ondragstart="return false" onselectstart="return false"

Tuesday, January 24, 2012

ကရင် အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းခန်း (ဒုတိယပိုင်း)

အဲခေါင်သောင့်ဘလော့မှ ကူးယူဖေါ်ပြသည်။ http://ehkhaungthaunt.blogspot.com/2012/01/blog-post_24.html
xxxxxxx

စောသစ္စာထူး။ ။ လက်ရှိ မြန်မာ နိုင်ငံရေး အခင်း အကျင်းကို အဖူး ဘယ်လို မြင်ပါသလဲ။

စောဘဦီးကြီး။ ။ လက်ရှိ မြန်မာ့ နိုင်ငံရေးဟာ မြန်မာ ဘောလုံး အသင်း လိုပါပဲ။ အခုချိန်ထိ လူမှန် နေရာမှန် မဖြစ်သေးဘူး။ အသင်း ခေါင်းဆောင်က ဦးသိန်းစိန်၊ တိုက်စစ်မှူး ကတော့ မင်းအောင်လှိုင်၊ ကွင်းလယ် ဖန်တီိးရှင် ကတော့ ဦးဝဏ္ဏမောင်လွင်၊ နောက်တန်းက ဦးတင်အောင်မြင့်ဦး၊ ဂိုးသမားကတော့ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ကျန် ဘောလုံး သမားများ ကတော့ စစ် အာဏာရှင် အများစုနဲ့ ဖွဲ့စည်း ထားတယ်။ အလွန် အြံ့သဖို့ ကောင်းတာ ကတော့ နည်းပြချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွေနှင့် ဒုနည်းပြချုပ် ကတော့ ဒုဗိုလ်ချုပ် မှူးကြီး မောင်အေး ဖြစ်နေတုန်းပါပဲ။

၂၀၁၀ ရွေးကောက်ပွဲ ကနေ စလာခဲ့တဲ့ မြန်မာ့ နိုင်ငံရေး ဘောလုံးပွဲကို ကြည့်မယ်ဆိုရင် ပွဲစပြီး ဘောလုံး စပေးတဲ့ အချိန်မှာပဲ DKBA ဂိုးသွင်း လိုက်တယ်။ မြ၀တီမြို့မှာ ရှိတဲ့ အာဏာရှင်တွေကို မတရားမှု တွေကို ဘယ်သော အခါမှ လက်ပိုက်ကြည့်မှာ မဟုတ် ဘူးလို့ အချက်ပြ လိုက်တာပဲ။ ဒါကြောင့် အာဏာရှင် ဘောလုံးအသင်းဟာ DKBA ရဲ့ အဖွင့်ဂိုး ကြောင့် နိုင်ငံရေး သိက္ခာ အကြီးအကျယ် ကျဆင်းခဲ့ရတယ်။ ကချင်နဲ့ ကစားတဲ့ ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ တိုက်စစ်မှူး မင်းအောင်လှိုင်နဲ့ ရှေ့တန်း ကစားသမားတွေကို အသင်းခေါင်းဆောင် ဦးသိန်းစိန်က အနီကဒ်ထိနိုင်တယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ရပ်ဖို့ အမိန့်ပေးတယ်။ (KIAကို ထိုးစစ်ဆင်ခြင်းမှ ရပ်စဲခိုင်းခြင်း) ဒီကြားထဲ ရှေ့တန်း တိုက်စစ်မှူးတွေဟာ ပေါ်တင်ပဲ လူချကစား ပြန်တယ်။ (ကချင် အမျိုး သမီးများကို မုဒိမ်းကျင့်ခြင်း) အသင်းခေါင်းဆောင် ဦးသိန်းစိန်နဲ့ ကွင်းလယ်ဖန်တီးရှင် ဦးဝဏ္ဏမောင်လွင် တို့ကို ကြည့်လိုက်မယ်ဆိုရင် အလိမ်အခေါက်တွေ တအားသုံးတာကို တွေ့ရတယ်။ (မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဟု ဗြောင်လိမ်ခြင်း) နောက်တန်းက မလုံတဲ့အတွက် ခဏခဏ ဂိုးသွင်းခံရတာပါပဲ။ DKBAက ဂိုးသွင်းလိုက်၊ KIAက ဂိုးသွင်းလိုက်၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသမားတွေကို လွတ်ပေးရန် ဂိုးသွင်းလိုက်၊ အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့မှုဂိုးကို အဆက်မပြတ် သွင်းပြန်နေတယ်။ ဒါကြောင့် ဒီအာဏာရှင် ဘောလုံး အသင်းဟာ မြန်မာ့အလယ်မှာရော ကမ္ဘာ့အလယ်မှာပါ မရှူမလှ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ ဒါကြောင့် နည်ပြချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွေဟာ ကစားကွက် ပြောင်းလာတာကို တွေ့ရတယ်။ ရှေ့တန်း အလယ်တန်းနဲ့ နောက်တန်းတွေကို အချိန်အဆက် မိမိ ကစားနိုင်ဖို့အတွက် ကွင်းလယ် ဖန်တီးရှင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစားထိုးနိုင်တဲ့ ပုံတွေ ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အချိတ်အဆက်မိမိ ကစားနိုင်တဲ့အတွက် နည်းပြချုပ်လည်း အဆဲခံရမယ့် ဘ၀က လွတ်မြောက်သွားနိုင်တယ်။ (ဗိုလ်ချုပ်မှူးကြီးသန်းရွေ နိုင်ငံတကာ စစ်ခုံရုံးမှ လွတ်မြောက်သွားခြင်း) လက်ရှိ မြန်မာ ဘောလုံး အသင်းဟာ အာရှအဆင့်ကိုလည်း မကျော်လွားနိုင်၊ ကမ္ဘာ့ဖလား အဆင့်ကိုလည်းမရောက်နိုင် သေးသလို မြန်မာ့နိုင်ငံရေး အသင်းဟာလည်း အာရှနိုင်ငံတွေက ကျင့်သုံးတဲ့ ဒီမိုကရေစီအဆင့်နဲ့ ကမ္ဘာ့နိုင်ငံတွေက ကျင့်သုံးတဲ့ ဒီမိုကရေစီအဆင့်ကို ရောက်ဖို့ဆိုတာ အဝေး အဝေးကြီး လိုနေပါသေးတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းပဲ။

စောသစ္စာထူး။ ။ လက်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားတွေရဲ့ အခြေအနေကို အဖူး ဘယ်လိုမြင်ပါသလဲ။

စောဘဦီးကြီး။ ။ လက်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားတွေထဲမှာတော့ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ကြည့်ပြီး မန်းရှာကို အဖူး ချက်ခြင်း ပြေးမြင်မိတယ်ကွာ။ စစ်အာဏာရှင်တွေ မန်းရှာကို လုပ်ကြံလိုက်တာဟာ ကရင်တမျိုးသားလုံးနဲ့ တိုင်းရင်းသား အားလုံးကို လုပ်ကြံ သတ်ဖြတ်တာနဲ့ အတူတူပဲ။ ဒါကို မမေ့ကြနဲ့။ “တိုင်းရင်းသားတွေ လက်နက်ကိုင် လာတာ ကြာပြီဆိုတော့ လက်နက်စွန့်ခိုင်းဖို့ ခက်တယ်လို့ အာဏာရှင်တွေ ပြောသလို တိုင်းရင်းသားတွေကလည်း စစ်အာဏာရှင်တွေ အာဏာရှင် စနစ် စွဲကိုင်လာတာ ကြာပြီဆိုတော့ အာဏာစွန့်ဖို့ ခက်တယ်လို့ ပြန်ပြောရမယ်” KIAကတော့ ၀ါးကြည့်မှ ခါးမှန်း သိသွားပြီး။ တချို့ တိုင်းရင်းသား နိုင်ငံရေး သမားတွေဟာ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး တိုင်းပြည်ကို ထူထောင်ဖို့ လုပ်နေကြတယ်။ ဒါဟာ အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း လုပ်ခဲ့ကြတယ်။ ပေါင်းပြီးတော့ တန်းတူ အခွင့်အရေးလည်း မရ၊ ကိုယ်ပိုင် ပြဌာန်းခွင့်လည်း မရ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည့်း မရပဲနဲ့ နောက်ဆုံးတော့ ဒီပေါင်းတဲ့ လုပ်ရပ်ဟာ ကိုယ့်တိုင်းရင်းသားတွေကို ကိုယ်ပြန်တိုက်သလို ဖြစ်ခဲ့ကြတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တွေနဲ့ ပေါင်းခဲ့တဲ့ တချို့ တိုင်းရင်းသား နိုင်ငံရေးသမားတွေ ပေးခဲ့တဲ့ အမွေဆိုးပဲ။ ပေါင်းတယ်ဆိုတာ နိုင်ငံရေး အာမခံချက် ရှိမှ ပေါင်းရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်မှာ နိုင်ငံရေး မအာခံချက် ပေးခဲ့တာတောင် အခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးဆိုရင် နိုင်ငံရေး အာမခံချက် မပေးတဲ့ လက်ရှိ စစ်အာဏာရှင်တွေနဲ့ ဆက်ပေါင်းဖို့၊ ဆက်ဆွေးနွေးဖို့ဆိုတာ တိုင်းရင်းသား အားလုံး တော်တော်လေးကို သတိကြီးကြီးနဲ့ လုပ်ဆောင်ရမယ်လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ပင်လုံစာချုပ်ကို အဖူးဘယ်လိုမြင်သလဲ။

စောဘဦီးကြီး။ ။ ဗမာပြည်ဟာ လွတ်လပ်ရေး ရပြီးရင် ပြည်တွင်းစစ်ကြီး ဖြစ်လာမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သိခဲ့တယ်။ ဒါကြောင့် ပြည်တွင်းစစ် မဖြစ်ရလေအောင် ပင်လုံစာချုပ်နဲ့ ကာကွယ်ခဲ့ကြတာပါ။ ပြည်တွင်းစစ်ကို ဖန်တီးလိုက်တဲ့သူတွေဟာ ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးတဲ့ သူတွေပဲ။ အဲဒီလူတွေ အခုချိန်ထိ အာဏာကို ဆုပ်ကိုင်ထားသေးတယ် ဆိုတာ တိုင်းရင်းသားတွေ သိထားဖို့ လိုတယ်။ နှစ်ပေါင်း (၆၀) ကျော်လာအောင် ပြည်တွင်းစစ်ကြီး ဖြစ်လာရတာဟာ ဗမာ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တို့ လက်နဲ့ ရေးခဲ့တဲ့ ပင်လုံ စာချုပ်ကို ခြေနဲ့ ဖျက်ပစ်လို့ပဲ ဖြစ်တယ်။ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်ဘူးဆိုရင် ဗမာပြည်မှာ ဘယ်လူမျိုးမှ အေးအေးချမ်းချမ်း နေလို့ ရမှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး။ နယ်ချဲ့ကျွန်ဘ၀က လွတ်မြောက်ဖို့အတွက် ဗမာပြည်မှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ တော်လှန်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် အားလုံးကတော့ အင်မတန် ကျေးဇူးကြီးမားတဲ့ သူတွေပဲ။ ဗမာပြည်မှာ အခုချိန်ထိ မအေးချမ်းသေးတာဟာ ကျေးဇူးရှင်တွေကို ကျေးဇူးကန်းခဲ့ကြလို့ပဲ။ တကယ်တော့ ပင်လုံစာချုပ်ကို ပစ်ပယ်ကြတဲ့ သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တို့ရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ပြတ်ပြတ်သားသား စော်ကားလိုက်တာပါပဲ။ ဒါကြောင့် ကျေးဇူးရှင်တွေကို ထပ်ပြီး ကျေးဇူး ကန်းနေသေးမယ် ဆိုရင်တော့ ဗမာပြည်မှာ ရှိတဲ့ လူမျိုးအာလုံး ပူပူလောင်လောင်နဲ့ ပြည်တွင်းစစ်ကြီးကို ခါးစည်း ခံကြရအုံးမှာပါပဲ။ "ပြည်တွင်း စစ် ရောဂါဆိုးကြီး ပျောက်ဖို့ ဆိုရင် ပင်လုံစာချုပ်ဟာ အကောင်းဆုံး ဆေးတခွက်ပဲ"လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေရဲ့ ပါဝင် လှုပ်ရှားမှုဟာ အင်မတန်မှာ အားနည်းတယ်လို့ ပြောကြတယ်။ ဒါကို အဖူးဘယ်လို ပြောချင်သလဲ။

စောဘဦီးကြီး။ ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေ ပါဝင်မှု အားနည်းရတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ တချို့ကို တင်ပြရမယ်ဆိုရင် ပြည်တွင်းမှာ ရှိကြတဲ့ ကရင်လူငယ်တွေက ကရင့်သမိုင်းကို ကောင်းကောင်း မသိကြတော့ဘူး။ သူတို့က ဗမာ့သမိုင်းပဲ သင်ရတယ်။ ကရင့်သမိုင်းကို မသင်ကြရဘူး။ ဒါကြောင့် ကရင့်တော်လှန်ရေးကို မသိကြတော့ ဘာလုပ်ရမှန်းမသိ၊ ဘာတာဝန်ယူရမှန်းလည်း မသိကြတော့ဘူးပေါ့။ ဒါကြောင့် ကိုယ်လုပ်ရမယ့် အလုပ်ဟာ ဘာကြီးမှန်းလည်း မသိတော့ စိတ်ဝင်စားမှု အားနည်းတာ သဘာဝပဲ။ နောက်တချက်ကတေ့ ကရင့်တော်လှန်ရေးကို ကရင်လူငယ်တွေ သိရှိခွင့်မရအောင် စစ်အာဏာရှင်တွေက နည်းမျိုးစုံနဲ့ အကြမ်းဖက်ပြီး နှိပ်ကွပ်ထားတယ်။ အဆိုးဆုံးကတော့ DKBAနဲ့ KNLAတိုက်ကြတာကို ကြည့်ပြီး ကရင်လူငယ်တွေ တော်တော်လေး စိတ်ပျက်ခဲ့ကြတယ်။ KNLAထဲ ၀င်ရင် DKBAက ရန်သူအဖြစ် မြင်တယ်။ DKBAထဲဝင်ရင် KNLAက ရန်သူအဖြစ် မြင်တယ်။ နောက်ဆုံးတော့ ဘယ်အဖွဲ့ထဲမှ မ၀င်ပဲ လက်ပိုက် ကြည့်နေကြတဲ့ ကရင်ပညာတတ် လူငယ်တွေ အများအပြား ရှိပါတယ်။ DKBAနဲ့ KNLAပွဲတောင် မပြီးသေးဘူး။ KPCကရင် ငြိမ်းကောင်စီက ထပ်ပြီး ကွဲလာပြန်တော့ ကရင်လူငယ်တွေ ကရင့်တော်လှန်ရေးကို တော်တော်လေး စိတ်ကုန်သွားတယ်။ တချို့ဆိုရင် ထိုင်းနိုင်ငံ၊ တချို့ဆိုရင် အနောက်နိုင်ငံဘက်ကို ထွက်ပြီး ကြေကွဲစွာနဲ့ပဲ ကရင့်တော်လှန်ရေးကို ကျောခိုင်းသွားကြတယ်။ အာဏာရှင်တွေ ဖန်တီးလိုက်တဲ့ ကရင်အချင်းချင်း လူသတ်ပွဲကြီးမှာ ကရင့်တော်လှန်ရေးကို စိတ်ဝင်စားတဲ့ ကရင်လူငယ်များဟာ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ကြတယ်။ ဒီအချက်တွေဟာ ကရင့်တော်လှန်ရေးအပေါ် ထားတဲ့ ကရင်လူငယ်တွေရဲ့ အိမ်မက်အားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေ ပါဝင်လှုပ်ရှားမှု အားနည်းသွားတာဟာ လူငယ်တွေရဲ့ အပြစ်မဟုတ်ဘူး။ လူကြီးတွေရဲ့ အားနည်းချက်ပဲလို့ အဖူးမြင်တယ်။ ဒီအားနည်းချက်တွေကို KNU, DKBAနဲ့ KPCခေါင်းဆောင်ကြီးတွေ ပြန်ပြင်ပြီး ကရင့်တပ်မတော်ကို တခုတည်း ဖြစ်အောင် ပြန်လုပ်နိုင်မယ်ဆိုရင် ကရင်လူငယ်တွေကို တပ်ဆင်ပေးဖို့ လက်နက်တွေတောင် လောက်ငှမှာ မဟုတ်ဘူးလို့ အဖူးပြောချင်တယ်။

စောသစ္စာထူး။ ။ တချို့ KNUခေါင်းဆောင် တွေကြားမှာ မှတ်ပုံတင်လုပ်ဖို့ ပြောနေကြပြီး။ ဒါကို အဖူး ဘာပြောချင်သလဲ။

စောဘဦီးကြီး။ ။ မှတ်ပုံတင် လုပ်ဖို့ မပြောခင် မှတ်တမ်းတင် လုပ်ရမယ့် အဖြစ်အပျက် တခုကို အဖူး အရင်ဦးဆုံး ပြောချင်တယ်။ အဖူးတို့ ထို့ကော်ကိုးရွာအနီးမှာ အ၀ိုင်းခံလိုက်ရတဲ့ အချိန်ပေါ့။ ဗမာစစ်အာဏာရှင်တွေက အဖူးတို့ကို ၀ိုင်းပြီး အမိန့် ပေးလာတဲ့ အသံက “စောဘဦးကြီး ခင်ဗျား လက်နက်ချပါ။ လက်နက်ချရင် ဘာအပြစ်မှ မပေးဘူး။ လက်နက် မချရင် ကျုပ်တို့ ပစ်မှာပဲ။ အခု ခင်ဗျားတို့ ပြေးလို့ မလွတ်အောင် ကျုပ်တို့ ၀ိုင်းထားပြီး” လို့ အဖူးတို့ကို အော်ပြောတယ်။ သူတို့ ပြောပြီးတာနဲ့ အဖူးချက်ခြင်း ပြန်ပြောလိုက်တဲ့ စကားက “ကျုပ်ချမှတ်တဲ့ မူ(၄)ချက်ဟာ ကျုပ်အသက်ပဲ။ အသက်သာ အသေခံသွားမယ်။ ကျုပ်မူ (၄)ချက်ကို ဘယ်တော့မှ အသေမခံဘူး။ လက်နက်ချဆိုတဲ့ စကားကို လာမပြောနဲ့” လို့ အဖူး ပြန်ပြောလိုက်တယ်။ အဖူးပြောပြီးတာနဲ့ ဗိုလ်ချုပ်စောစိုင်းကေကလည်း ချက်ခြင်း မှတ်တပ်ရပ်ပြီး “ကျုပ်တို့ လက်နက်ချဖို့ လက်နက်ကိုင်လာတာ မဟုတ်ဘူး။ လက်နက်ချတယ်ဆိုတာ ကျုပ်တို့ သမိုင်းမှာ အရင်ကလည်း မရှိဘူး။ အခုလည်း မရှိဘူး။ နောင်လည်း ဘယ်တော့မှ မရှိဘူး။ “လို့ ပြောလိုက်တယ်။ ဘယ်လောက် သတ္တိပြောင်တဲ့ ဗိုလ်ချုပ်လဲ။ မျိုးဆက်သစ် ကရင့်တော်လှန်ရေး သမားအားလုံး ဗိုလ်ချုပ် စောစိုင်းကေလို သတ္တိမျိုး မွေးကြပါ။ အတုယူကြပါလို့ အဖူးပြောချင်တယ်။ ဒီတိုက်ပွဲဟာ အဖူးတို့ သွေးမြေကျခဲ့ရတဲ့ နောက်ဆုံး တိုက်ပွဲပဲ။ အဖူးနဲ့ ကရင်အာဇာနည် တော်လှန်ရေး သမားတွေ တော်လှန်ရေး လုပ်တာဟာ “ဗမာနိုင်ငံသား မှတ်ပုံတင် လုပ်ဖို့အတွက် မဟုတ်ဘူး။ ကရင်နိုင်ငံသား မှတ်ပုံတင် လုပ်ဖို့အတွက် သွေးနဲ့ ပေးဆပ်ခဲ့ကြတာပါ။” ဒါကို KNUခေါင်ဆောင်တွေရဲ့ ဦးနှောက်နဲ့ အသဲနှလုံးထဲမှာ သံမှိုရိုက်ထားသလို စွဲမြဲနေပါစေ။ အခုချိန်မှာ ဗမာနိုင်ငံသား မှတ်ပုံတင် ရဖို့ထက် ကရင်နိုင်ငံသား မှတ်ပုံတင် ရဖို့က ပိုအရေးကြီးတယ်။ KNU, DKBAနဲ့ KPCတို့ ကရင့်တပ်မတော်ကို တခုတည်း ဖြ့စ်အောင် ပြန်လည် ဖွဲ့စည်းနိုင်မယ်ဆိုရင် ကရင်နိုင်ငံသား မှတ်ပုံတင် လုပ်လို့ရပြီလို့ အဖူး ပြောချင်တယ်။ ကရင်နိုင်ငံ ရပြီဆိုရင် မှတ်ပုံတင် လိုချင်တဲ့ တချို့ KNUခေါင်းဆောင်တွေကို အဖူး မှတ်ပုံတင် ချက်ခြင်း ထုတ်ပေးမယ်။ အသက် ၇၀ရှိတဲ့ သူကို မှတ်ပုံတင် အခု ၇၀ထုတ်ပေးမယ်။ ၆၅နှစ် ရှိတဲ့သူကို မှတ်ပုံတင် ၆၅ခု ထုတ်ပေးမယ်။ အသက်ကို ကြည့်ပြီး မှတ်ပုံတင် အရေအတွက်ကို ထုတ်ပေးမယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ကြပါလို့ အဖူး ပြောချင်တယ်။ အခု စစ်အာဏာရှင်တွေ လုပ်ပေးမယ့် မှတ်ပုံတင်ဟာ ကောင်းကျိုးထက် ဆိုးကျိုးက အများကြီးပဲ။ ဥပမာ- ကရင်လူမျိုးကို ဖျောက်ဖျက်ခြင်း၊ ကရင်လူမျိုးရဲ့ နာမည်ရှေ့မှ ဂုဏ်ပုဒ်ကို ပျက်ဆီးစေခြင်း၊ KNUမှ လျို့ဝှက်ချက်များ ပျက်ဆီးနိုင်ခြင်း၊ အစရှိသဖြင့် အများကြီး ပါပဲ။ ကရင်လူမျိုးကို ဖျောက်ဖျက်တဲ့ နေရာမှ ဗမာနာမည်ရှိတဲ့ ကရင်တွေနဲ့ ဗုဒ္ဖဘာသာ ကရင်တွေကို ဗမာလူမျိုးထဲ ထည့်သွင်းမယ်။ ကရင်လူမျိုးများရဲ့ ဂုဏ်ပုဒ်ရှေ့က “စော”တို့ “နော်”တို့ နေရာမှာ ဗမာဂုဏ်ပုဒ်ဖြစ်တဲ့ “မောင်”တို့ “မ” တို့ကို ထည့်သုံးမယ်။ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်။ KNUရဲ့ လျှို့ဝှက်ချက် ပျက်ဆီးနိုင်ရတဲ့ အကြောင်းကတော့ မှတ်ပုံတင်လုပ်ပြီဆိုရင် ဘယ်သူက ဘာလုပ်လဲ၊ ဘယ်ဌာနမှာ လုပ်လဲ၊ ဘယ်သူက ထောက်လှန်းရေးလဲ၊ အရပ်ဖက် ထောက်လှမ်းရေးလား၊ စစ်ဘက် ထောက်လှမ်းရေးလား၊ ဘယ်ထောက်လှန်းရေးက ဘယ်ဂွင်မှာ လှုပ်ရှားလဲ အစရှိသဖြင့် KNUရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်သွားနိုင်တယ်။ ကိုယ့်အာနည်းချက်တွေကို ရန်သူက သိသွားပြီးဆိုရင် ကိုယ်ဟာ ရန်သူ လက်ခုပ်ထဲက ရေလို ဖြစ်သွားမယ်။ သွန်ချင်သွန်၊ မှောက်ချင်မှောက်ပဲ။ DKBAနဲ့ မွန်ပြည်သစ် ပါတီကို သင်ခန်းစာ ယူပါ။ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေကြောင့် DKBAရဲ့ အင်အားဟာ ၅ ပုံ ၁ ပုံပဲ ရှိတော့တယ်။ မွန်ပြည်သစ်ပါတီရဲ့ အင်အားဟာလည်း ၇၀၀၀ ကနေ ၂၀၀၀ ပဲ ကျန်တော့တယ်။ ဒီအတိုင်း ဆက်သွားရင် KNUဟာ DKBAနဲ့ မွန်ပြည်သစ် ပါတီလို ဖြစ်သွားနိုင်တယ်လို့ အဖူး ပြောချင်တယ်။

စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။
http://ehkhaungthaunt.blogspot.com/2012/01/blog-post_24.html

2 comments:

Anonymous said...

Thank you very much about your interview. Your skill is look very simple but very valuable for your audiences.

Anonymous said...

Let him do it. Saw TheitSar has no job and he tries to create his work by providing interview. How much did he know Ba Oo Gyi. Fly and blow in the air is meaningless. he knows nothing but want to talk.

Post a Comment