ondragstart="return false" onselectstart="return false"

Saturday, June 15, 2013

မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တဆိုင်းငံ့မည်

by ယုဇနကိုကို

မြန်မာအလုပ်သမားတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် မလေးရှားနိုင်ငံကို အလုပ်သမားတင်ပို့မှု ခေတ္တရပ်ဆိုင်းငံ့ထားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေစတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေကြောင့် မြန်မာအလုပ်သမားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး နှစ်ပတ်နီးပါးအကြာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေအားလုံးကို ညွှန်ကြားထားတာပါ။

ဒါနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန ရုံးအဖွဲ့မှူးက “လတ်တလောအခြေအနေအရ ခေတ္တခဏ ဆိုင်းငံ့ထားတဲ့သဘောပါ။ အခြေအနေတွေ အေးချမ်းသွားရင် ပြန်လွှတ်မှာပါ။ ကျနော်တို့က အေဂျင်စီတွေကို ဒီကာလကတော့ မလွှတ်သင့်တဲ့အခြေအနေ နားလည်ပေးပါလို့ တောင်းခံထားတာပါ။ ယာယီခဏ ထိန်းထားတဲ့သဘောပါ။ အေဂျင်စီတွေကိုလည်း နားလည်အောင် ရှင်းပြပေးဖို့ အေဂျင်စီအသင်းချုပ်ကို ပြောထားပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်ဝင်းစတား ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းကတော့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အလုပ်သမားဝန်ကြီးဌာနက မလေးရှားကို အလုပ်သမား စေလွှတ်မှု ခေတ္တရပ်ဆိုင်းတာမဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ပြောတက အလုပ်သမား လေဘာကတ်လုပ်ဖို့ ခဏရပ်ဆိုင်းထားတာပေါ့။ လေဘာကတ်လုပ်ပြီးသားတွေကတော့ စေလွှတ်လို့ရတာပေါ့။ လေဘာကတ်လုပ်တာကို ခဏရပ်ဆိုင်းတာပါ။ သူ့ရဲ့ လုပ်ရိုးလုပ်စဉ်အရ လေဘာကတ်ရပ်ဆိုင်းလိုက်ပြီဆိုရင် ဗီဇာမရဘူး။ မရရင် ထွက်ခွင့်မရဘူး။ လေဘာကတ်လုပ်ထားပြီး လေယာဉ်လက်မှတ် ၀ယ်ထားပြီးသားသူတွေတော့ သွားခွင့်ရှိတာပေါ့။”

မလေးရှားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းဖို့သွားရောက်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ဘက်ကတော့ ကပုန်းဘုန်းကြီးကျောင်းနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမားမိသားစုတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား သွားရောက်မှုဟာ မရှိသလောက်ကို နည်းနေပြီလို့ ရန်ကုန်အခြေစိုက် အလုပ်သမားစေလွှတ်မှု အေဂျင်စီတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင်ခွင့်ပြုပေးထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် စုစုပေါင်း ၁၆၆ ခုရှိပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/40631

No comments:

Post a Comment