ondragstart="return false" onselectstart="return false"

Friday, July 17, 2015

နောက်တဆင့်သွားဖို့ အာမခံချက်ရှိပြီဆိုရင် မနက်ဖြန်လည်း ထိုးလို့ရတယ် – နော်စီဖိုးရာစိန်

By ရွှေအောင်

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ အပစ်ရပ် စာချုပ်မူကြမ်း အချောသတ်ရေးအတွက် ဇူလိုင် ၂၂ ရက်နေ့ ရန်ကုန်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးကြမလဲဆိုတာ နော်စီဖိုးရာစိန်ကို ဒီဗွီဘီ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဆရာမ (နော်စီဖိုးရာစိန်) တို့ တိုင်းရင်းသားအဆင့်မြင့်အဖွဲ့နဲ့ ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ ရန်ကုန်မှာ ဇူလိုင် ၂၂ ရက် တွေ့ကြတဲ့အခါ အဓိက ဘာတွေ ဆွေးနွေးဖို့ရှိလဲ။

“အဓိက ၃ ချက် ရှိတယ်၊ ပထမအချက်က အန်စီအေ (အပစ်ရပ်စာချုပ်) နဲ့ပတ်သက်လို့ ပြင်ဆင်ဖြည့်စွက်တဲ့ အကြောင်းတွေကို ဆွေးနွေးဖို့ရှိမယ်။ ဒုတိယအချက်က အန်စီအေမှာ ဘယ်သူတွေ လက်မှတ်ထိုးမလဲ၊ အဲ့ဒါကို ဆွေးနွေးမယ်၊ နောက်တချက်က အန်စီအေ လက်မှတ်ထိုးတဲ့အခါ ဘယ်သူက သက်သေအဖြစ် တာဝန်ယူဆောင်မလဲ။ အဲ့ဒါကို ကျမတို့ ဆွေးနွေးရမှာ ဖြစ်တယ်၊ ပြီးတော့ တခြား လိုအပ်တဲ့ အချက်အလက်တွေလည်း ဆွေးနွေးရမှာ ဖြစ်တယ်။”

ဟုတ်ကဲ့၊ အဲ့ဒီတော့ ကျနော်တို့ကြားထားတာက ဆရာမတို့ဘက်က လော်ခီးလာဆုံးဖြတ်ချက် ပြင်ဆင်ဖြည့်စွက်ကို ကိုင်ထားတယ်၊ အစိုးရဘက်က အဲ့ဒီအချက်တွေကို စည်းဝေးဆုံးဖြတ်ချက်ထဲ ထည့်ဖို့ သဘောထား မှတ်ချက်ပေးထားတယ်၊ အဲ့ဒီတော့ ဒီတကြိမ်မှာ အပစ်ရပ်စာချုပ်ကို အချောသတ်နိုင်ပါ့မလား။

“အန်စီအေ အချောသတ်နိုင်ဖို့တော့ ကျမတို့က မျှော်လင့်တာပေါ့လေ။ အချောသတ်နိုင်ဖို့ အဓိကအချက်ကတော့ နှစ်ဘက်စလုံးက ကျေနပ်လက်ခံတဲ့ အထိပေါ့လေ ဆွေးနွေးဖို့ လိုတယ်။ ပြီးတော့ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အန်စီအေထဲပါတဲ့ အရေးကြီးတဲ့အချက်တွေ၊ လိုအပ်တဲ့ အချက်အလက်တွေ ပါဝင်ဖို့ အရေးကြီးတယ်၊ အားလုံးအဆင်ပြေမယ်ဆိုရင်တော့ ဒါကို အချောသတ်ဖို့ ပြောလို့ရတာပေါ့။ အဲ့ဒါကို ကျမတို့က မျှော်လင့်တာပေါ့လေ။”

ဆရာမတို့ လော်ခီးလာညီလာခံကနေ စာချုပ်လက်မှတ်ထိုးတဲ့အခါ သမ္မတပါရမယ်၊ ကာကွယ်ရေးဦးစီးချုပ် ပါရမယ်၊ နောက်တခါ အသိသက်သေတွေအဖြစ် ကုလသမဂ္ဂပါရမယ်၊ အာဆီယံပါရမယ်၊ တရုတ်ပါရမယ်၊ ထိုင်းပါရမယ်၊ နော်ဝေ ပါရမယ် စသဖြင့် တောင်းဆိုထားတာ ရှိတယ်၊ နှစ်ဘက် ဆွေးနွေးကြတဲ့အခါ အကျေအလည် ညှိနှိုင်းကြဖို့ လိုမလား၊ ဘယ်လို ဖြတ်သန်းနိုင်မလဲ။

“ဒါကို ကျမတို့က ဆက်လက်ညှိနှိုင်းဖို့ ရှိတယ်၊ အစိုးရဘက်ကလည်း ဒါကို သိပ်မခက်ဘူးလို့ ပြောတာ ရှိတယ်။ ယုံကြည်တာကတော့ လက်ခံနိုင်မယ့်အပိုင်း ရှိတယ်ပေါ့။”

ဇူလိုင်လဆန်းပိုင်း ၀န်ကြီးဦးအောင်မင်းတို့နဲ့တွေ့တော့ ဆရာမတို့ဘက်က အခုအစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးလိုပါတယ်လို့ ပြောလိုက်တယ်။ ဆရာမတို့ဘက်က အစိုးရကို ဘယ်လောက် ယုံကြည်လို့ ဒီလို ထုတ်ပြောလိုက်တာလဲခင်ဗျ။

“ကျမတို့ ယုံကြည်မှု ဘယ်လောက်ရှိတယ်ဆိုတာတော့ ပြောလို့ မရဘူးပေါ့။ ယုံကြည်မှု တည်ဆောက်နေဆဲပဲ ဖြစ်တယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေလည်း အရေးကြီးတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ကျမတို့ ယုံကြည်လောက်နိုင်အောင် လုပ်လို့ရှိရင် ယုံကြည်တဲ့အပိုင်းက တဆင့်ပြီးတဆင့် တက်လာရမှာ ဖြစ်တယ်။”

နောက် ကျနော်တို့ကြားနေတာက အစိုးရဘက်က တအာင်း(ပလောင်)၊ ရခိုင်တပ်နဲ့ ကိုးကန့် ဒီ ၃ ဖွဲ့ကို ချန်ထားမယ်၊ ဆရာမတို့ ကိုင်ထားတာက အဖွဲ့အားလုံး အတူတကွ ပါဝင်လက်မှတ်ထိုးရေး၊ ဆိုတော့ အဲ့ဒီ ၃ ဖွဲ့ကိစ္စ ဆရာမတို့ ဘယ်လို ညှိကြမလဲ။

“အဲ့ဒါလည်း ကျမတို့ သွားဆွေးနွေးတဲ့အခါ ပါပါမယ်။ အန်စီအေမှာ ဘယ်သူတွေ လက်မှတ်ထိုးမလဲဆိုတာ၊ ကျမတို့ ပြီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာတော့ အားလုံးသဘောတူထားတာက အားလုံးပါဝင်ရေးပါ၊ အထူးသဖြင့် အန်စီစီတီအဖွဲ့ဝင် ၁၆ ဖွဲ့ ပါဝင်ဖို့က ချထားတဲ့ ဆုံးဖြတ်ချက်ရှိတယ်။ အားလုံး ပါဝင်နိုင်ဖို့ နည်းလမ်းကို ရှာရမယ်၊ နည်းလမ်းရှာပြီးတော့ ဘယ်လိုပါဝင်နိုင်မလဲ ဆိုတာကို ကြိုးစားပြီး လုပ်ဆောင်ရမယ်၊ အဲ့ဒီလို နည်းလမ်းရှာပြီး လုပ်ဆောင်ဖို့က ကျမတို့ တဘက်တည်း လုပ်ဆောင်လို့တော့ မရဘူး၊ အစိုးရဘက်ကလည်း တာဝန်ရှိတယ်၊ တိုင်းရင်းသားတွေမှာလည်း တာဝန်ရှိတယ်၊ တိုင်းပြည်တခုလုံးအတွက်ကို ကြည့်ပြီးတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးမှာ တာဝန်ရှိတယ်။”

တကယ်လို့ မပြေးသော်ကန်ရာရှိ ချန်ထားခဲ့မယ်ဆိုရင် ဘယ်လို ဆက်လုပ်မလဲ။

“ဘယ်လို နည်းလမ်းရှာရမလဲဆိုတာ ပြောလို့ မရသေးဘူး၊ အစိုးရနဲ့ ကျမတို့ ဘယ်လို နည်းလမ်းရှာပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မလဲ ဆိုတာ အရေးကြီးပါတယ်။”

အခု ဆရာမတို့ ဆွေးနွေးနေကြတုန်း ကချင်တို့၊ ကရင်တို့မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ အဲ့ဒီတိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဆရာမတို့ အစိုးရနဲ့ ပြောကြဆိုကြတာ ရှိလား၊ အခုလာမယ့် ရန်ကုန်ပွဲကျမှ ပြောဆို ဆွေးနွေးကြမှာလား။

“အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတုန်း တိုက်ပွဲတွေဖြစ်တဲ့အတွက် စိုးရိမ်မှုရှိတယ်၊ တနိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ် ရှောရှောရှူရှူ သွားနိုင်ဖို့အတွက်လည်း အနှောင့်အယှက် ဖြစ်တယ်၊ အစိုးရက နည်းလမ်းရှာပြီး ဘယ်လို လျှော့ချရမလဲ လုပ်ဖို့ တာဝန်ရှိတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ သူတို့ဘက်က အများကြီး စဉ်းစားပြီး လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်တယ်၊ တိုင်းရင်းသားဘက်က အများကြီး ကြိုးပမ်း လုပ်ဆောင်နေတာ ဖြစ်တယ်။ ဥပမာ တအာင်းကိစ္စ၊ အစိုးရက သူတို့ကို အန်စီအေ လက်မှတ်ထိုးဖို့ လက်မခံဘူး၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ တအာင်းအဖွဲ့တို့ကျ နည်းလမ်းရှာပြီး လုပ်ဆောင်တယ်၊ တအာင်းအဖွဲ့က သူတို့လည်း အန်စီအေ မှာ လက်မှတ်ထိုးချင်ပါတယ်လို့ ကြေညာချက်ထုတ်တယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ပါဝင်စားမှုကို ဖော်ပြတာ ဖြစ်တယ်။ စစ်တပ်က လာမတိုက်ဘူးဆိုရင် သူတို့က မတိုက်ပါဘူး၊ သူတို့ကို လာတိုက်ရင် ခုခံကာကွယ်ဖို့တော့ တာဝန်ရှိတာပေါ့လေ၊ အဲ့ဒီလိုမျိုး ရှိတော့ အစိုးရဘက်က ဒါကို စဉ်းစားဖို့ လိုတာပေါ့။ နှစ်ဘက်စလုံးက တိုင်းပြည်ကောင်းအောင်လုပ်ဖို့ စဉ်းစားမယ်ဆိုရင်တော့ ကောင်းတာပေါ့လေ။”

အခု ဇူလိုင်လဆန်းမှာပဲ ကရင်ပြည်နယ်ထဲ ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ပြန်ဖြစ်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်မှာစိုးတယ်လို့ ဆရာမတို့ ကေအန်ယူက ကြေညာချက်ထုတ်တာလည်း တွေ့ရတယ်၊ ဒါ့အပြင်ပေါ့ တိုက်ပွဲတွေ ကျယ်ပြန့်မသွားအောင် အစိုးရနဲ့ ထဲထဲဝင်ဝင် ဆွေးနွေးတာမျိုး ရှိလား။

“တိုက်ပွဲတွေ ထပ်မဖြစ်အောင် အစိုးရဘက်ကိုရော၊ ဒီကေဘီအေဘက်ကိုပါ နှစ်ဘက်စလုံးကို တိုက်တွန်း ပြောဆိုတာ ရှိတယ်။”

အခု ဆရာမတို့သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ဒေသခံလူထု၊ အရပ်ဘက်အဖွဲ့အစည်းတွေ သူတို့ ပါဝင်မှုက အားရဖို့ကောင်းလား။

“သူတို့ ပိုပြီးတော့ ပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ ကျမ မြင်တယ်။ တချို့ပြည်သူတွေ၊ တချို့ လူထုတွေဆီက အမျိုးမျိုးကြားခဲ့တာတွေ ရှိတယ်။ တချို့က မြန်မြန်ဆန်ဆန်ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြတယ်၊ တချို့ပါတီတွေက အန်စီအေက မြန်မြန်ဆန်ဆန်မပြီးဘူးလို့ တိုင်းရင်းသားဘက်ကို အပြစ်တင်တာလည်း ရှိတယ်။ ကျမတို့ တိုင်းရင်းသားဘက်က အပစ်အခတ်ရပ်စဲရေးကို အသေအချာလုပ်ဖို့ လိုတယ်။ ဒါကို ပြည်သူလူထုလည်း သိဖို့လိုတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အာမခံချက်တွေ ရှိမှပဲ ဒါကို လက်မှတ်ထိုးဖို့ လိုအပ်နေတယ်။ အာမခံချက် မရှိဘဲ လက်မှတ်ထိုးမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက စာရွက်ပေါ်မှာပဲ ရှိမယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ တအားကုန်ကြိုးပမ်း လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူလူထု သိစေချင်ပါတယ်။ ကြိုးစားလုပ်ဆောင်တဲ့အခါမှာ ကျမတို့ သေသေချာချာ လုပ်ဖို့ လိုတယ်။ ဘာဖြစ်လို့ သေသေချာချာလုပ်လဲဆိုရင် တိုင်းရင်းသားတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေက အစိုးရ အဆက်ဆက်ပေါ်မှာ ရှိတယ်။ တချို့တွေက စာရွက်ထဲမှာ လက်မှတ်ထိုးထားတာမျိုးရှိတယ်။ တကယ်တမ်း ကတိမတည်တာတွေ ရှိတယ်။ နောက်ထပ်စာချုပ်တခု ရဖို့အတွက်တော့ ကျမတို့ သေသေချာချာလုပ်ဖို့ လိုတယ်၊ သေသေချာချာလုပ်တဲ့အခါမှာ အချိန် မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူး။ အစိုးရဘက်ကတော့ သူတို့က မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုတယ်။ သူတို့က ဒီ ရွေးကောက်ပွဲမတိုင်မီ လုပ်ဖို့လိုတယ်။ ဒါပေမယ့် ကျမတို့ တိုင်းရင်းသားဘက်ကတော့ အချိန်က အရေးကြီးတာ ကျမတို့ နားလည်တယ်၊ လက်ခံတယ်။ ဒါပေမယ့် အချိန်ထက် အချက်အလက်တွေကို ပိုပြီး အရေးကြီးတယ်ဆိုတာ ပြည်သူလူထု သိဖို့ လိုတယ်။ နောက်တဆင့်သွားဖို့ အာမခံချက်ရှိပြီဆိုရင် မနက်ဖြန်လည်း ထိုးလို့ရတယ်၊ အဲ့ဒါကို အားလုံးသိဖို့ လိုတယ်။”

ဒေသခံလူထုဘက်ကလည်း ဘာတွေများ ဒီလောက်ဆွေးနွေးနေကြလို့ ဒီလောက်ကြာနေရတာလဲလို့ မေးချင်ကြမှာပဲ။ အစိုးရနဲ့ ဆွေးနွေးနေတာ ဒီအချက်တွေ ကျန်နေသေးလို့ ဆိုတာမျိုး ဆရာမတို့ဘက်က လူထုကို ချပြတာ ရှိလား။

“ရှိတော့ရှိတယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိဘူး။ ကျယ်ကျယ်ပြန့်ပြန့်တော့ မဖြန့်နိုင်ဘူးပေါ့။ ဒါပေမယ့် ကြိုးစားပြီးတော့ ကျမတို့အဖွဲ့အစည်းတွေ လူထုကို ချပြပါတယ်။”

ဆရာမတို့ ဆွေးနွေးပွဲနဲ့တော့ မဆိုင်ပါဘူး၊ အခု ရွေးကောက်ပွဲလုပ်ပြီးရင် အစိုးရအဖွဲ့သစ် ပေါ်လာတော့မယ်။ အစိုးရအဖွဲ့သစ်ကို မျှော်လင့်ချက် ရှိလား။

“မျှော်လင့်ချက်ကတော့ သိပ်မထူးဘူးပေါ့လေ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာပဲ တက်လာမယ့် အစိုးရနဲ့ အခု အစိုးရကတော့ အတူတူပဲလို့ ကျမတော့ ယူဆတယ်။”

နောက်ဆုံးမေးခွန်းပါ၊ အခု လပိုင်းအတွင်းမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်မလား။

“ထိုးနိုင်မလားဆိုတာကတော့ ကျမတို့ ဆွေးနွေးချက်အပေါ် မူတည်တယ်၊ အစိုးရအပေါ်မှာပဲ မူတည်တယ်၊ စစ်တပ်အပေါ်မှာပဲ မူတည်တယ်လို့ ကျမ ပြောချင်တယ်။”

No comments:

Post a Comment