ondragstart="return false" onselectstart="return false"

Wednesday, December 26, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁)

အောင်ထူး (ရှေ့နေ)

စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဖူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ် ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ တကြိမ်မျှ မဝေဖန်ခဲ့ဖူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ပေးခဲ့သော အင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ အနည်းငယ် စတင်ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။

- အင်တာဗျူး နားဆင်ရန် - https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s

(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)

ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ ထုတ်ဖော်ဝေဖန်သင့်သောအချိန် ရောက်ပြီဟု ယူဆသဖြင့် ဤဆောင်းပါးတွဲတစုံ ကို ရေးသားလိုက်ခြင်းဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေးအမြင်၊ မျှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ် အခြေခံ၍ ဝေဖန်မည် မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i] ရှုထောင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။

“တိုင်းပြည်” [ii] အတွက် ဟူသော စကားလုံးကို မသုံးချင်ပါ။ ယင်းကို သုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာ ဝေဖန်ခြင်းဖြစ်ပါမည်။

မိမိ၏ ဤဝေဘန်ရေးဆောင်းပါး ထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံမည့် လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းသို့ ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည်တုံ့ပြန်မည် မဟုတ်ပါ။ သူ့အမြင် ကိုယ့်အမြင် တင်ပြခြင်းဟုသာ သဘောထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းက အဆုံးအဖြတ်ပေးပါမည်။

စာရေးသူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက်လက် ဦးဆောင်လျှောက်လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ရရန် ဝေး၍ တရားမျှတမှုပင် ဖော်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။

“၀မ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။”

“ဥပဒေစိုးမိုးရေး” နှင့် “ တရားမျှတမှု” [iii] တို့ကို ဘယ်လို နှိုင်းယှဉ်လေ့လာမလဲ။

ဥပဒေစိုးမိုးရေး၏ အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏ အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း လိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍ မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကို ကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ ထားလို၍ မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်း သင်ခန်းစာယူ၍ နောင်ကို အလားတူ ပြစ်မှုများ ထပ်မံ မကျူးလွန်စေရန် ဟန့်တားလို၍ ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရလောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။

အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင် အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပုံများနှင့် စပ်လျဉ်း၍ အမှန်တရားကို ဖော်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများ ဆက်လက်ဖြစ်ပွားလာလျှင် ထိရောက်စွာ အရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင် လုပ်ပေးရပါသည်။

“ဥပဒေစိုးမိုးရေး” ရှုထောင့်

ဝမ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။ ဤပုံအတိုင်း ဆက်သွားပါက “ဥပဒေစိုးမိုးရေး” ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့် အမြောက်ထက် ပိုနိုင်ဖွယ်မမြင်။ စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထု အင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှ ဖြစ်လာမည်မဟုတ်။

“တရားမျှတမှု” ရှုထောင့်

ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တရားမှစ၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှ မကြားမိ။ ဖိနှိပ်ရေးယန္တရားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့် ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများကို သုံး၍ အတင်းအကျပ်ပြုနိုင်ခွင့်အာဏာ [iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။

သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင် ဦးဆောင် အကောင်အထည်ဖော်ခဲ့သော စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှူးကြီးဟောင်းတဦး ဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏ သမာသမတ်ဖြစ်မှု [v] မှာ များစွာ သံသယဖြစ်ဖွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များ ကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက် အမိန့်ပေး ဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။

“ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ ‘တရားမျှတမှု’ အခြေခံတွင် ‘တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး’ ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ ရှိသည်။”

သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခု ဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်ခန်းစာယူမည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏ အချက်အချာကျသော နေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကို ရှာဖွေရာ၌ အခြေခံအားဖြင့် ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသော ခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။

ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရားမျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိသည်။

စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့် လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ်သည့် တိုင်းရင်းသား အမျိုးသား အမျိုးသမီး မြောက်မြားလှစွာ ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း၊ လူသတ်၊ စားရေရိက္ခာများ ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက် စုဆောင်း အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း ထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။

ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုထောင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုထောင့်မှ ချည်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။

စစ်အစိုးရအဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ အမှန်တရား ပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထုများအား တိုင်းပြည်က နည်းလမ်းတကျ အသိအမှတ်ပြု၊ ပြုပြင် ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏ နစ်နာမှုများ လျော့ပါးသက်သာအောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှုမပြုခဲ့ပါ။ ဘယ်တော့ ဦးဆောင်မည်ကိုလည်း မမျှော်လင့်နိုင်။ လေသံမျှပင် မဟသေး၍ ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဥပဒေစိုးမိုးရေး

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်း အတော်များများကလည်း “အမျိုးသားပြန်လည်သင့်မြတ်ရေး” [viii] ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့် ရေးသားကာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှု ရှာဖွေရေး အခြေခံမှ တည်ဆောက်မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများ အပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှု [ix]၊ လူမျိုးတုံးသတ်ဖြတ်မှု [x]၊ စစ်ရာဇ၀တ်မှုများ [xi] ဟူသည့် နိုင်ငံတကာရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ရသော ပြစ်မှုမျိုး မဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မည်သို့ ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများ မပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။

ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟု ယူဆလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခု စီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက်ဆက်တွင် ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသူ လူထုများအား အသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏ စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှ လုပ်ဆောင်ခြင်းမပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။

လုံးဝ ပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစု အတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေးသဘော ဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကျေနပ်အောင်) မည်သည့် နည်းနာများဖြင့် ဖော်ဆာင်မည်နည်း။

ပြစ်မှုကြီးများ ကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြရသူများကို မည်သည့် မှတ်တမ်းမျှ မကောက်ယူတော့ဘဲ သည်အတိုင်း ထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျ အသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစားပေးနိုင်မည်နည်း။ မည်သို့ ပြန်လည်ကုစားမည်နည်း။ ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်း ထားလျှင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မထိခိုက်ဟု ယူဆနိုင်မလား။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။”

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့် စပ်လျဉ်း၍ ဘာတခုမျှ ရေရေရာရာ မသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များ ဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့်အသတ်နှင့် စပ်လျဉ်း၍ မည်သူမျှ တိတိကျကျ မသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှ ပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ်ထားခြင်းလည်း မတွေ့ရ။

သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများ ဆက်လက် ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူ အပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်အရ အစဉ်တစိုက် ခွင့်လွှတ်သွားရမည့် သဘောဆောင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀ နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။

ပြစ်မှုကြီးပေါင်း မြောက်မြားစွာ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာ ထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ဆောက်ရေးခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုး ဘာကြောင့်မထွက်သလဲ။ စစ်အာဏာရှင်များ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် လှပသော စကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူ ဆောင်ရွက်မှုမပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရုံသာမက လူထုအတွက် “တရားမျှတမှု” ပင် မမျှော်မှန်းနိုင်တော့ ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့ မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ ပြောရမည့် အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာ ဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခု သူမ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရနှင့် အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး [xii] ဖြစ်နေသည်။ နှစ်ဘက်လုံးမှနေ၍ သူမအပေါ် အမုန်းမပွားစေဘဲ မေတ္တာခံယူသွားနိုင်စေမည့် လမ်းကြောင်းမျိုးဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက် လုံးဝမကောင်းပါ။

စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌ မားမားမတ်မတ် ရပ်ပြီး ၄င်းတို့ ဆုံးရှုံးနေသော အခွင့်အရေးအများအတွက် ခိုင်ကျည်စွာ ရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့် ပေါ်ပေါက်သည့် လူထုဘ၀ ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်း ထောက်ပြ၊ ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။

“ဥပဒေစိုးမိုးရေး” ပျက်ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။

ဤမေးခွန်းကို မေးဖွယ်ရှိသည်။ လူထုများ၏ တာဝန်ကို သိစေချင်၍ အားလုံး လေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ညွှန်းရခြင်းမှာ သူမ တဦးတည်းက လူထုခေါင်းဆောင်နေရာတွင် ရယူထား၍ ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှစာတွင် ထိရောက်စွာ ခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖောက်ကျော်တက်ပြီး လုပ်၍ မရနိုင်သည့် အခြေအနေကို တွေ့မြင်နေရ၍ဖြစ်သည်။

စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနှိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်ကလေး ဖြစ်နေသဖြင့် အစိုးရ၏ အာဏာကို ထိန်းညှိနိုင်သည့် ညီမျှခြေ လူထုတွင် ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင် အသွင်းပြောင်းဖို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့် တကောင်မှာမူ ဆင်ကြီးဘ၀သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်းဆင်ကြီးသည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊ ဖွေးဖွေးဖြူ ကြံ့ခိုင်သော မိမိ၏ အစွယ်ကြီးကို ပင့်လျက် ကျားကြီးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သို့ရာတွင် ယင်းသို့ ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ ကျောကို နှာမာင်းကြီးနှင့် ပွတ်သပ်ကာ အကျွမ်းတ၀င် ပြုလျက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်း ချီးမွမ်းခန်းတွေ တခုပြီး တခု ဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကိုမူ မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကို ဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့် အန္တရာယ်ကို ကြောက်နေရဆဲရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူ ရှုမြင်သည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန် ...

အောင်ထူး (ရှေ့နေ)
ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ်

7 comments:

ukcservice said...

သန်းရွေ(physical)အစိုးရ။သိန်းစိန်(spiritual)အစိုးရ။ပန်းတိုင်အတူတူသွားကြတာပါဘဲ။အောင်ဆန်းစုကြည်အသုံးခံတန်ဆာပလာ၊။

မောင် ရိုး said...

ဆရာ အောင်ထူးရေ နောက်ဆုံးတော့ ပယော်ဟာ
ပယော်ပါဘဲ ဒီပုတ်ထဲက ဒီပဲဘဲပေါ့

sp said...

ဒီမိုကရေစီဆို တာ..အဲဒီမှာစတာဘဲ ဦးအောင်တူးရေ...ပိုဂိုလ်စွဲ..၀ါဒစွဲမရှိ..အကြောက်တစ်ရားမရှိဘဲ...မိမိ အမြင်ကို ဖြစ်စေ ..တစ်ကယ်ဖြစ်ပြက်နေတာကိုဖြစ်စေ..လိပ်ပြာသန့် စွာဝေဖန်နိုင်..ဝေဖန်ရဲရမည်.ဝေဖန်တဲ့နေရာမှာလည်းအပြုသဘောဆောင်ရမည်...ကျနော်လည်းအန်တီစုရဲ့ လုပ်ဆောင်မှုတွေကို လိုက်ပြီး ဦးနောက်မှီသလောက် စဉ်းစားကြည့်တာ..၁။ အန်တီစု ဟာ သူလွတ်မြောက်ပြီး လွတ်လပ်စွာလှုပ်ရှားနိုင်ရေး.၊ယခုလိုအပြောင်းအလဲ ပုံစံမျိုးဖြစ်ပေါ်လာအောင်..စစ်အစိုးရနှင့် အကြီးမှားဆုံး အပေးအယူကြီးတစ်ခုကို လူထုတွေနောက်မှာ လုပ်ထားသလား..လုပ်ထားခဲ့တာဆိုရင် အဲဒီဟာတွေဟာဘာလဲ..ဘယ်အတိုင်းအတာအထိရှိလည်း..၂။အန်တီစုဟာ အသုံးချခံနေရတာလား...အဲဒီလို အသုံးချခံနေရတာဆိုရင်..အဲဒါကို သူတစ်ကယ်မသိတာလား..သိသိရင်းနှင့် အသုံးချခံနေတာလား..၃။သူကိုယ်တိုင်က အစိုးရလူဖြစ်နေပြီလား....ဒီနာမ်ပါတ်သုံး ကတော့နည်းနည်း
တော့ပြင်းထန်သွားမည်လို့ သုံးသပ်ကြပါလိမ့်မည်...ဒါပေမည့်ဒါဟာလည်းစဉ်းစားစရာတစ်ခုပါ...ထိုင်းနိုင်ငံလောက်ကိုတော့ခြေဆန့်ခွင့်မ၇ခဲ့တဲ့အန်တီစုဟာ အင်္ဂလန်..အမေရိကန်နှင့်တစ်ခြားနိုင်ငံတွေအထိလွတ်လပ်စွာသွားလာခွင့်တွေကိုရနေပြီး..လူထုတွေကဘာမှန်းမသိနေခဲ့သေးတဲ့သိန်းစိန်အစိုးရကို ၁၀၀ ရာခိုင်နှုန်း
ထောက်ခံတာတွေ..ကူညီဖို့ တိုက်တွန်းတာတွေကို အသည်းအသန် လုပ်နေ
ခဲ့ပါတယ်..ဘာကြောင့်လဲ..အန်တီစုပါဝင်တဲ့ကျေးနီစီမန်ကိန်း နှင့် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှု စုံစမ်းစမ်းစစ်ဆေးေ
ရး အစီအစဉ်မှာ ၈၈ ကျောင်းသားတွေက ပါဝင်ဖို့ ဘာကြောင့်ငြင်းဆန်ခဲ့ရတာလဲ...
တိုင်းရင်းသားပြသာနာအဓိကဖြစ်နေတဲ့မြန်မာနိုင်
ငံမှာတိုင်းရင်းသားတွေအတွက် အဓိက ဖြေရှင်းပေးတဲ့ ထိပ်တိုက်ဖြေရှင်းပေးမှူလုံးဝမတွေ့ ရသေးပါဘူး..အင်း..အင်္ဂလန်ကိုသွားခါနီး
ကတော့.အင်္ဂလန်က အဓိကကျွေးတင်..အင်္ဂလန်နိုင်ငံကလုံးဝ မကင်း..တာဝန်ရှိနေသေးတဲ့ ကရင်လူမျိုးတွေနေထိုင်တဲ့ ဒုက်ခသည်စခန်းကိုတော့..ဒီမှာတွေ့ လာအင်္ဂလန်ရေ...ငါ့ ကိုကရင်လူမျိုးတွေလည်းလက်ခံတယ်ဆိုတာ
မျိုးအနေနှင့် ဟန်ပြသွားလည်ခဲ့တာမျိုးတော့ရှိခဲ့ပါတယ်..
အခုကချင်ပြည်မှာဖြစ်ပြက်နေတဲ့ မတရားသောစစ်ပွဲမှာလည်း အန်တီစုဆီက
ဘာအသံမှအကြားခဲ့ရသေးပါ..ဘာကြောင့်လည်း..အခုဆိုအစိုးရက ငြိမ်းချမ်း
ရေးကိုယ်စားလည်ဆိုသူတွေဆီကတစ်ဆင့်တောင် ကချင်တိုင်းရင်းသားတွေကို ပေါ်တင် ကြီးရာဇသံတွေပေးနေပါပြီ...တိုင်းရင်း
သားပြသာနာဆိုတာ ဟိုးနိုင်ငံရေးပါတီတွေအတိုက်အခံအဖွဲ့အစည်းတွေ
ဖင်ထိုင်ခုံလှုကြမည့်လူတွေ..မပေါ်ပေါက်လာခင်ကတည်းက တိုင်းရင်းသားတွေဟာသူတိုဲံ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေအတွက်တိုက်ပွဲဝင်နေခဲ့တာပါ..ဒါကြောင့်
မြန်မာနိုင်ငံကြီးဟာ ဒီင်္မိုကရေစီဆိုတဲ့ရေးပန်းစားနေတဲ့ စံနစ်ကြီးကိုပိုင်ဆိုင်
သွားခဲ့ပြီဆိုရင်တောင် တိုင်းရင်းသားတွေရဲ့ရသင့်တဲ့အခွင့်အရေးကို သမာသမတ်ကြစွာမဖြေရှင်းပေးနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီးဟာမပြီးဆုံး
နိုင်သေးသလို မြန်မာနိုင်ငံရဲု့စစ်မှန်သောငြိမ်းချမ်းရေြး့ကီးဟာလည်းအလှမ်း
ဝေးနေဦး မှာ မလွဲ မသေပါဘဲ..

hotladylay@gmail.com said...

သမတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ စီးကမ်းရှိတဲ့ဒီမိုကရေစီ။ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားဥပဒေစိုးမိုးရေးလမ်းစဉ်။အမေရိကန်သမတအိုဘားမားရဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေးချစ်ကြည်ရေးခရီးစဉ် အဲဒါတွေအားလုံးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး။တိုင်းရင်းသား အစုအဖွဲ့အသီးသီးရဲ့ အရေးတွေနဲ့ လားလားမျှမသက်ဆိုင်သလို သီးခြားကြီးဖြစ်နေတာထင်ရှားနေပါပြီ။လက်နှက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးကိစ္စ။KIA နဲ့ SSA နယ်မြေထဲက တိုက်ပွဲတွေကိစ္စ KNU အပါအ၀င် အခြားလက်နှက်ကိုင်အဖွဲ့ငယ်တွေနဲ့ ကိစ္စတွေမှာ သမတဦးသိန်းစိန်အစိုးရဟာ နာမယ်သာခံပြီး ဘာမှလုပ်ပိုင်ခွင့်အာဏာထိရောက်မှုမရှိခြင်းသည်၎င်း ထိုကိစ္စများကို (ကာလုံ)မှတိုက်ရိုက်ကိုင်တွယ်နေခြင်းသာဖြစ်ရမည်။ကျေးနီတောင်သပိတ်ဖြိုခွင်းရေးကိစ္စနှင့် ယခင်အာဏာရှင်စစ်အစိုးရနှင့် ၄င်းတို့၏ခရိုနီအုပ်စုများ ဦးပိုင်နှင့်အကျိုးတူလုပ်ကိုင်ခဲ့သည့်နိုင်ငံခြားကုမ္မဏီများ၏ စီမံကိန်းများဆက်လက်ရပ်တည်အကောင်အထည်ဖေါ်ရေးကိစ္စများကိုလဲ(ကာလုံ)များကအစွမ်းကုန်ကာကွယ်ကိုင်တွယ်နေခြင်များကို ၄င်း လေ့လာထောက်ရှုကြည့်ရခြင်းအားဖြင့် ဒီမိုကရေစီမဖြစ်ထွန်းသေးတဲ့နိုင်ငံ စစ်တပ်(ကာလုံ)အာဏာကို သမတကမပိုင်သေးသောနိုင်ငံတွင် သမတဖြစ်ချင်သည်။အာဏာရချင်သည် အာဏာရမှ တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်နိုင်မည် ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ အဆိုကို လက်ခံနိုင်စရာလုံးဝမရှိပါ အဘယ့်ကြောင့်ဆိုသော် လက်ရှိသမတဦးသိန်းစိန်ပင် အာဏာအစစ်အမှန်ကို သူမရရှိသေးပါ။အမေရိကန်နိုင်ငံကဲ့သို့ သမတဖြစ်ပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန်စစ်တပ်ကိုချက်ခြင်း အာဏာပေးနိုင်မည့်နိုင်ငံမဟုပ်ပါ။သမတဟာ(ကာလုံ)ရဲ့ရှေ့က သရုပ်ပြဖြစ်နေလို့သာ နျူကလီးယားကိစ္စကို သမတဦးသိန်းစိန်က လာရောက်စစ်ဆေးခြင်းကိုခွင့်ပြုပါမည်ဟုပြောဆိုအပြီး ဗိုလ်လောင်းဆင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က နျူကလီးယားစွမ်းအင်ကိုလူသားအကျိုးပြုကိစ္စရပ်များတွင်သာအသုံးပြုမည်ဟုပြောဆိုချင်း ၂ ချက်မှာ အဆက်အစပ်ရှိနေသည့်အတွက် ဂျပန်နိုင်ငံတွင်ဖမ်းမိသည့် နျူကလီးယားပစ္စည်းများအတွက် အမေရိကန်မှ ဦးသိန်းသိန်အစိုးရအား ဖြေရှင်းချက်တောင်းထားသည်ကို ၂ယောက်ပေါင်းဖြေရှင်းလိုက်ခြင်းမှာထင်ရှားလှပေသည်။အချုပ်အားခြင့်ဆိုရသော် ပါတီမှတ်ပုံတင် လွှတ်တော်ထဲဝင်ရောက်ကာ ၂၀၀၈ ဥပဒေကိုပြင်ဆင်ဖို့ကျိုးစားပြီးနှဖူးတွေ့ဒူးတွေ့ အနီးကပ်ဆက်ဆံနေပြီး ပညာရှိအတွေးအခေါ်အလွန်မြင့်သော ဒေါ်အောင်ဆန်းစူကြည်တယောက်အခြေအနေအရပ်ရပ်ကို အသိဆုံးဖြစ်ပေလိမ့်မည် ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် လမ်းကြောင်းပြောင်းသွားရသနည်းဆိုတာ စဉ်းစားကြရမည့်အချက်ပါ။စာရေးဆရာအထက်ကပေးခဲ့သည့်ဥပမာကိုထပ်ပြီးထင်ရှားအောင်ပြောရလျှင် (ဆင်ကြီးနောက်မှယုံငယ်လေးများရှေ့ကိုမမြင်ရသလို)မီးရထားခေါင်းတွဲနှင့်တူသော ဒေါ်အောင်ဆန်းစုကြည်၏နောက်မှ ရထားတွဲများနှင့်တူသောပြည်သူလူထုကြီးသည် ရှေ့မှရထားစက်ခေါင်း ဘယ်(သို့)ညာသို့ မသိမသာ လမ်းကြောင်းပြောင်းသွားခြင်းကို မသိနိုင်ကြပါ အဘယ့်ကြောင့်ဆိုသော် သူ့ပေါ်တွင်ထားသော လေးစားယုံကြည်မှုကြောင့်ပင်ဖြစ်သည်။ ထိုရထားကြီး ဘယ်။ညာ ကွေ့လမ်းကြောင်းပြောင်းခြင်းကို ဆောင်းပါးရေးသူအပါအ၀င် နိုင်ငံရေးလေ့လာသူများသိနေခြင်းမှာ ထိုရထားကြီး၏ နောက်မှတွဲများမဟုပ်ပဲ အပြင်မှကြည့်သောကြောင့်မြင်နေရခြင်းဖြစ်ပါသည်။ အချုပ်အားဖြင့်ပြောရလျှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တယောက် အဆင်အပြေဆုံးလမ်းကို ညှိပြီးလျှောက်သွားပါပြီ ထိုလမ်းသည် ပြည်သူလူထု အထူးသဖြင့် တိုင်းရင်းသားအစုအဖွဲ့များအတွက် အခွင့်အရေးနဲပါးသွားပြီဖြစ်ကြောင်း သုံးသပ်မိပါသည်။

Min Gao said...

"ပယော်ဟာပယော်ပါဘဲ့ " တဲ့
ကျဉ်းလိုက်တာ့  တွေးပုံက့  ပုတ်တောင်းထဲဝင်ပြီးတွေးနေသလိုပဲ
ဘာပုတ်လဲတော့မသိ
တကယ်ဆိုဆရာအောင်ထူးလဲပယော်ဘဲ ဒါဆိုသူလဲ ဒီပုတ်ထဲကဒီပဲဘဲပေါ့

မောင် ရိုး said...

ငါပြောတဲ့ပယော်က မဟာအစွဲရှိသူတွေကို ရည်ညွန်းတာပါ
ဘဝတူပယော်တွေကို ပြောတာမဟုတ်ပါဘူး ရိုးသားစွာဝန်ခံရရင် ငါက သာမန် တောသားတယောက်ပါ ဒီအပေါ်က ဆရာကြီးတွေရဲ့ အဆင့်ကို နဲနဲလေးတောင်မှမမှီပါဘူး အသုံးအနှုံး ညံ့ဖျင်းတာကို နားလည်ပေးပါ

Nay Htoo said...

ပယော်လာ။ကရင်လာ။ကချင်လာ။ကယားလာ။ချင်းလာ။ရခိုင်လာ။ရိုဟေဂျာလာ။မလိုဘူး။ဒါပေမဲ့တနိုင်ငံလုံးအတွက်မရည်ဘဲ၊ငါ့အဖွဲ့အစည်း၊ငါ့လူမျိဪး၊ငါ့နယ်မြေ၊အဲဒီငါတွေကပြသနာ၊၊၊၊၊၊၊၊၊၊၊၊၊၊ခေါင်းဆောင်တွေရဲ့နုလုံးသားမုာငါတွေများနေလို့၊၊ငါပပျောက်နိုင်ငံမဖြောင့်။

Post a Comment