယ်လင်း ကုမ္ပဏီ အမည်ခံကာ ဟိုတယ် ဆောက်လုပ် နေခြင်း အပေါ် ကန့်ကွက်သည့် ကိစ္စရပ် များကိုသာ အဓိက ပြောကြားမှု ပြုခဲ့ကြပြီး ပြည်နယ်တွင်း ရဟန်း သံဃာများနှင့် ပြည်သူလူထု ကန့်ကွက် နေသည့်ကြားမှ ဟိုတယ် ဆောက်လုပ် ခွင့်အား ဆက်လက်ခွင့် ပြုခဲ့သော ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ၀န်ကြီးချုပ် တို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြခြင်း၊ အားကစားကွင်း မြေပြန်လည် ရရှိရန် ကြိုးပမ်းမှုများ မအောင်မြင်၍ ယခုမှ စတင်၍ ဥပဒေဘောင် အတွင်းမှ ပြည်သူ့ ဆန္ဒနှင့် အညီ ကန့်ကွက်မှုများ ပြုလုပ် ဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

ဘားအံ မြို့မ အားကစား ကွင်းသည် လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် အတွင်း ကပင် ယင်းအချိန်က အစိုးရ တာဝန်ရှိ သူများက အစိုးရ စီမံခန့်ခွဲ ပိုင်ခွင့်ရှိ မြေဖြစ်သည် ဟုဆိုကာ အစိုးရ အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက် မှုပြုလုပ် ခဲ့သော DKBA ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့၏ မြိုင်ကြီးငူ အထူးဒေသ၊ မြဌေးကြွယ် ကုမ္ပဏီ လီမိတက်ထံ ခေတ်မီ ကုန်တိုက်နှင့် ဟိုတယ်ဆောက် လုပ်ရန် လွှဲပြောင်း ပေးခဲ့သည်။

သို့သော် ယင်းကုမ္ပဏီမှ ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိဘဲ အဆင့်ဆင့် လက်လွှဲရောင်း ချမှုများ ပြုလုပ်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ် ခဲ့ကြသည်။ ထိုသို့ အဆင့်ဆင့် လက်လွှဲ ရောင်းချ ရာတွင် မြေတန်ဖိုးမှာ ကျပ်သိန်းပေါင်း သောင်းဂဏန်း ကျော်အထိပင် ဈေးနှုန်း ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ကရင်ပြည်နယ် ခရီးစဉ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောအောင် ကျော်နိုင်က အာဇာနည် ကျောက်တိုင်တည် ရှိသည့် အားကစားကွင်းနှင့် ပတ်သက်၍ ဖြစ်ပေါ် နေသည် များကို တင်ပြခဲ့ရာ ပြည်ထဲရေး ၀န်ကြီးဌာနက စိစစ် တွေ့ရှိပြီးနောက် အစိုးရ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေအဖြစ် ပြန်လည် သိမ်းယူရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြည်နယ် ၀န်ကြီးချုပ်ထံ အကြောင်း ကြားမှု ပြုလုပ်ခဲ့သည်။ သို့သော် ထိုအချိန်က လက်ဝယ် ပိုင်ဆိုင် ထားသော ငွေမိုးဟိုတယ် ပိုင်ရှင် ဦးမိုးကျော် ဖြစ်သော်လည်း မြဌေး ကြွယ်ကုမ္ပဏီမှ ယခုအချိန်တွင် ပြောင်းလဲ တိုးတက်လာသော အခြေအနေ များအရ ခေတ်မီ ကုန်တိုက်နှင့် ဟိုတယ်များတည် ဆောက်ရန်ဟုဆိုကာ ၂၀၁၃ ခုနှစ် မတ်လ အတွင်း ပြည်နယ် ၀န်ကြီး ချုပ်ထံ လိပ်မူ၍ ထောက်ခံချက် ပေးရန် တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိခဲ့ပြီး ဟိုတယ် တည်ဆောက်မှုများကို ယခုအချိန် အထိ ပြုလုပ်နေခြင်း ဖြစ်သည်။ ယင်းအပေါ်တွင် ပြည်နယ်တွင်းရှိ ရဟန်း သံဃာများနှင့် ပြည်သူလူထုက ကော်မတီများ ဖွဲ့စည်းကာ ဟိုတယ် တည်ဆောက်မှု ရပ်တန့်ရေး အတွက် အစိုးရနှင့် လွှတ်တော် များသို့ မေတ္တာရပ်ခံစာ ပေးပို့ တောင်းဆို မှုများ ပြုလုပ်ခဲ့သလို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း စေအွာက ၂၀၁၃ခုနှစ် သြဂုတ် လတွင် တစ်ကြိမ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ် လွှတ်တော်များတွင် မေးခွန်းများ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်နယ် အစိုးရ အဖွဲ့တို့က ပြန်လည် ရှင်းလင်းချက်များ ပြုလုပ် ခဲ့သော်လည်း ဥပဒေနှင့် အညီဟု ဆိုကာ ဟိုတယ် ဆောက်လုပ်မှုကို ဆက်လက် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အတွေ့ အကြုံရှင်းလင်းပွဲ ပြုလုပ်၍ ပြည်သူ့ ဆန္ဒကို ဖော်ထုတ်ကာ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ချမှတ်ခဲ့ကြသည်။

ယင်းကိစ္စ ရပ်တွင် ၎င်းမြေအား ပြန်သိမ်း ရမည် ဖြစ်သော်လည်း အမှန်တကယ် ပိုင်ရှင် မဟုတ်တော့ သော်လည်း ဥပဒေအရ မြေပြန် မသိမ်းနိုင်သည့် ကုမ္ပဏီ အမည်ခံကာ ဟိုတယ် ဆောက်လုပ်ခွင့်ကို တင်ပြ ခြင်း၊ ယင်းတင်ပြချက်ကို ကန့်ကွက်သူ မရှိ ဟုဆိုကာ ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက် များဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနထံ တင်ပြ ခွင့်ပြုချက် ရယူခဲ့ခြင်း၊ လူထု၏ ကန့်ကွက်မှုများ ရှိနေသော်လည်း အုပ်ချုပ်ရေးနှင့် စည်ပင် သာယာဌာန များက ကန့် ကွက်မှု မရှိကြောင်း ထောက်ခံချက် ပေးခဲ့ခြင်း၊ ၀န်ကြီးချုပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်သူ့ ဆန္ဒကိုမျက် ကွယ်ပြု၍ ဥပဒေမဲ့ ဆောင်ရွက်ခြင်း တို့သည် တရား ဥပဒေနှင့် အကျုံးမ၀င်၍ ပြည်သူလူထု က တရား ဥပဒေ အတွင်းမှ ကန့်ကွက်၍ ရသော နည်းလမ်း မျိုးစုံဖြင့် ကန့်ကွက်သွား ကြရန်နှင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များကလည်း လွှတ်တော်ပိုင်း ဆိုင်ရာမှ နောက်ဆုံး အခြေအနေ အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောကြားကာ ယင်းအစီအစဉ်များ အတိုင်း ဆောင်ရွက် သွားကြရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ ကြသည်။

ယင်းနေ့က အားကစားကွင်း နေရာသို့ ရဟန်း သံဃာများနှင့် ပြည်သူလူထု ထောင်ဂဏန်းကျော် တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များကို ဖိတ်ကြားထား သော်လည်း တက်ရောက် ခဲ့ခြင်း မရှိသလို ပြည်နယ် အစိုးရ အဖွဲ့မှာလည်း တက်ရောက် လာခြင်း မရှိပေ။ ပြည်နယ် အစိုးရ အဖွဲ့မှ ဦးစီး အရာရှိ ရာထူးရှိသူ တစ်ဦးသာ သတင်းရယူရန် တက်ရောက် လာခြင်း မျိုးကို တွေ့ရှိ ရသည်။ ယင်းအခမ်းအနားကို ပြည်သူများ ဆန္ဒ ထုတ်ဖော် နိုင်ရန် ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဘားအံမြို့ ရပ်မိရပ်ဖ များက စီစဉ် ခဲ့ကြခြင်း ဖြစ်သည်။
မြိုင်သဇင်ဆရာတော်
တို့လိုချင်တာ ဘောလုံးကွင်း လိုချင်လို့ မဟုတ်ဘူး။ ဘောလုံးကွင်း လိုချင်ရင် မြေတစ်ကွက် သွားဝယ်လိုက်ရင် အကျယ် ကြီးရပါတယ်။ ဒီနေရာဟာ သမိုင်းဝင်မှတ် တိုင်ဖြစ်နေတဲ့ အတွက်ကြောင့် ဒီဟာကို တော့မလုပ်ပါနဲ့။ သူတို့ ဟိုတယ်တို့ ဘာတို့ ဆောက်ချင်တယ် ဆိုရင် တခြားနေရာ ရှိပါတယ် ဆိုပြီးတော့။ မြေတွေအများကြီး သူတို့ ကိုယ်တိုင်ပဲ မနည်းဘူး။ ဒါကြောင့် ဘောလုံးကွင်း ဆိုတာ ကတော့ မဖြစ်စလောက် ကိစ္စလေး။ ဘောလုံးကွင်း ဆိုတဲ့ အမည် သုံးတာ။ တကယ်တမ်း တို့သုံးရမှာက ဒီဟာသည် သမိုင်းဝင်၊ ဒီမှာ အာဇာနည် ကျောက်တိုင် လည်းရှိတယ်။ ဗိုလ်ချုပ်တို့ လာပြီးတော့ ကရင်-မြန်မာ ချစ်ကြည်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်ဖြစ်ဖို့ တရား လာဟောသွား တဲ့နေရာ ဖြစ်သည့် အတွက်ကြောင့် ဒီနေရာ ကတော့ သမိုင်းဝင် အဖြစ်ထားဦးလို့ ပြောနေကြတာ။

မဂ္ဂင်ဆရာတော် စက်တင်ဘာ ၂၇ရက်နေ့ ဦးဇင်းတို့ မဲဘောင်ကျောင်းတိုက်ကြီးမှာ သံဃာအပါး ငွေမိုးကုမ္ပဏီမှ လှူဒါန်း ခဲ့သော အလှူ ငွေကျပ် သိန်း ၃၀ ကိုသံဃာတော်အများ၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် ပေးအပ်

၄၀၀ နည်းနည်း ကျော်မယ်။ သံဃာတွေ စုပြီးတော့ ဟိုတယ် ဆောက်လုပ်မှုနှင့် ပတ်သက် ပြီးတော့ မြို့ထဲမှာ ရှိနေတဲ့ လူထု ပရိသတ် ဘုန်းကြီးတို့ရဲ့ ဒကာမတွေ စိတ်မချမ်း မသာ ဖြစ်တယ်။
ပူပင်သောက ရောက်တယ်။ ကနေ့ လူငယ်က မသိပေမယ့် အသက် ၈၀ကျော် လူကြီးတွေက စိတ်မချမ်း သာဘူး။ သောက ရောက်တယ်။ ဒါကို ဘုန်းကြီးတို့ သံဃာတော်တွေ အနေနဲ့ စိတ်သောက ပြေပျောက် သွားအောင်၊ နောက်တစ်ချက် ဘုန်းကြီးတို့ရဲ့ ဆန္ဒ သဘောထားလေး ဘယ်လို ရှိသလဲ ဆိုတာ နိုင်ငံတော် အကြီးအကဲတွေ သိအောင် ဘုန်းကြီးတို့က ကျောင်းတိုက် အသီးသီး ကနေ မဲဘောင် ကျောင်းတိုက်မှာ စုတယ်။
စုပြီးတော့ အာဇာနည် ကျောက်တိုင် ကွင်းတစ် ပတ်ပတ်ပြီးတော့ ပရိတ် ရွတ်ပြီးတော့ စီတန်း လှည့်လည် ခဲ့တယ်။ အဲဒီလို စီတန်း လှည့်လည်ပြီး ပရိတ်ရွတ်ဖို့ စီစဉ် ထားတုန်းမှာ လူမှုရေး ၀န်ကြီး ဖြစ်တဲ့ ဦးချစ် လှိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလှိုင်၊ ရောက်လာပြီးတော့ ဘုန်းကြီးတို့ကို မေတ္တာရပ်ခံ တယ်။ အရှင်ဘုရား ဒီကနေ့ မြို့တွင်း စီတန်း လှည့်လည်ပြီးတော့ ပရိတ်ရွတ်တဲ့ အခမ်းအနား တပည့်တော်တို့ တားမြစ်ချင်လို့ မဟုတ်ပါဘူး။ ဟန့်တား ခြင်းလည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ဘေးပတ်ဝန်းကျင် ပယောကကြောင့် မမျှော်မှန်း နိုင်တဲ့ ဖြစ်ရပ်လေးတွေ ဖြစ်ပွားသွား နိုင်တယ်။ အဲဒီတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့ အနေနဲ့ ဒီကျောင်းတိုက်မှာပဲ ဒီအခမ်းအနားကို သိမ်းပေးလိုက်ရင် ကောင်းမယ် ဆိုပြီးတော့ လာရောက် လျှောက်ထားတယ်။
အဲဒီတော့ ဦးဇင်းတို့ သံဃာတွေ ကလည်း ပြန်ပြီးတော့ တိုင်ပင် လိုက်တာပေါ့။ ရာသီဥတုရဲ့ အခြေအနေ၊ ဘေးပတ်ဝန်းကျင် ပယောကရဲ့ အခြေအနေကို အာဏာပိုင် အဖွဲ့ကတော့ ဦးဇင်းတို့ကို လာရောက် လျှောက်ထားတယ်။ ဘုန်းကြီးတို့ ဘက်က ကိုယ့်ဒကာတွေ လျှောက်ထားတဲ့ အတွက်ကြောင့် ကိုယ့်ဒကာတွေရဲ့ ဆန္ဒကို လိုက်လျောပြီးတော့ ဒီအစီအစဉ် လေးကို ကျောင်းတိုက်မှာပဲ နိဂုံးချုပ် လိုက်မယ်။

ဒကာကြီးတို့ ဘက်က ဘာတွေများ လုပ်ပေး နိုင်သလဲ။ ဘုန်းကြီးတို့က မေးတော့ သီရိမဏ္ဍိုင် ကျောင်းက ဘုန်းကြီး ဦးတေဇောက မေးတယ်။ ခရိုင် အတွင်းရေးမှူးက ဘာပြောလဲ ဆိုတော့ ဒီနေ့ အခြေအနေအရ ပဋိပက္ခ ဖြစ်နိုင်တဲ့ အခြေအနေ လေးတွေကို ထောက်ထားပြီးတော့ တပည့်တော်က အစိုးရ အဖွဲ့ရဲ့ကိုယ်စား သူ့တစ်ဦးတည်း ဆန္ဒနှင့် ဟိုတယ် လုပ်ငန်းရှင်တွေကို ခေတ္တခဏ ရပ်ဆိုင်း ပေးမယ်လို့ ကတိ ပေးသွားတယ်။
မီဒီယာ တွေကလည်း ဦးဇင်းကို မေးတယ်။ တာဝန်ရှိတဲ့ သူတစ်ယောက် လျှောက်ထားတဲ့ အတွက်ကြောင့် ဦးဇင်းတို့က အခမ်းအနားကို မြို့တွင်းကို မလှည့်တော့ဘဲ မဲဘောင် ကျောင်းတိုက်မှာပဲ အခမ်းအနားကို ရုပ်သိမ်း လိုက်တယ်။ ရုပ်သိမ်း လိုက်ပြီးတော့ နှစ်ရက်မြောက် နေ့မှာ ဟိုတယ် ဆောက်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဦးဇင်း တစ်ပါးကားနဲ့ လှည့်ပြီးတော့ ကြည့်လိုက်တဲ့ အချိန်မှာ ဟိုတယ် ဆက်လက် ဆောက်နေ တာကို တွေ့ရပါတယ်။ ဦးဇင်းကိုလှမ်း အကြောင်းကြားတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးက ရပ်ဆိုင်း ထားတယ် ပြောပြီးတော့ အခု ဟိုတယ် ဆက်ဆောက် နေတယ်။ ဘုန်းကြီး ဘယ်လို ယူဆပါသလဲ။ ဒီလိုရှိပါတယ်။ ခရိုင် အုပ်ချုပ်ရေးမှူး အနေနဲ့ လတ်တလော ပြေငြိမ်းသွားအောင် သူ့ရဲ့တစ်ဦးတည်း ဆန္ဒနှင့် သူက ရပ်ဆိုင်း ခိုင်းတယ်။ သူ့ကိုလည်း အပြစ် ပြောလို့ မရပါဘူး။ လတ်တလော အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ် လိုက်တာပါ။
ပတ္တနိက္ကုဇ်္ဇိနကံ ဆောင်တယ်ဆိုတာ ဆိုဆုံးမရ ခက်ခဲသော ဒါယကာ များအား သံဃာတော်များက ရှင်းရှင်း လင်းလင်း ပြောရရင် သပိတ်မှောက် ကံဆောင်တယ်လို့ ခေါ်တာပေါ့။ ပတ္တနိက္ကုဇ်္ဇိနကံက လက်ရှိ ကရင်ပြည်နယ်ကို အုပ်ချုပ်တဲ့ အစိုးရများအား ၎င်းတို့ လှူဒါန်းတာကို ငြင်းပယ်ခြင်း၊ ၎င်းတို့ ပင့်ဖိတ်သော ကိစ္စရပ် များအား ငြင်းပယ်ခြင်း၊ အလှူ မခံခြင်း၊ အဆက်အဆံ မလုပ်တဲ့ကိစ္စတွေကို ပတ္တနိက္ကုဇ်္ဇိနကံလို့ ခေါ်တာပေါ့။ ရှင်းရှင်း လင်းလင်း ကတော့ သပိတ်မှောက် ကံဆောင်တာပေါ့။ ဒီကိစ္စကို ရဟန်း သံဃာတော် များကလည်း လုပ်တဲ့ ကိုင်တဲ့ နေရာမှာ တော်တော် ခက်ခက်ခဲခဲ ချင့်ချိန်စဉ်းစား ပြီးတော့ ဆုံးဖြတ်ရပါတယ်။ ကရင်ပြည်နယ် အစိုးရ ဆိုတာကလည်း တစ်ချိန်တုန်းက ဦးဇင်းတို့ ရဲ့ ပစ္စည်းလေးပါး လှူဒါန်းထားတဲ့ ဒါယကာ တွေပဲဖြစ်ပါတယ်။
ဟိုတယ် လုပ်ငန်းရှင် များနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များက တစ်ဖက်၊ ဒီဘက်က ကရင်ပြည်နယ် ထဲမှာရှိတဲ့ ဒေသခံ လုပ်သား ပြည်သူများနဲ့ ရဟန်း သံဃာတော်များက တစ်ဖက်၊ တွေ့ဆုံ ညှိနှိုင်းပြီးတော့ ရရှိလာတဲ့ အဖြေပေါ်မှာ မူတည်ပြီးမှ လုပ်ကြပါလို့ ဦးဇင်းက သံဃာတော်များကို မေတ္တာ ရပ်ခံပါတယ်။ ဦးဇင်း ကြားတာ ကတော့ ဒေသဆိုင်ရာ အာဏာပိုင် များကလည်းပဲ မိမိတို့ရဲ့ အပေါင်းအသင်း တွေဖြစ်တဲ့ ဟိုတယ် လုပ်ငန်းရှင် များနဲ့ ညှိနှိုင်း ပြီးတော့ ဦးဇင်းတို့ ဆရာတော် သံဃာတော် များနဲ့ ညှိနှိုင်း မယ်လို့ ကြားထား ပါတယ်။ အဲဒီ တော့ ကံဆောင်တဲ့ ကိစ္စက နှစ်ဦးနှစ်ဖက် ဒါမှမဟုတ်ရင် သုံးဦးသုံးဖက်ပေါ့ ညှိနှိုင်း တိုင်ပင်ပြီးမှ ရရှိလာတဲ့ အဖြေပေါ်ကို မူတည်ပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ဦးစောထားလုံ (ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး)
ကျွန်တော်တို့က ပြည်သူ လူထုနဲ့ ပြည်နယ် အစိုးရကြားမှာ နားလည်မှုလေး မကွဲရအောင် ကျွန်တော်တို့မှာ စေ့စပ်ပေး ရမယ့် တာဝန် ရှိတာ ပေါ့နော်။ အဲတော့ ကျွန်တော်တို့က အခုပြည်သူတွေ ကလည်း ဘောလုံးကွင်း ရရှိရေးကို ဒီနေရာ ရရှိရေး အတွက်ကို အရမ်းကြီးကို တက်ကြွ နေကြတယ်။ တစ်မြို့နယ်လုံး ပေါ့နော်။ တစ်မြို့နယ် လုံးတင် မကဘူး တစ်ပြည်နယ် လုံးလည်း ဖြစ်နေတယ်။ ပြီးတော့ ပြည်သူတွေ ပါမကဘူး သံဃာတော် တွေပါ ပါလာတဲ့ အခါကျတော့ ကျွန်တော်တို့က သံဃာတော်တွေနဲ့ ပြည်သူတွေ အမြင်ရှင်းအောင် ကျွန်တော်တို့ ဒီပွဲလေးကို ကျင်းပမှ ဖြစ်တော့မယ်။ ဒီပွဲကလည်း ပွင့်လင်း မြင်သာမှု ရှိတဲ့ အတွက်ကြောင့် တက်ရောက် လာတဲ့ သူတွေ ကလည်း ပွင့်ပွင့် လင်းလင်း မေးမြန်းနိုင်တယ်။ ကျွန်တော်တို့ ကလည်း သိရှိ သမျှကို ပွင့်ပွင့် လင်းလင်း ဖြေကြား ပေးမှာပေါ့။ အစိုးရ ဘက်မှာလည်း မနေဘူး။ ပြည်သူဘက် မှာလည်း ကျွန်တော်တို့ မနေဘူး။ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာ ကျွန်တော်တို့ နေတာ ပေါ့နော်။

ဒေါ်နန်းစေအွာ (ကရင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်)
ဒီကွင်းကြီး မူလအတိုင်း ဖြစ်ပေါ်ဖို့ ကြံ့ခိုင်ရေး အပါအ၀င် နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ ပေါင်းပြီး တောင်းဆို နေတာပါ။ အခုလို လူထုတွေရဲ့ အသံ တွေကိုလည်း သက်ဆိုင်ရာ ၀န်ကြီးတွေကို တင်ပြ ခဲ့ဖူးပါတယ်။ လူကြီးတွေက ကရင်ပြည်နယ် အကျိုး စီးပွားအတွက် ဟိုတယ် ဆောက်လုပ်ခွင့် ပေးထားတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အဖြေက ကရင် လူထု တစ်ရပ်လုံး လက်မခံ နိုင်တဲ့ စကားပါ။ ဒီအဆောက်အအုံကို ရပ်ဆိုင်း ပေးပါလို့ ဟန့်တား ထားနိုင်တာ ပြည်နယ် အစိုးရပဲ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေကတော့ ပြည်သူတွေရဲ့ အသံကို နိုင်ငံတော် သမ္မတထိ တင်ပြသွား မှာပါ။

ဦးမန်းကံညွန့် (ကရင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)
ဒီသမိုင်းဝင် ဘောလုံးကွင်းကို ဟိုတယ် ဆောက်လုပ်တာနဲ့ ပတ်သက် ပြီးတော့မှ ပြည်သူပြည်သား အားလုံးက မကျေနပ်ဘူး အဲလို မကျေနပ်တဲ့ အတွက် ကျွန်တော်တို့က ဆန္ဒဖော်ထုတ်ခြင်း လုပ်ငန်းကိုလည်း လုပ်လိုတယ်။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့အခါ ကျရင်လည်း ခွင့်ပြုချက် မရမှာလည်း စိုးတယ်။ ဥပဒေနဲ့ လွဲချော်သွားရင် အရေးယူ ခံရမှာလည်း စိုးတယ်။ အဲသလို စိုးရိမ်တဲ့ အတွက် ဒီဟာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ကျွန်တော်တို့ စဉ်းစားပါတယ်။
အဲဒီတော့ ကျွန်တော် တို့သည် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တယ်။ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တယ်ဆိုရင် ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဖို့ အတွက် ကျွန်တော်တို့မှာ ဆောင်ရွက် ပေးရမယ့် အခွင့်အရေး ရှိတယ်။ ပြည်သူ အားလုံးရော၊ ဆရာတော် အားလုံးရော ဟောဒီ မြဌေးကြွယ် အမည်ခံ ဦးမိုးကျော်ရဲ့ ငွေမိုးကုမ္ပဏီက ဆောက်နေတဲ့ ဟောဒီ အဆောက်အအုံကိုလည်း ထင်ထင် ရှားရှား မြင်ရမယ်။ ဒီအဆောက် အအုံကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း တစ်ခါတည်း အားလုံး မျက်ဝါးထင် ထင်တွေ့ရမယ့် အခြေအနေ မျိုးဖြစ်တဲ့ အတွက်ကြောင့် ဒီကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကိုညီညီ(ဘားအံ လူထု)
သမိုင်းဝင် နေရာ တစ်ခုကို အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်က ပြည်သူတွေ ကန့်ကွက်တဲ့ ကြားက ဆောက်လုပ်ရေး ကုမ္ပဏီကို ဘာကြောင့် ဆောက်လုပ်ခွင့် ပြုထားတာလဲ ဆိုတာ မေးခွန်း ထုတ်စရာ တစ်ခုပါ။ ပြည်သူ့ အသံလွှတ်တော် အသံလို့ ပြောနေကြပေမယ့် ပြည်သူတွေရဲ့ အသံကို အဆင့်ဆင့်သော ပုဂ်္ဂိုလ်တွေက မကြားတာလား၊ မသိကျိုးကျွန် ပြုနေတာလား ဆိုတာ အဖြေပေါ် နေပြီ။ အခု လွှတ်တော်ထဲ ရောက်သွားတဲ့ ပုဂ်္ဂိုလ်တွေ အားလုံးက ပြည်သူတွေ အားကိုး ယုံကြည်လို့ မဲပေးခဲ့တာ၊ တကယ့် အခက်အခဲလည်း ကျရော သူတို့တွေက လျစ်လျူရှုကြတယ်။

မစိမ်းမြမြ(ဘားအံ လူထု)
ကျွန်မ ဒီကွင်းကြီးကို ရောက်လာတာ ဘယ်သူ့ တိုက်တွန်းချက်မှ မပါဘူး။ လူထုရဲ့အသံတွေကို သက်ဆိုင်ရာ ၀န်ကြီးတွေ ကြားစေချင်လို့ ရောက်လာတာပါ။ ပြည်သူ ခေါင်းဆောင်ဆိုတာ လူထုရဲ့ သဘော ထားက ဘာလဲဆိုတာ လေ့လာဖို့ လိုနေပြီ။ ကရင်ပြည်နယ်မှာ လူထုက တင်မြှောက် လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေများစွာ ရှိပါတယ်။ ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့ အချိန်မှာ ပြည်သူတွေနဲ့ တစ်သားတည်း မရှိတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ သူတို့ မဲဆွယ်စဉ် ကာလက လူထုကို ဘယ်လိုပြော ကြားထား ခဲ့လဲဆိုတာ သူတို့ ကိုယ်တိုင် စဉ်းစားဖို့ လိုအပ် ပါတယ်။ နိုင်ငံရဲ့ နေ့ထူး နေ့မြတ် တွေမှာ မိသားစုနဲ့ အတူ ဒီအားကစားကွင်း ကြီးကို လာချင်ပါသေးတယ်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment