ondragstart="return false" onselectstart="return false"

Tuesday, October 13, 2015

စစ်အုပ်စုရဲ့အောင်ပွဲ

ဆောင်းပါး - အဂ္ဂ

၂၀၀၈ ဥပဒေကမွေးထုတ်လိုက်တဲ့ စစ်တပိုင်းလွှတ်တော်ကို အဲန်အဲလ်ဒီကပါဝင်အလှဆင်ပေးလိုက်တဲ့ ၂၀၁၂ခုကစပြီး နိုင်ငံတကာအကြား စစ်အုပ်စုရဲ့တရားမ၀င်မှုဟာ တခန်းရပ်သွားခဲ့တယ်။ စစ်အုပ်စုရဲ့နှစ် ၆၀ကျော်ကြာကျူးလွန်ခဲ့တဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးချိုးဖေါက်မှု တွေအားလုံးနီးပါးကိုလဲ နိုင်ငံတကာက ခ၀ါချပေးလိုက်ကြတယ်။ ၀ိုင်းဝန်းပိတ်ဆို့မှုတွေ အစား သူ့ထက်ငါ အလုအယက်စီးပွားလာရှာကြတဲ့ခေတ်ကို ရောက်လာတယ်။ တရားမျှတမှုရှိတာမရှိတာ၊ ဒီမိုကရေစီကျတာမကျတာ၊ဟုတ်တာမဟုတ်တာ တွေကိုအရံ အဖြစ်ထားပြီး ရင်းနှီးမြုပ်နှံနိုင်လောက်တဲ့ နိုင်ငံရေးတည်ငြိမ်မှုတနည်းနည်းနဲ့ရလာတာကိုသာလျှင် လိုချင်နေကြတဲ့ စီးပွားရေးလောကရဲ့တွေးခေါ်မျှော်မြင်နည်းတွေဟာ သိုင်းပတ်လွမ်းခြုံလာတယ်။

အကောင်းဘက်ကကြည့်ရင် ပိတ်ဆို့မှုတွေရပ်တန့်လိုက်တာကြောင့် ပြည်သူလူထုအများစု ရဲ့ဆင်းရဲကြပ်တည်းမှုအခြေအနေဟာ အလွန်ဆိုးယွားနေတဲ့အဆင့်ကနေ သာမန်ဆိုးဝါးတဲ့ အဆင့်ကို တက်လာနိုင်တာပါ။ တကယ်တော့ ဒီကောင်းမှုဟာ နိုင်ငံတကာမှာ စစ်အုပ်စုရဲ့တရားမ၀င်ဖြစ်နေတဲ့ အနေအထားကို အဲန်အဲလ်ဒီကနေ ၀င်ရောက်ပူးပေါင်းတဲ့နည်းနဲ့ကူညီလိုက်ရာကနေရရှိလာတဲ့ အကျိုးအမြတ်တွေပါ။
၂၀၁၂ မှာ အဲန်အဲလ်ဒီကလွှတ်တော်ကိုဝင်ရောက်ပူးပေါင်းတာ မရှိဘဲတင်းခံခဲ့ရင် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတကာက စစ်အုပ်စုကို ခုထိအသိအမှတ်ပြုမဟုတ်သေးပါဘူး။

ဒီတော့ချုပ်လိုက်ရင် အဲန်အဲလ်ဒီဟာ စစ်အုပ်စုရဲ့ကျေးဇူးရှင်ပါဘဲ။
လူထူအကျိုးရှေ့ထားပြီး အဲန်အဲလ်ဒီကနေ အထက်ပါ ၂၀၁၂ နိုင်ငံရေးအရွေ့ကွေ့ကြောင်းကြီးကို ဖန်တီးလိုက်တဲ့နောက်ပိုင်းမှာ အားလုံးက ဇေ-ပိ ဇေ-ပိ ဂါထာကို နှုတ်ငုံဆောင်လာကြတဲ့ နိုင်ငံရေးလောကတခုလုံး ရန်-ငါ စည်း ပေါက်ပြဲသွားခဲ့တယ်။ တကယ်တော့လဲ လွှတ်တော်တခုထဲမှာရှိနေကြတဲ့ နိုင်ငံရေးအင်အားစုတွေဟာ ရန်ဘက်အဆင့်ကနေ ပြိုင်ဘက်အဆင့်ကိုပြောင်းသွားခဲ့ပြီဘဲ။ ဒါရဲ့အကျိုးဆက်အဖြစ် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်အုပ်စုရဲ့ရန်ဘက်အဖြစ် ဆက်လက်ရပ်တည်ပေးနေရတဲ့ အနစ်နာခံနေရမှုကြီးကို မိမိတို့ရဲ့ကျောပေါ်ကနေခွာထုတ်ဖို့ကျိုးစား လာကြတော့တယ်။ ဒီအထဲမှာ ကေအဲန်ယူက ထင်သာမြင်သာအရှိဆုံးပေါ့။ အမေရိကန်သမတ လင်ကွန်းရဲ့အဆိုအမိန့်တခုဖြစ်တဲ့ ‘ရန်သူကိုမိတ်ဆွေလုပ်ပစ်တဲ့နည်းနဲ့အနိုင်ယူ’ ကို နိုင်ငံရေးလက်နက်အဖြစ်စတင်ကျေညာအသုံးချလာကြတယ်။ အမှန်က လင်ကွန်းပြောတဲ့ရန်သူဆိုတာက သူနဲ့လွှတ်တော်တခုထဲ အစိုးရတဖွဲ့ထဲမှာ လုပ်နေပြီး အယူအဆတချို့ကွဲပြားတဲ့ ကာကွယ်ရေးဝန်ကြီး ကိုဆိုလိုတာဖြစ်တယ်။ ကေအဲန်ယူနဲ့ မြန်မာအစိုးရလို စစ်ရေးနိုင်ငံရေး အဖွဲ့အစည်းရေး အမျိုးသားရေး ဘက်အားလုံးက တရားဝင်ရန်သူဖြစ်နေကြတဲ့အနေအထားနဲ့ မနှိုင်းယှဉ်သာအောင် ကွဲပြားခြားနားလှပါတယ်။

ဒါကိုမမြင်နိုင်တာကလဲ လက်ရှိကရင့်နိုင်ငံရေးရဲ့အဆင့်အတန်းဖြစ်နေတာပါဘဲ။
ဖြတ်ပြောရရင်တော့ အထက်ပါ အဲန်အဲလ်ဒီခင်းကျင်းပေးလိုက်တဲ့လမ်းကြောင်းပေါ် ကေအဲန်ယူရောက်လာတယ်။ အဲလိုရောက်လာပေမဲ့ အဲန်အဲလ်ဒီကို ၀င်အားဖြည့်တဲ့အပိုင်းကမဟုတ်ဘဲ စစ်အုပ်စုဘက်ကို မရမက ၀င်ပူးပေါင်း အသုံးတော်ခံတဲ့အနေအထားမျိုးဖြစ်တယ်။ ဖက်ဒရယ်နိုင်ငံတော်စနစ်ပြောင်းလဲဖွဲ့စည်းရေး ဖက်ဒရယ်တပ်မတော်အဖြစ်ပြောင်းလဲရေးအတွက် တောင်းဆိုလာကြတဲ့ ဘ၀တူတိုင်းရင်းသားတွေရဲ့စည်းလုံးမှုကို သပ်လျှိုဖြိုခွင်းရေးမှာ စစ်အုပ်စုဟာ ကေအဲန်ယူကို သူလျှိုအဖွဲ့အစည်းအနေအထားအဖြစ်ဖန်တီးအသုံးချနိုင်လာတယ်။

ဒီအခြေအနေတွေကို အဲန်အဲလ်ဒီကလဲ ဘယ်လိုမှ ထိမ်းသိမ်းနိုင်စွမ်းမရှိတော့ဘူးဖြစ်နေတယ်။
တကယ်လို့ ၂၀၁၅ရွေးကောက်ပွဲကို အဲန်အဲလ်ဒီက မဲအပြတ်အသတ်နဲ့အနိုင်ရတယ်ဘဲဆိုပါစို့
၂၀၀၈ ခြေ-ဥကို ပြင်ဆင်နိုင်တဲ့ အာဏာကိုမရနိုင်ပါဘူး။ အရေးကြီးတဲ့ဥပဒေတခုပြင်ဖို့ လွှတ်တော်မှာ ၇၅% ထောက်ခံရမယ် ပြီးရင် ပြည်သူ့ဆနခံယူပွဲအရ ပြည်သူအများစုထောက်ခံမှုကိုယူရမယ်။ ဒီနေရာမှာ အထင်းသားကြီးတွေ့နိုင်တာက စစ်တပ်က လွှတ်တော်ရဲ့နေရာ ၂၅% ကိုပိုင်ဆိုင်ထားတဲ့နောက် အဲန်အဲယ်လ်ဒီအတွက် ဘယ်လိုလုပ်ပြီး ၇၅% ရနိုင်တော့မှာလဲ။ ကြံ့ဖွတ်ကလဲ ရှုံးသွားရင်တောင်မှ အနဲဆုံး ၁၀%လောက်ရနေဦးမှာလေ။ ပြီးတော့ တခြားပါတီတွကရော အနဲဆုံး ၁၅ နေရာလောက်တော့ရကြမှာပါ။
နောက်ဆုံးချုပ်လိုက်ရင် မြန်မာပြည်ရဲ့နှစ် (၆၀)ကျော်ကြာ နိုင်ငံရေးအကြတ်အတည်းကြီးမှာ ဒီတချီတော့ စစ်အုပ်စုရဲ့အောင်ပွဲနဲ့တခန်းရပ်သွားတော့မဲ့ ဇာတ်လမ်းပါဘဲလား။

No comments:

Post a Comment