ondragstart="return false" onselectstart="return false"

Monday, December 20, 2010

အသွင်ပြောင်းရေး လက်မခံသော SSA တပ်စခန်းအား နအဖထပ်တိုက်

Monday, 20 December 2010 17:21 သျှမ်းသံတော်ဆင့်

အပစ်ရပ်သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁) နှစ်ချုပ် အစည်းအဝေးကျင်းပပြီးမကြာခင် မိုင်းရှူး -ဝမ့်ဟိုင်း ကားလမ်းအနီးရှိ ကေးဆီးမြို့ နယ် ၀မ့်ဆော့ အုပ်စု အနောက်ဘက် ၃ မိုင်ခန့်အကွာ ၀မ့်လွေရွာ ကွန်ကျိုင်း တပ်စခန်းအား နအဖ စစ်တပ်က ထပ်မံတိုက်ခိုက် ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။

“ ၁၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဌာနချုပ် (၀မ့်ဟိုင်း) တောင်ဘက် ၀မ့်လွေရွာတပ်စခန်းကို ဗမာတပ်က ထပ်တိုက်တာ။ နာရီဝက် လောက်ကြာတယ်။ စကခ ၂ လက်အောက်ခံ နမ့်ဇန် ခမရ ၅၁၆ အင်အား ၅၀ ကျော်က မိုင်းနောင်ကနေ ခြေကျင်နဲ့သွားတိုက်တာ။ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ရွာသားတွေကပြောတယ်” - ဟု တပ်မဟာ ၁ မှ အရာရှိငယ်တဦး အသိုင်းအ၀ိုင်းကပြောသည်။

အဆိုပါ နအဖစစ်ကြောင်းမှာ ၁၇ ရက်နေ့က ၀မ့်ဟိုင်းအနောက်ဘက် ခေါက်စန့်အုပ်စု တောပိုင်းဘက်အရောက် ခြေရာဖျောက်၍ နောက်တရက် ၁၈ ရက်နေ့ ညပိုင်း ၀မ့်လွေဘက်ပေါ်လာကာ သျှမ်းတပ်စခန်းအားဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်လက်မခံသည့် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁ ) ခေါင်းဆောင်များ နှစ်ချုပ်အစည်းအဝေးကျင်းပပြီး စီးသည့်နေ့ - ည ၁၀ နာရီတွင် တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ပြီး ၁၉ ရက် မနက်ပိုင်း ၀မ့်ဟိုင်းမှ SSA တပ်အင်အားများ ဖြည့်ဆီးကာ တိုက်ပွဲ အပြင်ဘက်မှ ထပ်မံဝန်းရံ လိုက်သည်ဟုဆို၏။ နအဖစစ်တပ် ထပ်မံကျူးကျော်ဝင်ရောက်လာပါက ပစ်ခတ်ရန်လည်းအမိန့်ထုတ်ထားသည်ဟုသိရ၏။

“သျှမ်းတပ်က အပြင်ဘက်က ၀န်းရံထားပေမယ့် ၁၉ ရက် ညနေ ၅ နာရီလောက် ဗမာတပ်တွေ ၀မ့်လွေ အရှေ့ဘက် လယ်ကွက် တဖက် ခြမ်း ၀မ့်ဆော့ဘက်ထွက်ပေါက်ကို ဖွင့်ပေးလိုက်တယ်။ တိုက်ပွဲကြီးကျယ်သွားရင် ဒေသခံလူထု အထိနာမှာစိုးလို့။ ဒါပေမယ့်ဗမာတွေ ထပ်ဝင်လာရင်တော့ ဌာနချုပ်က နေရာတိုင်း တပ်စခန်းတိုင်း ပစ်မိန့်ပေးထားတယ် ” - ဟု ၎င်းက ဆက်ပြောပြသည်။

အဆိုပါတိုက်ပွဲတွင် နအဖတပ်သား ၃ ယောက်သေဆုံးကာ စကားပြောစက်တလုံး ဆုံးရှုံးခဲ့ကြောင်းမိုင်းရှူးမှ ကျန်းမာရေးဝန်ထမ်း တဦးက အတည်ပြုပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်က ထပ်မံတည်းခြားအတည်မပြု နိုင်သေးပါ။

အလားတူ ၁၉ ရက်နေ့ မိုင်းနန်းမှ နအဖတပ်အင်အား ၁၀၀ ခန့် ၎င်းဒေသတွင်းသို့ ထပ်မံဖြည့်တင်းထားခဲ့သော်လည်း တိုက်ပွဲ ဆက် လက်ဖြစ်ပွားခြင်းမရှိဘဲ ယနေ့အထိ ငြိမ်သက်နေဆဲဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက် က ကျေးသီး- မိုင်းရှူး ကားလမ်း ၀မ့်ဆော့ အခြေစိုက် နအဖတပ် တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ ခန့်က အပစ်ရပ်သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁) ၀မ့်ဟိုင်း ဌာနချုပ် အပစ်ရပ် သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) လက် အောက်ခံ တပ် ရင်း ၂၄ (ကျေးသီး- မိုင်းရှူး ကားလမ်း အနောက်ဘက်ရှိ) အားဝင်ရောက် တိုက်ခိုက်ခဲ့ သေးသည်။ ယခုအကြိမ် တိုက်ပွဲသည် နအဖ ဦးစီး ကျင်းပသည့် နိုဝင်ဘာ ၇ ရက်အထွေထွေ ရွေးကောက်ပွဲ အပြီး ဒုတိယအကြိမ်တိုက်ပွဲဖြစ်သည်။

ယခုနှစ်မေလဆန်းပိုင်းမှစ၍ ပြည်သူ့စစ်အသွင်ပြောင်းရေး ငြင်းဆန်နေသည့် SSA တပ်ဖွဲ့များနှင့် နအဖစစ်တပ်တို့ စစ်ရေးတင်းမာနေရာ ယခုနှစ်အတွင်းအနည်းဆုံးတိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွါးခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1392:-ssa-&catid=86:2008-08-01-03-20-45&Itemid=265

No comments:

Post a Comment