ondragstart="return false" onselectstart="return false"

Sunday, October 18, 2015

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် တွေ့ဆုံခြင်း

Saturday, 17 October 2015

ကရင်အမျိုးသား အစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီမှာ တစ်ချိန်က ကရင်ပြည်နယ် တိုက်ပွဲများတွင် မြန်မာ့တပ်မတော် စစ်ကြောင်းများ ဝေးဝေးရှောင်ခဲ့ရသော တိုက်ရည်ခိုက်ရည် နာမည်ကျော်ခဲ့သည့် ကရင် တော်လှန်ရေးခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သည်။ ယခုအခါ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရာတွင် ရှေ့ဆုံးကပါဝင်သော ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် The Voice တို့ နေပြည်တော်တွင် တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။



Voice - KNU အနေနဲ့ အစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် တိုက်ခဲ့ပြီး ၂၀၁၂ မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တယ်။ ဒီအပစ် ရပ်ထားချိန် သုံးနှစ်အတွင်းမှာ ပဋိပက္ခတွေက တကယ်ပဲ သိသိသာသာ လျော့ကျသွားခဲ့ သလား။ ခုတစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ထပ်ပြီး လက်မှတ်ထိုးတော့ရော ဘာတွေ ပိုထူးခြားလာမလဲ သိပါရစေ။

KNU - အပစ်အခတ်လည်း နည်းသွားတယ်။ အရင်ကလို မဟုတ်တော့ဘူး။ တိုက်ပွဲကတော့ ကြိုကြားကြိုကြားနဲ့ နားလည်မှု လွဲတဲ့အပေါ်မှာ တချို့ရှိတာပေါ့။ အကျိုးရှိတာလည်း ရှိတယ်။ အဆိုးနဲ့ အကောင်း ဒွန်တွဲနေတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကောင်းလာတာပေါ့။ ကျွန်တော်တို့ ပြည်သူလူထု အေးအေးဆေးဆေး နေရတယ်။ ဟိုး ၂၀၁၂ ခုနှစ်တုန်းကတော့ ပဏာမ သဘောတူညီချက်။ ကျွန်တော်တို့ တိုင်းရင်းသားလည်း ငြိမ်းချမ်းရေး လိုချင်တယ်၊ လက်ရှိအစိုးရလည်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတော့ နှစ်ဖက်လုံး အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေး ပြောလို့ရမယ်။ အပစ်အခတ်ရပ်စဲရေး ဆိုတာ နိုင်ငံရေး စကားပြောဖို့ပဲ။ တကယ်လို့ အပစ်ရပ် မလုပ်ထားဘူး ဆိုရင် နိုင်ငံရေးစကားပြောလို့ ဘယ်ရမလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတော့ ကျွန်တော်တို့ မီချင်မှမီမယ်။ တော်တော်ကြာဦးမယ်။

Voice - အစိုးရနဲ့ KNU အပစ်အခတ်ရပ်စဲရေး လုပ်တော့ KNU မှာရှိတဲ့ တပ်မဟာတချို့က သဘော မတူဘူးလို့ ကြားရပါတယ်။ အဲဒါ တကယ်ပဲ ဟုတ်ပါသလား။

KNU - ဒါက လူဆိုတော့ အမြင်မတူတာ ရှိမှာပေါ့။ ဒါပေမဲ့လူနည်းစုပါပဲ။ သူတို့က အမြင်မတူဘူး၊ သူ့စိုးရိမ်မှုနဲ့ သူပေါ့လေ။ ကျွန်တော်တို့ လက်မှတ်ထိုးပြီး လိုချင်တဲ့ ဟာကို တောင်းတဲ့နေရာမှာ တောင်းတာလည်း တောင်းတာပေါ့။ နေ့ချင်းညချင်းတော့ ဘယ်ဖြစ်မလဲ။ ဖြည်းဖြည်းချင်း ဖြစ်လာမယ်။

Voice - ဗိုလ်ချုပ်မြ ရှိစဉ်တုန်းက ဦးခင်ညွန့်နဲ့ တစ်ခါ ငြိမ်းချမ်းရေးဆွေးနွေးတာ မှတ်တမ်းတွေရှိတယ်။ စစ်ဦးစီးချုပ်လည်း ပါတယ်ဆိုတော့ အဲဒီတုန်းက ဆွေးနွေးတာသည် ဘာကြောင့် မအောင်မမြင် ဖြစ်သွားတာလဲ။

KNU - ဟိုတုန်းက တစ်ခါပဲ တွေ့ဖူးတာကိုး။ လက်မှတ် မထိုးနိုင်ဘူး။ ဟိုတုန်းကတော့ အခြေအနေက တစ်မျိုးကိုး။ သွားတွေ့တော့ တစ်ခါပဲတွေ့တယ် ခုလိုများများမှ မတွေ့တာ။ ဟိုတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခုလိုမဟုတ်ဘူး။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဥပဒေဘောင် အတွင်း ဝင်ရောက်ပါဆိုတော့ ကျွန်တော်တို့က လက်နက်ကိုင်လမ်း မစွန့်လွှတ်ဘူးလေ။ စောဘဦးကြီးမူ အတိုင်းပဲ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ရှိရမယ်၊ ကရင့် ကံကြမ္မာ ကရင်ဖန်တီးမယ်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတော့ ထပ်မတွေ့ဖြစ်တော့ဘူး မအောင်မြင်ဘူးပေါ့။

Voice - ဗိုလ်ချုပ်ကြီးတို့အနေနဲ့ အစိုးရကို ဆယ်စုနှစ် များစွာ တိုက်ခိုက်လာပြီး ခုချိန်မှ ငြိမ်းချမ်းရေး ဆွေးနွေးတာသည် လက်ရှိမှာ KNU အနေနဲ့ အရင်ကလို အင်အားကြီးအဖွဲ့ မဟုတ်တော့လို့ ငြိမ်းချမ်းရေးစကား ပြောလာရတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ကြားပါတယ်။ KNU က တကယ်ပဲ အားနည်းသွားပြီလား။

KNU - မနည်းသွားဘူး။ အရင်က ကျွန်တော်တို့လည်း တစ်ဖွဲ့တည်း တိုက်လာတာပဲ။ အရင်ကဆို KNU က အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) နဲ့ အောင်ပွဲခံမယ် ဘာညာနဲ့ တစ်နေ့ကျတော့ သူလည်းသွား ကိုယ်လည်းသွား ကရင်တစ်ဖွဲ့ပဲ ကျန်တယ်။ အစိုးရနဲ့ ဒီလိုပဲ ဆက်တိုက်လာတာ ၁၇ နှစ်ခံတာပဲ။ မပြုတ်ပါဘူး။ အခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ်။ စစ်ရေးနဲ့ ဖြေရှင်းလို့မရဘူး ဆိုတော့ အစိုးရလည်း သဘော ပေါက်မယ်၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်လည်း သဘောပေါက်မယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှ။ နေ့ချင်းညချင်းတော့ ဘယ်ဖြစ်မလဲ။ ဖြည်းဖြည်း သွားရမှာပေါ့။

Voice - နောက်ပြီးတော့ KNU အနေနဲ့ အစိုးရနဲ့ သိပ်ပြီး နီးကပ်လွန်းတယ်။ လက်ရှိအနေအထားမှာ အစိုးရနဲ့ တပ်မတော်သည် သိပ်မယုံရသေးတဲ့ ပုံစံလို့ ပြောတဲ့အပေါ်မှာ အစိုးရ၊ တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး အပေါ် ရှင်းပြပေးပါ။

KNU - ဒါတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင် မတူကြဘူးလေ။ ကျွန်တော်တို့က ဟိုးတိုက်ပွဲမှာ နှစ် ၆၀ ကျော် အတွေ့အကြုံရှိထားပြီ။ ဒီနှစ် ၆၀ မှာ ကျွန်တော်တို့ ပြည်သူလူထုလည်း အဆင်းရဲဆုံး။ ဒီအစိုးရနဲ့ တိုက်တာ ပြည်သူလူထုလည်း ဒုက္ခရောက်တယ်။ နှစ်ဖက်လုံးပေါ့ စစ်ရဲ့အနိဋ္ဌာရုံကို အားလုံးခံစားရတယ်။ နှစ်ဖက်လုံး သေကြတယ်၊ စီးပွားချွတ်ခြုံကျတယ်၊ တိုင်းပြည်လည်း ဆင်းရဲတယ်မဟုတ်လား။ အနှစ် ၆၀ ဟာ ဘယ်တော့မှ မပြီးပြတ်ဘူး။ ကျွန်တော်တို့ လူနေမှုအဆင့်အတန်းတွေ ဘာတွေ အောက်ကျသွားတာပေါ့။ တကယ်လို့ မြန်မာပြည် တစ်ပြည်လုံးမှာ တိုက်ပွဲမရှိတော့ဘူး ဆိုရင် နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးဖြေရှင်းမယ်၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ဆိုရင် ပိုပြီးကောင်းတာပေါ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပြည်သူလူထုက လိုလားတောင့်တတယ်။

Voice - အခု အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အတွက် KNU နဲ့ ကရင်ပြည်သူတွေအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေ ဖြစ်လာနိုင်သလဲ။

KNU - လက်မှတ်ထိုးလိုက်တဲ့အတွက် မတရားသင်းက ပယ်ဖျက်လိုက်တော့ လူထုနဲ့ အေးအေးဆေးဆေး တွေ့ဆုံပြီး အပစ်ရပ်ကြောင်း ရှင်းပြတာတွေ၊ ငြိမ်းချမ်းရေးမှာ လူထုပါအောင် လုပ်ဖို့ကိစ္စတွေ၊ အေးအေးချမ်းချမ်းနဲ့ တစ်ပြည်လုံးက တိုင်းရင်းသားတွေ တန်းတူညီမျှမှု အတွက် ကျွန်တော်တို့ ဆက်လုပ်လို့ ရသွားတာပေါ့။ အစတုန်းက သွားလို့မရတဲ့ နေရာတွေ အခုမတရားသင်းက ထုတ်လိုက်တော့ သွားလို့ရပြီ။ သွားချင်တဲ့နေရာ သွားလို့ရပြီပေါ့။ လူထုနဲ့ စကားပြောလို့ ရတာပေါ့။

Voice - စစ်ဦးစီးချုပ်တစ်ယောက် အနေနဲ့ အပစ်ရပ်ပြီး တဲ့နောက် ကရင့်တပ်မတော်ရဲ့ အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုစဉ်းစားထားတာရှိပါလဲ။ ဥပမာ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းမှု ကိစ္စမျိုးတွေ စဉ်းစားထားလား။

KNU - ဒါတော့ ကြာဦးမယ်။ အခု လက်မှတ်ထိုးပြီးရင် ကျွန်တော်တို့ တပ်နေရာ ပြန်လည်ချထားရေးမှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရမယ်။ ကျင့်ဝတ်တွေ နှစ်ဖက်လုံးမှာ အစိုးရတပ်လည်း လိုက်နာရမယ်၊ ကျွန်တော်တို့လည်း လိုက်နာရမယ်။ စောင့်ကြည့်တဲ့ အဖွဲ့တွေရှိမယ်။ ဒါပေမဲ့ ပြဿနာတော့ ရှိမှာပဲ။ ပြဿနာ ရှိလို့ ဘယ်ဘက်က အားနည်းချက်ရှိလဲ ဆိုတာ စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းရမယ်။ ဒီလုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းမှု (SSR) တွေဘာတွေက အခုအချိန် မဟုတ်သေးဘူး။ နောက် ၁၀ နှစ်ကြာရင်ကြာမယ်၊ နှစ် ၂၀ ကြာရင်လည်း ကြမယ်ပေါ့။ ကျွန်တော့်အနေနဲ့ နိုင်ငံရေး သိပ်မသိဘူးမဟုတ်လား။ KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာနေရတယ်။ ဒါကြောင့်မို့ အထက်က အမိန့် ကောင်းမယ်ထင်လို့ တစ်ခြားနည်းလမ်း မရှိလို့။ အခု ဒီပြဿနာ မြန်မာပြည်ရဲ့ ပြဿနာမှာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရအောင် ဒီလိုလုပ်တာ ကောင်းမယ်လို့ ထင်တာပဲ။ အခု လက်မှတ်ထိုးတာ ကျွန်တော်နဲ့ နိုင်ငံတော်အစိုးရ နှစ်ဖက်ပဲ လက်မှတ်ထိုးမယ်ဆိုတာထက် တိုင်းရင်းသားအားလုံး ပါရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အခုအသိသက်သေ တွေလည်း လက်မှတ်ထိုးမယ် ဆိုတော့ သူတို့ရေးထားတာတော့ ရှိမှာပေါ့။ ဒီအပစ် အခတ်ရပ်စဲရေးပြီးရင် ဘာလုပ်မယ် ဘာလုပ်မယ်ရှိမှာပေါ့။ ကျွန်တော် အားလုံးနားမလည်ဘူး။ စစ်တပ်ဆိုတော့ သိတဲ့အတိုင်း တိုက်ပွဲမရှိတော့ ပိုပြီးကောင်းတာပေါ့။ တိုက်ပွဲဆိုတာ ကောင်းတာမှ မဟုတ်တာ။ ဒီနှစ် ၆၀ မှာ သေကြေပျက်စီးတာ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းတွေပဲ။ ဒါပေမဲ့ ရည်မှန်းချက်က ဒီမြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရှိဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိဖို့ ဖြည်းဖြည်းတော့ လာမယ်လေ။ ဒီလိုမှပဲ တိုင်းပြည်က တိုးတက်မှာလေ။

Voice - အရင်က စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းတာတွေ ရှိတယ်။ အဆင်မပြေတော့ ပြန်တိုက်ကြတယ်။ အခုလည်း အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါမှာ လက်မှတ်ထိုးပြီးရင် အဲဒီလို တစ်နည်းနည်း အသွင်ပြောင်းခံရရင် ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားချက် ရှိပါသလဲ။

KNU - အမှန်တော့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး တစ်စုတစ်စည်းထဲ နေဦးပေါ့။ သို့မဟုတ်ရင် အစိုးရလည်း ဦးနှောက်ရှုပ်မှာပဲ။ ဒီကရင် ပြည်နယ်မှာ အဖွဲ့အစည်း နှစ်ဖွဲ့သုံးဖွဲ့ ဖြစ်နေတာလည်း မကောင်းဘူး။ ဆိုတော့ နောက်ပိုင်း ဘယ်လိုလာမယ် မပြောတတ်သေးဘူး။ ခေါင်းဆောင်တွေမှာ အစီအစဉ်တွေ ရှိမှာပါ။ နယ်ခြားစောင့်တပ်လို အသွင်ပြောင်းဖို့ အစိုးရက ကြိုးစားလာမလားဆိုရင် ဒါတော့ သူတို့ မလုပ်ဘူးလို့ ထင်တာပဲ။ ကရင့်လက်နက်ကိုင် တော်လှန်ရေးမှာ ကိုယ့်လက်နက် ကိုယ့်လက်ထဲမှာရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေးစကား ပြောလို့ရတယ်။ ကျန်တာတွေက နောက်မှပေါ့။ အခု ကြိုတင်ပြောလို့ မရသေးဘူး။ ဘာဖြစ်ဖြစ် အဓမ္မ အတင်းလုပ်လို့တော့ မရဘူးဆိုတာ သူတို့လည်း သိမှာပါ။ နှစ် ၆၀ မှာ ကျွန်တော်တို့လည်း ကိုယ်ပိုင်မူဝါဒ ရှိတယ်။ သူတို့လည်း ရှိမှာပဲ။ တစ်နေ့ကျရင်တော့ မြန်မာပြည်မှာ တပ်မတော် တစ်ခုပဲရှိရမယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ ပြောင်းမယ်ဆိုတာ ဖြည်းဖြည်းလာမယ်။ နောက်ပိုင်းတိုက်ပွဲတွေ မရှိတော့ဘူး၊ အားလုံးတန်းတူ အခွင့်အရေးရလို့ လက်နက်ကိုင်စရာ မလိုတဲ့ အချိန်မြန်မာပြည်မှာ တပ်မတော် တစ်ခုပဲ ရှိလာမယ်။ ဒါတော့ တော်တော်ကြာဦးမယ်။ ကျွန်တော်တို့ မီချင်မှမီမယ်။ ဒါတချို့တွေက တွေးပြီး လက်မှတ်ထိုးပြီးရင် နယ်ခြားစောင့် အဖြစ်ပြောင်းရမယ် စသည်ဖြင့် အမျိုးမျိုး ထင်ကြေး ပေးကြတာပေါ့။ တော်လှန်ရေးထဲမှာ အနစ်နာ မခံဘူးတဲ့သူတွေက ဒီလိုပဲ ခန့်မှန်းကြတာပေါ့။

Voice - ခုက အပစ်ရပ် လက်မှတ်ထိုးပြီးရင် လွယ်လွယ်နဲ့ ပျက်သွားမလား စိုးရိမ်တယ်။ ဘယ်လိုအချက်တွေက အပစ်ရပ်စာချုပ် ပျက်ပြယ်စေတာမျိုးတွေ ဖြစ်စေနိုင်သလဲ။

KNU - မပျက်အောင်တော့ ထိန်းသိမ်းရမှာပေါ့။ ပြဿနာရှိရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရမယ်လေ။ လက်နက်နဲ့ မဖြေရှင်းရဘူး။ အခု သုံးနှစ်အတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြားထဲမှာ စာချုပ်တွေ ချုပ်ထားတာ အများကြီးရှိတာပဲ။ ပျက်တော့ မပျက်ဘူး ထင်ပါတယ်။ တကယ်လို့ ပြဿနာ ဖြစ်ရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေါ့။ အားလုံးတော့လည်း ယုံလို့မရဘူး။ မတစ်ထောင်သားတွေ ဆိုတော့ ဟိုနည်းနည်း ဒီနည်းနည်း ဖြစ်မယ်ဖြစ်ရင် ဖြေရှင်းပေါ့။ လက်နက်နဲ့ ဖြေရှင်းရင်တော့ နှစ် ၆၀ အဖြေသိပြီးပြီပဲ။ မအောင်မြင်ပါဘူး။

Voice - ကရင်ပြည်သူတွေမှာလည်း စိုးရိမ်ချက် ရှိတယ်။ လက်မှတ် ထိုးပြီးတဲ့အခါ အစိုးရက နိုင်ငံရေး ပရိယာယ်သုံးပြီး KNU အဖွဲ့ကို အင်အားယုတ်လျော့အောင် ထိုးနှက်လာတာမျိုး ဖြစ်လာမလား စသည်ပေါ့။ ဒီလိုမျိုးမဖြစ်ဘူးလို့ စစ်ဦးစီးချုပ်တစ်ဦး အနေနဲ့ ပြောနိုင်ပါသလား။

KNU - ပြောနိုင်ပါတယ်။ ပြည်သူလူထုကတော့ အမျိုးမျိုးရှိတာပဲ။ တချို့က မထိုးနဲ့ ဒီအစိုးရ ယုံလို့မရဘူး ပြောတာပေါ့။ အခု ကိုယ့်အခြေအနေ ကိုယ်အသိဆုံးပဲ မဟုတ်လား။ တကယ်တမ်း လက်မှတ်မထိုးဘဲ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းရင် တောင်တန်းဒေသက ပြည်သူလူထုတွေ ခံရမှာပဲ။ ကျွန်တော်တို့ အနှစ် ၆၀ ရပ်တည်လာနိုင်တာသည် တောင်တန်းဒေသက ပြည်သူလူထုတွေ ထောက်ခံလို့ ထောက်ပံ့လို့။ ကရင် တောင်တန်းက ရွာတွေပေါ့။ နှစ် ၆၀ ကျော်မှာ မြို့ကလူတွေ ဘယ်နှပြား ကူညီဖူးလဲ။ မီးရှို့ခံရတော့ တောင်တန်း ဒေသတွေပဲ ခံရတာပါ။ စစ်ဖြစ်တဲ့နယ်မြေက ငြိမ်းချမ်းရေး အလိုချင်ဆုံးပါ။ မြို့ပေါ်ကလူတွေ တချို့ တော်လှန်ရေး ထဲမှာ ဘယ်လောက် အနစ်နာခံဖူးလဲ။

Voice - ကရင်ပြည်သူအချို့က လက်ရှိ KNU လုပ်နေတာတွေသည် စောဘဦးကြီးရဲ့ မူကို ချိုးဖောက်နေတယ်လို့ ပြောတာရှိတယ်။ တကယ်ပဲ ချိုးဖောက်နေသလား။

KNU - အခုက ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိတယ်လေ။ ကရင့်လက်ထဲမှာ လက်နက်ရှိပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားမယ်။ ပါတီတွေဆို အပ်တစ်ချောင်းတောင် မရှိဘဲဟာ။ ကျွန်တော်တို့ လက်မှတ်ထိုး ပြီးရင် နိုင်ငံရေးဆွေးနွေးလို့ ရပြီ။ ကိုယ့်လက်နက်က ကိုယ့်လက်ထဲမှာပဲ။

Voice - အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ တပ်အင်အားတွေ တိုးချဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေကို နေရာယူတာမျိုးတွေ ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ KNU နဲ့ အစိုးရ သုံးနှစ်တာ အပစ်ရပ်ထားစဉ် ကာလအတွင်း KNU နယ်မြေက တပ်မတော်က ဒီလို တပ်အင်အား တိုးချဲ့တာတွေ ရှိပါသလား။

KNU - ရှိတော့ရှိတယ်။ နည်းတယ်။ တပ်မဟာ တစ်ခုနဲ့တစ်ခု မတူဘူးလေ။ တချို့တပ်မဟာတွေမှာ သူတို့ ယာယီစခန်းတွေ ရှိမယ်။ အပစ်ရပ်ခိုင်မာသွားရင် အဲဒီစခန်းကို သူတို့လည်း ဆုတ်ရင်ဆုတ်သွားမှာပဲ။ ဒါတွေက တပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးရဦးမယ်။ ကျင့်ဝတ်တွေ လိုက်နာရမယ့် စည်းကမ်းတွေ စသည်ပေါ့။ အခုတော့ စစ်ကြောင်းတွေ ရိက္ခာပို့တာတို့၊ လခပေးတာတို့ ဒါတွေတော့ ရှိတယ်။ ဒါတွေကတော့ ပေးရမှာပေါ့။ သွားလာရင်တော့ တစ်ဖက်နဲ့တစ်ဖက် ကြိုတင် အကြောင်းကြားရတာပေါ့။

Voice - အပစ်ရပ်ပြီး တကယ်ပဲ တိုက်ပွဲတွေ ရပ်သွားပြီ ဆိုရင် ကရင်ဒေသမှာ ဘာတွေ ဦးစားပေးလုပ်ရမလဲ။

KNU - ဒါတွေက ဆွေးနွေးပွဲအပေါ်မှာလည်း မူတည်တယ်။ ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးတွေ လုပ်ရမှာပေါ့။ အခုက ကရင်မှာပဲ ဖြစ်ဖြစ်၊ တစ်ပြည်လုံးမှာ ဖြစ်ဖြစ် သူများ နိုင်ငံမှာပဲ အလုပ်သွားလုပ်နေရတာ မဟုတ်လား။ သူများကျွန်ပဲပေါ့။ ကိုယ့်ပြည်နယ်မှာ ကိုယ့်ပြည်မှာပဲ လုပ်လို့ရအောင် လမ်းတံတားကအစ ကျောင်းတွေလိုမျိုး အားလုံးတွဲပြီး လုပ်ရမှာပေါ့။ လက်မှတ်ထိုးပြီးတော့ တရားဝင်ဖြစ်ပြီ ဆိုတဲ့အခါ ပြည်နယ်ဝန်ကြီးနဲ့ ပြည်နယ် အစိုးရနဲ့ တွဲလုပ်ရမယ်လေ။ အားလုံးမှာ တာဝန်ရှိတယ်။ နယ်မြေမှာ မိုင်းဟောင်းတွေ ဖယ်ရှားဖို့ဘာဖို့က KNU တစ်ခုတည်း လုပ်လို့ရမဘူး။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ပူးတွဲလုပ်ရမယ်။

Voice - တစ်ဖက်နိုင်ငံနယ်စပ်မှာ စစ်ပြေးဒုက္ခသည် အဖြစ် ရောက်နေတဲ့ ပြည်သူတွေအတွက်ရော ဘယ်လို အစီအစဉ်တွေ ရှိထားပါသလဲ။ သူတို့ကို ကိုယ့်ဒေသမှာကို ပြန်နေဖို့ ခေါ်သွားမှာလား။

KNU - ဒါတော့ အချင်းချင်း ယုံကြည်ရတဲ့ အခြေအနေရှိမှ သူပြန်လာမှာပေါ့။ အဓမ္မအတင်းတော့ မခေါ်ဘူး။ အပစ်ရပ်ပြီးရင် သူ့သဘောနဲ့သူ ပြန်လာ။ မပြန်လာရဲရင် ဟိုမှာ နေလို့ရနေပေါ့။ သူ့ဆုံးဖြတ်ချက်နဲ့ သူပေါ့။ အစိုးရလည်း မခေါ်ပါဘူး။ ကျွန်တော်တို့လည်း မခေါ်ဘူး။ သူ့ဆန္ဒနဲ့ သူပါပဲ။

Voice - တပ်မတော်မှာရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာပါ တပ်သားသစ် စုဆောင်းတာနဲ့ ပတ်သက်လို့ မှတ်တမ်းဆိုးတွေ ရှိတယ်။ ခုလည်း ကြားနေရတုန်းပဲ။ KNU မှာက တပ်သားသစ် ဘယ်လို စုဆောင်းပါသလဲ။

KNU - ခုက ကျွန်တော်တို့ မစုဆောင်းဘူး။ စိတ်ရှိတဲ့သူမှ ဝင်လာရင် လက်ခံတယ်။ တပ်မဟာတချို့မှာတော့ စုဆောင်းတာ ရှိကောင်းရှိမှာပေါ့လေ။ တပ်မဟာအားလုံးတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြောထားပြီးသား။ တပ်သားသစ် မစုဆောင်းဘူး။ အားလုံးက စေတနာနဲ့ လာတဲ့လူတွေချည်းပဲ။ အဓမ္မ အတင်းမခိုင်းဘူး။ ကိုယ့်အသိနဲ့ ကိုယ်လာကြတာပဲ။ သမိုင်းပေးတာဝန်အရ စစ်ထဲဝင်တာ။ ကိုယ့်လူမျိုး အခွင့်အရေးကို ကိုယ်ပဲ တိုက်ယူရမှာပေါ့။ ကိုယ်မှမလုပ်ရင် ဘယ်သူလုပ်မလဲ။

Voice - တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ကြီးတစ်ခုရဲ့ စစ်ဦးစီးချုပ်အနေနဲ့ တိုင်းပြည်က လူငယ်တွေကို ဘယ်လိုသတင်းစကား ပါးချင်တာ ရှိလဲ။ နောက်ပြီး ကရင်လူငယ်တွေ အတွက်ရော သီးခြား ပြောချင်တာ ရှိပါသလား။

KNU - လူငယ်တွေကို ကျွန်တော်တို့ လေးစားပါတယ်။ တစ်နေ့ကျရင် လူငယ်တွေဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့်သူတွေပဲ မဟုတ်လား။ ကျွန်တော်တို့က အသက်ကြီးပြီ။ ဒါပေမဲ့ တချို့သတင်းမီဒီယာ တွေက တိကျချင်မှ တိကျမယ်။ အမျိုးမျိုးပြောကြတယ်။ လေ့လာပြီးမှ ယုံဖို့။ ကျွန်တော်တို့က လုပ်စရာရှိ လုပ်မှာပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ ကရင်ပြည်နယ် ငြိမ်းချမ်းဖို့ ကရင်အားလုံး တာဝန်ရှိတယ်။ ကရင်မဟုတ်တဲ့ ပြည်သူလူထုလည်း တာဝန်ရှိတယ်။ စည်းလုံးညီညွတ်ဖို့ အဓိက။ ဒါပေမဲ့ ပြောတော့လွယ်တယ် လက်တွေ့ခက်တယ်။ အခု ကျွန်တော်တို့ ကရင်တွေဟာ ကြိုးစားပြီးတော့ အနစ်နာခံတာ နည်းတယ်။ စကားတော့ အများကြီး ပြောတတ်တယ်။ လက်တွေ့ကျရင် တစ်ယောက်မှ ရှာမတွေ့ဘူး။ ဝေဖန်တာတစ်ခုပဲ ဖြစ်နေတယ်။

Voice - ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာများထပ်ပြီး ပြောချင်တာ ရှိပါသေးလဲ။

KNU - ဆက်ပြီးတော့ ငြိမ်းချမ်းအောင် လုပ်ရမယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကရင်ဒေသ ပြည်သူလူထုနဲ့ တိုင်းရင်းသားအားလုံး လက်တွဲပြီး လုပ်ရမယ်။ ကျွန်တော်တို့ ကရင်တစ်ဖွဲ့တည်း လုပ်လို့မရဘူး။ ပါတီတွေအားလုံး လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံး ညီညွတ်မှုရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မြန်မာပြည်မှာ ပေါ်လာမယ်။

နော်ကိုကို
- See more at: http://thevoicemyanmar.com/index.php/article/item/8589-knu#sthash.2V0pL3e9.dpuf


No comments:

Post a Comment