ondragstart="return false" onselectstart="return false"

Friday, December 10, 2010

ချင်းအမျိုးသားအလံ CNF အဆိုပြု

ကျနော်တို့ ကရင်လူမျိုးတွေဟာ ဗမာပြည်ကြီး အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး မရခင် ကတည်းက အမြော်အမြင်ကြီးမားသော ကရင်အမျိုးသားခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့် ကရင်အမျိုးသားအလံတော်ရယ်လို့  ကရင့်အလံတော်ကို ထယ်ထယ်ဝါ၀ါ အမျိုးသားလက္ခဏာတရပ်နေနဲ့  သုံးစွဲလာတာ ကြာပါပြီ။

ယခုပဲကြည့်လိုက်ပါ၊ ချင်းတိုင်းရင်းသားများအနေနဲ့  အမျိုးသားအလံတခု အသက်သွင်းနိုင်ဖို့  အသည်းအသန်ကြိုးစားနေရတုန်းပဲဆိုတာ မျက်မြင်သက်သေပဲ။

ဒီနေရာမှာ ကျနော်တို့ မှတ်ချက်ပေးလိုတာက ကျနော်တို့  ကရင်အမျိုးသားများဟာ ကိုယ့်မှာရှိနင့်နေပြီးသား အဖိုးတန်အရာတွေကို တန်ဖိုးထားရမှန်းမသိဖြစ်နေရုံမက ပေါပေါတန်တန် ထားပြီး သမိုင်းပါပျောက်မယ့် အနေအထားတွေ လုပ်ဆောင်ချက်တွေ တခါတရံတွေ့ နေရပါသည်။ အလံတော်ကိစ္စနဲ့ ပါတ်သက်ပြီး ယခုလက်ရှိပြရမည်ဆိုလျှင် တချိန်က ဒီကေဘီအေ ယခုနယ်ခြားစောင့်တပ် ကို ပြောင်းသွားတဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးချစ်သူ တို့ လို အမျိုးသားသစ္စာဖေါက် လူတွေ ဦးဆောင်နေတဲ့ ကရင်သေနတ်ကိုင် တစ်စုက ကိုယ့်ကရင်အလံလေးတခုကို တောင်မှ မကာကွယ်နိုင်ဘူး ဆိုတာကို အံ့သြစွာတွေ့ နေရပါသည်။ ဒီလူတွေကို နအဖက ကရင်အလံတော်ကိုင်ဆောင် သုံးစွဲခွင့်မပေးတာကိုက သူတို့ ကိုယ်ထဲ၌ရှိသော ကရင့်သွေး ကို ဗမာစစ်တပ်က ဖေါက်ထုတ်ပစ်လိုက်ပြီ ဆိုတာနဲ့  အတူတူပဲဆိုတာ နယ်ခြားစောင့်တပ်လုပ်နေတဲ့ ကရင်သေနတ်ကိုင်တွေ နားလည်သဘောပေါက်ဖို့ လို့ ပါသည်။

မင်းတို့ ရဲ ဘ၀ဟာ ရှေးပြေးတိုက်ခွေးသာသာ တွေပဲ ဆိုတာမင်းတို့ ကို မင်းတို့ သိလိုက်ရင် ကရင့်အလံတော်ကို မင်းတို့  ရှိနေတဲ့ နေရာတိုင်းမှာ အမျိုးသားရေး လုပ်ဆောင်ချက် ပထမအဆင့်အနေနဲ့  ကရင့်အလံတော်ကို ပြန်စိုက်ထူပါ နယ်ခြားစောင့်တပ် လုပ်နေတဲ့ ရဲဘော်တို့ .... နောက်မကျသေးဘူး....အချိန်ရှိသေးတယ်...............
xxxxxxxxxxxxxxxxxxxx

ဆလိုင်းထွန်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းတမျိုးသား ကိုယ်စားပြုမည့် အလံတခု ဖြစ်ပေါ်လာစေရေးအတွက် ကမ္ဘာတဝှန်းရှိ ချင်းလူမျိုးများထံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး CNF က လိုက်လံပြသကာ စည်းရုံးလျှက်ရှိသည်။

မလေးရှား၊ နော်ဝေ၊ ဒိန်းမတ်၊ ထိုင်း၊ စင်္ကာပူ၊ ကနေဒါ အပါအဝင် ၁ဝ နိုင်ငံရှိ ချင်းလူမျိုးများကို ရှင်းလင်းခဲ့အပြီး ယခုအခါ အမေရိကန်နိုင်ငံ ဒေသအနှံ့ CNF ဗဟိုကော်မဝင်အချို့က ပြီးခဲ့သည့်လမှစ၍ ရှင်းလင်းပွဲများ ပြုလုပ်နေသည်။

ဓာတ်ပုံ - CNF အဆိုပြုနေသည့် ချင်းအမျိုးသားအလံ

“ လူမျိုးကို အသိအမှတ်ပြုတဲ့ အလံတခုအောက်မှာ နေချင်တယ်။ တမျိုးသားလုံး လွှမ်းခြုံတဲ့ အလံတခု ရှိသင့်တယ်လို့ ထင်တယ်။ အခုအလံကိုလည်း ချင်းတမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အလံအဖြစ် ရည်မှန်းထားတာပေါ့နော်။ ဒီအလံရဲ့ သင်္ကေတနဲ့ အရောင် ကိုယ်စားပြုမှုတွေကိုလည်း ချင်းလူမျိုးတွေ
ကြိုက်မယ်လို့ ထင်ပါတယ်’’ ဟု CNF ပြန်ကြားရေး တာဝန်ခံ ပူးထက်နီက မဇ္ဈိမကို ပြောသည်။

အလံတွင် အနီ၊ အဖြူနှင့် အပြာ အရောင် သုံးရောင်ကို အလျားလိုက် အောက်ခံထားပြီး အောက်ချင်းငှက် မောင်နှံပုံကို အလယ်၌ ထည့်ထားသည်။ အနီသည် ရဲရင့်ခြင်း၊ အဖြူသည် စင်ကြယ်ခြင်း၊ အပြာမှာ သန့်ရှင်းမွန်မြတ်ခြင်းနှင့် အောက်ချင်းငှက် ပုံများမှာ သစ္စာရှိခြင်းကို ကိုယ်စားပြုသည်ဟု သိရသည်။

’’အားလုံးရဲ့ အလံ၊ တခုလုံးကို ပေါင်းခြုံနိုင်တဲ့ အလံတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ တခုတူတာက ချင်းတွေက အောက်ချင်းငှက်ကို အမှတ်သင်္ကေတအဖြစ် ထားတာတော့ တူတယ်။ Chin National Flag ဆိုတာ မရှိသေးပါဘူး။ အမျိုးမျိုး သုံးတာပဲ။ ချင်းအမျိုးသား နေ့ဆိုရင် ပြည်တွင်းထဲမှာ အလံသီးသန့်ရယ်တော့ မရှိဘူး။
အမှတ်သင်္ကေတကို အောက်ချင်းငှက်ပဲ သုံးကြတယ်’’ ဟု ပူးထက်နီက ဆိုသည်။

၂ဝဝ၈ ဒီဇင်ဘာတွင် ကျင်းပသည့် စတုတ္ထအကြိမ် CNF ညီလာခံ၌ ယင်းအလံကို ရွေးချယ်ခဲ့ပြီး၊ CNF ဒေသဆိုင်ရာ ကော်မတီများ သုံးစွဲခဲ့သည်။

ယခင်က မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများတွင် နေထိုင်သည့် ချင်းလူမျိုးများကို ကိုယ်စားပြုကာ ၃ နိုင်ငံ၊ ၃ လူမျိုးအဖြစ် ဖော်ကြူးသည့်အနေဖြင့် ယခုအရောင်များအလယ် အဖြူရောင် ၆ ထောင့်ကြယ်ကို CNF
အသုံးပြုခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ချင်းပြည်နယ် ယဉ်ကျေးမှု ဦးစီးဌာနက အပြာ၊ အနီ၊ အစိမ်း အရောင်များ အောက်ခံထားပြီး၊ အလယ်၌ အောက်ချင်းငှက်၊ ဘေးတွင် ၉ မြို့နယ် ကိုယ်စားပြု ကြယ် ၉ လုံး ပါရှိသည့် အလံတခုကို ပြည်နယ်အလံအဖြစ် သတ်မှတ်ပေးခဲ့သေးသည်။

CNF အဆိုပြုမှုနှင့် ပတ်သက်၍ ချင်းအမျိုးသားအလံ လိုအပ်နေပြီး၊ ချင်းပြည်သူများကသာ အဓိက ဆုံးဖြတ်မည်ဟု ပြည်တွင်းရှိ ချင်းနိုင်ငံရေးပါတီ ခေါင်းဆောင်များကလည်း ပြောဆိုသည်။

“ချင်းတိုင်းရင်းသားအားလုံး ကိုယ်စားပြုမယ့် အလံ ရှိသင့်တာပေါ့။ ကျနော်တို့ ညီညွတ်တဲ့ဟာ လိုအပ်တာပေါ့။ အလံတခုအောက်မှာ ညီညွတ်တာ ပြနိုင်ရင် အကောင်းဆုံးပေါ့။ ဘယ်သူပဲလုပ်လုပ် ကောင်းတဲ့ဟာဆို အားပေးတယ်။ အလံတခုထဲ ရှိဖို့ဆိုတာက တဦးတယောက် လုပ်ဆောင်ချက်နဲ့ အောင်မြင်မယ်
မထင်ဘူး။ လူအများ ကြိုက်မှပဲ ဖြစ်မှာ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်ကလည်း “ရှိသင့်တာပေါ့။ လူမျိုးတစုက အလံမရှိတာ မကောင်းဘူး။ ရှိကို ရှိသင့်တယ်။ အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်တွင်းပြည်ပနဲ့၊ ချင်းပါတီ ၂ ခုရှိတော့ သူတို့ရဲ့အမြင် မတောင်းရင် ကြာကြာမခံဘူး၊ အောင်မြင်မှာ မဟုတ်ဘူး။ ဒါကြောင့် ချင်းအမည်နဲ့ နိုင်ငံရေးပါတီတွေကို တိုင်ပင်ဖို့ လိုတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် CPP က အမတ်လောင်း ၃၈ ဦး ဝင်ပြိုင်ခဲ့ရာ ၁၁ ဦး အနိုင်ရရှိပြီး၊ CNP က ၂၂ ဦး ယှဉ်ပြိုင်ခဲ့ရာ ၉ ဦး အနိုင်ရရှိခဲ့သည်။

“ကျောင်းသားဘဝမှာ အောက်ချင်းငှက်ကို အားလုံး လက်ခံပြီးသား။ အလံမှာ ငှက်ကလေးကို ကျနော်တို့ သုံးနေကျပါ။ ကြိုပြီးတော့ စဉ်းစားမထားပေမယ့် အလံပေါ်မှာ အောက်ချင်းငှက်ထားတာ ကောင်းတယ်လို့ ထင်တယ်။ တခြား နောက်ခံရောင်တွေတော့ ဒီအချိန်မှာ ဘာလုပ်ဖို့ ကောင်းမယ်ဆိုတာ
မစဉ်းစားတတ်သေးဘူး” ဟု ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ပြောသည်။ သို့သော် တဖွဲ့တမျိုး လိုက်လုပ်ပါက အချင်းချင်း ကွဲပြားနိုင်သဖြင့်
စိုးရိမ်သည်ဟုလည်း သူက ဆိုသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် CNF ကို ၁၉၈၈ ခု မေလတွင် ဖွဲ့စည်းခဲ့သည်။
http://mizzimaburmese.com/news/inside-burma/6568--cnf-.html

No comments:

Post a Comment