ondragstart="return false" onselectstart="return false"

Sunday, June 30, 2013

ဆရာကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း

စိတ်ဝင်စားစရာ ကောင်းတဲ့ ဆရာကျော်ဝင်းရဲ့နိုင်ငံရေးသုံးသပ်ချက်တွေ လေ့လာကြည့်ပါလား။

-၀င်းဖေမောင်-
.၂၆-၆.၂၀၁၃

ဝင်းဖေမောင် ။ ။ ဆရာ မြန်မာ နိုင်ငံရဲ့ ပကတိအခြေအနေ သုံးသပ်ပေးပါခင်ဗျာ။

ကျော်ဝင်း ။ ။ Reform က ပြောမယ်ဆိုရင် မြန်တယ်ပေါ့ဗျာ။ မြန်တာက ကောင်းတော့ ကောင်းတယ်ပေါ့။ ဒါပေမယ့် သူနဲ့တွဲပြီးတော့ Institutionalization က လိုက်နိုင်ရင်တော့ ကောင်းတာပေါ့။ အခုဟာ Institutionalization က မလိုက်နိုင်ဘူး။ ဒါကလည်း အပြစ်တင်လို့တော့ မရဘူးပေါ့ဗျာ။ အကြောင်း ကြောင်းကြောင့် ခက်တာဗျ။ တဖက်က အထိန်းအကွပ် မရှိဘူးပေါ့ဗျာ။ Institution က အားမရှိဘူးပေါ့ဗျာ။ Liberalization ကလည်း သိပ်ပြီးတော့ သွက်နေတယ်။ Economic Reform က ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်တော့ လုပ်နေတာပဲ။ ဒါပေမယ့် သာမန်လူထုအတွက် concert အခုထက်ထိ မထွက် ရသေးဘူး။ လူတွေက အရင်အတိုင်းဘဲ။ ဒါပေမယ့် ပြောရေးဆိုခွင့်က များလာတာ။ အဲဒီနှစ်ခုက သိပ်အဟပ်မညီတော့ အချိန်မရွေး ဘရိတ်ပေါက် နိုင်တာပေါ့။ အခုလည်း ခဏခဏ ဖြစ်နေတာ။ အဲလို ပြဿနာတွေ ဖြစ်လာရင်လည်း Institution က အဆင်သင့်ရှိရင် ထိန်းလို့ရတယ်။ အခုမရတော့ လူနဲ့ပဲ ထိန်းနေရတာ။ လူဆိုတာကလည်း ခက်တာက အားလုံးက capacity က သိပ်ပြီးရှိကြတာ မဟုတ်ဘူး။ အကျင့်တွေက အရင်းအတိုင်းဘဲ။ ကြောက်စရာကြီးဗျ။ အချိန်မရွေး ဒါကြီးက ဘရိတ်ပေါက်ပြီးတော့ နောက်ပြန် သွားနိုင်တယ်။ ကျွန်တော်တို့က အဲဒါ စိုးရိမ်တာဘဲ။ ဒီအပြောင်းအလဲလေး ကလည်း ကျွန်တော်တို့ တစ်သက်မကြုံဖူးဘူး။ အေးအေးညောင်းညောင်း ရှေ့ဆက်ကျရင် ကောင်းတာပေါ့။ ဒါပေမယ့် အနေအထားက ပြောလို့မရဘူး။

ဝင်းဖေမောင် ။ ။ လွှတ်တော်ရဲ့ performance ကို ဆရာသုံးသပ်ချက်လေး သိပါရစေ။


ကျော်ဝင်း ။ ။ Capacity နိမ့်တယ်လို့ ပြောကြတယ်ပေါ့။ ကျွန်တော်ကတော့ အပြစ်မတင် ပါဘူး။ ကျွန်တော်တို့ဆီမှာ လွှတ်တော်မရှိတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ ကျွန်တော့်အသက်ပဲ ၆၁ ဗျာ။ တော်လှန်ရေးကောင်စီ တက်တုန်းက ကျွန်တော် ဆယ်နှစ်ပဲ ရှိသေးတယ်။ အဓိပ္ပါယ်က ဒီမိုကရေစီ ၁၀ နှစ်သားအရွယ်မီတယ် လို့တောင် ပြောလို့ရတယ်။ ဒီအတွေ့အကြုံတွေ မရှိကြဘူး။ တဖက်က ပညာရေးကလည်း မပြည့်စုံဘူး။ မဆလခေတ်ထဲက သင်ရတဲ့ Political Science က ပညာမှ မဟုတ်တာ။ ၀ါဒဖြန့်ချီရေးပဲ။ ဒီအားနည်းချက်တွေရှိတာ နိမ့်မှာပဲ။ ကျွန်တော်ကတော့ အပြစ်မတင်ပါဘူး။ ပြဿနာတော့ နည်းနည်း ရှိတယ်ပေါ့။ ဆိုးတာက လွှတ်တော်နဲ့ သမ္မတဖြစ်နေတာ။ ဒါကတော့ personal clash ပဲ။

ဝင်းဖေမောင် ။ ။ Personal Clash ဆိုတာက

ကျော်ဝင်း ။ ။ ဦးရွှေမန်းပေါ့ဗျာ။ ဦးခင်အောင်မြင့်တော့ မဟုတ်ပါဘူး။

ဝင်းဖေမောင် ။ ။ ဦးရွှေမန်းနဲ့ ဖြစ်နေတာဆိုတော့ ဆရာရေ ဘယ်လို Harmony ဖြစ်ရင် ကောင်းမယ်ထင်ပါသလဲ။

ကျော်ဝင်း ။ ။ အမှန်ကတော့ ဖြစ်သင့်တာဗျာ။ သူတို့က တစ်ပါတီထဲကလာတယ်။ တပ်ကနေလည်း လာတယ်။ ဒီလောက်ကြီးတော့ တင်းတင်းမာမာ မရှိသင့်ဘူး ပေါ့ဗျာ။ သဘောထားမှာ တင်းတင်းမာမာ ကွဲစရာအကြောင်းမရှိပါဘူး။ အကြောင်းကြောင်းတွေလဲ ရှိတာပေါ့။ ကျွန်တော်လဲ သေသေချာချာတော့ မသိဘူး။
ဖြစ်နိုင်ချေတွေကတော့ ဦးရွှေမန်းက အထက်ကကိုးဗျ။ အခုတော့ သူ့ဘက်က တစ်မျိုးဖြစ်ချင်ဖြစ်မှာပေါ့။ သူက အောက်ကလည်း ဖြစ်သွားတာ။ အရင် ဦးရွှေမန်းက နံပါတ် ၃ ပဲ။ အဲဒီအောက်မှာ သေသွားတဲ့ ဗိုလ်ချုပ်စိုးဝင်း ရှိသေးတယ်။ ဗိုလ်ချုပ်စိုးဝင်းအောက်မှာ ဦးသိန်းစိန်။ တဆင့်တော့ နိမ့်တယ်။ အပေါ်ရောက်တော့ ဒါကလည်း သူကျေလည်ချင်မှ ကျေလည်မှာပေါ့။ ဒါပဲရှိတယ်။ အဲဒါကြီးကတော့ သိပ်မကောင်းဘူးထင်တယ်။

ဝင်းဖေမောင် ။ ။ ဆရာရေ အများစုကတော့ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရရေး ဦးတည်နေတာ တွေ့ရတယ်။ ဦးရွှေမန်းရော သမ္မတရည်မှန်း ထားတယ်လို့ ထင်ပါသလား။

ကျော်ဝင်း ။ ။ ဖြစ်နိုင်တာကိုး။ သိပ်ဖြစ်နိုင်တာပေါ့။ အဲဒါ ပြဿနာဗျ။ အခုဟာ ကျွန်တော်တို့က စကတည်းက ၂၀၁၅ အတွက် ပူနေတာ။ ၂၀၁၅ မှာ crisis ဖြစ်နိုင်တယ်။ အခုဟာ ၂၀၁၅ မရောက်ခင်ကို ပူနေရပြီ။ Challenge တွေက များတယ်။ ခုဟာ ပြန်ကြည့်တော့ အပြောင်းအလဲတိုင်း Hard Liner နဲ့ Soft Liner ဆိုပြီးတော့ ရှိတာပေါ့။ သမ္မတက မရှိဘူးပြောတာ။ သူကတော့ ဒီလိုတော့ ပြောရမှာပေါ့။ ဒါပေမယ့် ရှိနိုင်တယ်ဗျ။ တခုတော့ ရှိပါတယ်။ Hard Liner တချို့က အပြောင်းအလဲတစ်ခုလုံးကို စိန်ခေါ်လောက်အောင်ထိတော့ သူတို့အင်အားချင်းက မတူဘူး။ ဘာလို့လဲဆိုတော့ ဒီအပြောင်းအလဲက ဦးသန်းရွှေ စတာ။ ဦးသန်းရွှေ ဆန့်ကျင်လောက်အောင် ဘယ်သူမှ လုပ်ရဲမယ် မထင်ပါဘူး။ အဲဒီတော့ Hard Liner ကလည်း ပြောပလောက်အောင် မရှိဘူး။ ဒါပေမယ့် Conservative တော့ ရှိနိုင်တယ်။ ဘာကွာလည်းဆိုတော့ Hard Liner က အပြောင်းအလဲ တစ်ခုလုံးဆန့်ကျင်တယ်။

Conservative က political reform ပဲ ဆန့်ကျင်တယ်။ ဒါပေမယ့် economic reform ကို ဆန့်ကျင်တဲ့အခါမှာ သူ့ Interest တွေရှိတာကိုး။ အဲဒီလို လူမျိုးတွေ ရှိနိုင်တယ်။ ဒါပေမယ့် သေချာတာက အခုချိန်ထိ Hard Liner ပဲ ပြောပြော Conservative ပဲ ပြောပြော သူတို့က အစိုးရဘက်မှာ အပေါ်စီးရဟန်တော့ မရှိဘူး။ အပေါ်စီးက ဦးသိန်းစိန်ပဲ ရထားတာ။ ဦးသိန်းစိန်ကတော့ ရှားရှားပါးပါး လူကောင်းပေါ့ဗျာ။ ဒါပေမယ့် ဒါကလည်း အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ Challenge တွေ သိပ်များလာရင် ဒီ Hard Liner တွေ အပေါ်စီး ပြန်ရောက်ချင် ရောက်သွားနိုင်တယ်။ မသေချာဘူးပေါ့။ အတိုက်အခံဘက်ကလည်း မထူးဘူး။ Moderate ရှိသလို Militant လည်း ရှိနိုင်တယ်။ ဒါပေမယ့် ခုထိက ကံကောင်းတယ်။
Moderate အုပ်စုက အပေါ်စီးရနေတာ။ သို့သော် မြန်မာပြည်မှာ Militant Trend က ကြီးကြီးမားမားကို ရှိတယ်။ အခြေအနေ မကောင်းလို့ ငုံနေတာ။ သူလည်း အချိန်မရွေး ပြန်လာနိုင်တယ်။ အဲဒီအုပ်စုတွေ အပေါ်စီးရသွားရင် အနာဂတ်က မကောင်းနိုင်ဘူး။ ကျွန်တော်ကတော့ ထင်တယ်။ ဒီနှစ်လည်း ကြုံအုံးမှာဘဲ။ လက်ပံတောင်းလို အလားတူကိစ္စတွေ။ အဲဒါတွေ ဘယ်အချိန် ဘရိတ်ပေါက်မလဲ လန့်နေရတာ။ ထိန်းနိုင်သိမ်းနိုင်ကြရင် တော့ ကောင်းတာပေါ့ဗျာ။ ၂၀၁၅ ကတော့ အဆိုးဆုံးပေါ့ဗျာ။ ၂၀၁၅ မှာ free & fair ဖြစ်မဖြစ် မသေချာဘူးဗျ။

ဝင်းဖေမောင် ။ ။ ဘာဖြစ်လို့ မသေချာဘူးလို့ ဆရာပြောနိုင်တာလဲ။

ကျော်ဝင်း ။ ။ ဘာဖြစ်လို့မသေချာဘူးဆိုတော့ free & fair တကယ်လို့ဖြစ်ခဲ့ရင် NLD Landslide နိုင်မှာပဲ။ ဒါကလည်း By-election အတွေ့အကြုံပဲ။ အဲလို နိုင်သွားရင် အာဏာလွှဲမလွှဲ မသေချာဘူး။ ဘာလို့ မသေချာလည်းဆိုတော့ Constitution ရှိတယ်။ Constitution က ကာလုံပေါ့ဗျာ။
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပေါ့။ သူက အရေးပေါ် အခြေအနေ ကြေငြာလို့ရတယ်။ ဘာလို့လည်းဆိုတော့ တပ်ကလုပ်ချင် လုပ်လို့ရတယ်။ အဲဒီတော့ နိုင်ပြီးမှ အာဏာမလွှဲရင် သူတို့ နာမည်ပျက်မယ်။ သိက္ခာကျမယ်။ အဲဒါ ညစ်မလား။ ညစ်ရင်လည်း သိက္ခာကျမယ်။ ဒါပေမယ့် ညစ်လိုက်တာက သိက္ခာကျတာ နည်းနည်းတော်အုံးမယ်။ အဲဒီတော့ Larry Diamond တို့က အကြံပေးတာ ရှိတယ်။ Constitution အကုန်လုံး မပြင်နိုင်ရင် အခုလောလောဆယ်မှာ အပေါ်စီးရနေတဲ့ အစိုးရဘက်က ဦးသိန်းစိန်၊ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ ညှိပါ။ အကုန်းလုံးပြင်ဖို့ မဟုတ်ပါဘူး။

ကာလုံက အရေးပေါ်ကြေငြာလို့ ရတယ်ဆိုတဲ့အချက်ကို ညှိပါ။ ဒါဆို နိုင်ငံရေး crisis ကို ရှောင်နိုင်တယ်ပေါ့။ လက်တွေ့မှာ အဲသလောက် Practical ကျမယ်လို့ မထင်ဘူး။ ဒီအချိန်မှာတော့ ညှိရမယ်မထင်ဘူး။ ဒီအချိန်မှာတော့ Constitution ပြင်ရေးက သိပ်လွယ်မယ်မထင်ဘူး။ အဲဒီတော့ ဒုတိယက အကြံပေးတာ ကတော့ PR လုပ်ပေါ့ဗျာ။ အဲဒါလုပ်ရင် အာဏာသိမ်းနိုင်မယ့် အလားအလာ သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အကုန်လုံးမျှသွားမယ် ဆိုတော့ ဘယ်သူမှလည်း majority နိုင်စရာမရှိတော့ အစိုးရဘက် သိပ်စိုးရိမ်စရာလဲ မရှိဘူး။
အနည်းဆုံး USDP က Strong Opposition အနေနဲ့ ရပ်နိုင်မှာက ကျိန်းသေချင် ကျိန်းသေမှာ။ အခုအနေအထားက free & fair ပေးလိုက်ဆိုရင် Strong Opposition ရချင်မှရမှာ။ NLD ရဲ့ အားက အများကြီးဖြစ်သွား နိုင်တယ်။ ဒီသဘောလေးတွေ ပါကောင်းပါနိုင်တယ်။ အဲဒါဆိုလို့ရှိရင် PR လုပ်တာ အားနည်းချက်က နှစ်ခုရှိတယ်။ တစ်ခုက Extreme အစွန်းရောက် ပါတီမှာလည်း နေရာရသွားနိုင်တယ်။ အထူးသဖြင့် ရခိုင်လို နေရာမျိုးမှာ။ နောက်တစ်ခုက Constitution ပြောင်းရေး။ အခု ပြောင်းရေးမဟုတ်ပါဘူး။ အခွင့်သာရင် ပြောင်းဖို့။ ပြောင်းဖို့မှာ ဘယ်သူမှ Majority မရဘူး။ အဲဒီဟာတွေ တော့ အားနည်းချက်ရှိတယ်။ နောက်ပြီးတော့ NLD လက်ခံနိုင်မှ။ NLD က လက်မခံရင်လည်း ဒေါ်စုကိုယ်တိုင်က Radical ပြန်ရောက်သွားနိုင်တယ်။ NLD က လက်မခံဘူးဆိုတာက သူတို့က သဘောပေါက်တာက Larry Diamond ပြောတာ သူတို့မသိဘူး။ ဦးဝင်းတင်လည်း မသိဘူး။ သူတို့သိတာ ဦးခင်မောင်ဆွေ တင်တာလို့သိတာ။

By-election result ကို မနာလိုမရှုဆိမ့်လို့ ထင်တယ်လို့ ထင်နေတယ်။ ဒီလိုစဉ်းစားရင် သူတို့ တိမ်တယ် (ဒေါ်စုဘေးက လူတွေက) အဲဒီတော့ သူတို့က Object လုပ်ဖို့ရှိတယ်။ အဲဒီ Object ထဲမှာ ဒေါ်စုပါသွားရင် နောက်ထပ် ဒါလည်း crisis တစ်ခုဘဲ။ အဲဒီတော့ ချုပ်လိုက်ရင် PR လုပ်ရင်တော့ အာဏာသိမ်းမယ့် အန္တရာယ်တော့ ကျော်လွှားနိုင်တယ်။ ဒါပေမယ့် ရေရှည်မှာ ခက်သွားမယ်။ ပိုဆိုးတာ NLD လက်မခံလို့ရှိရင် crisis တွေ ဘာတွေပါလာမယ်။ ခက်တာက အခုချိန်ထိ (၂)နှစ်ပဲ ကျန်တော့တယ်။ ဒီ (၂)နှစ်အတွင်းမှာ ဒါကို NLD အပါအ၀င် အတိုက်အခံဘက်က ဘယ်သူမှ တပြေးညီ မရှိကြဘူး။ အစိုးရဘက် ဘယ်လိုတွေ ခြေလှမ်းတွေလည်း ကျွန်တော်တို့ မသိနိုင်ဘူး။ နောက်ထပ် ဖြစ်နိုင်ချေ အလားအလာ တစ်ခုက ဦးရွှေမန်းရဲ့ ခြေလှမ်းတွေ။ သူက ကစားဖို့တော့ ကြိုးစားနေတယ်။ သူကစားဖို့ ကြိုးစားတာက သူက ပထမ နိုင်ဖို့ပေါ့။ မနိုင်ရင် Strong Opposition ဖြစ်ဖို့၊ အဲဒီအတွက်လည်း သူ့ခြေလှမ်းတွေ နည်းနည်းတွက်လို့ရတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကိုကိုကြီးကို သိသိသာသာ ပွဲထုတ်တာ တော်တော် ရည်မှန်းချက် ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် figure မွေးတာပေါ့ဗျာ။ အတိုက်အခံ မဲကွဲအောင်လို့ အပြင်ရောက်နေတဲ့ လူ့ဘောင်သစ်ကို တွဲခေါ်သွားတာ။ အဲသလိုမျိုး သူကစားနိုင်လို့ NLD မဲကွဲပြီး Landslide မရဘူး ဆိုရင်တော့် USDP က Strong Opposition ဖြစ်မှာ မဟုတ်ဘူး။ ဒါဆိုလည်း အေးအေးညောင်းညောင်း ပြီးချင်ပြီးသွားမှာ။ အဲဒီတော့ ဘယ်လိုဖြစ်မယ်ဆိုတာ တော့ မသိသေးဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ USDP က PR သုံးသုံး မသုံးသုံး ကိုယ့်ဘက်ကတော့ တပ်ပေါင်းစုတော့ လုပ်စေချင်တယ်။ တပ်ပေါင်းစု လုပ်လိုက်ခြင်းအားဖြင့် PR သုံးရင်လည်း တကယ်လို့ ပြင်ဖို့လိုအပ်လို့ ပြင်ခွင့်ရလို့ ပြင်တော့မယ်ဆိုရင် တပ်ပေါင်းစုအနေနဲ့ majority ရနိုင်တယ်။ နောက်အစိုးရပါတီတွေ ၀င်တော့လည်း တပ်ပေါင်းစုနဲ့ ကာရင်တော့ ရနိုင်တယ်။

သို့သော် တပ်ပေါင်းစုလုပ်ဖို့ ဆိုရင်တော့ ဒေါ်စု အပါအ၀င် NLD ပြင်ရလိမ့်မယ်။ By-election တုန်းက ပုံစံလုပ်လို့ မရဘူး။ လူမျိုးစုကိစ္စတွေမှာ ၀င်ပြိုင်တာမှားတယ်။ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ်။ လူမျိုးစုကိစ္စ (၂) နေရာ (၃) နေရာလောက် လွှတ်ပေးလိုက်ပေါ့ဗျာ။ အဲဒီတော့ လူမျိုးစုတွေ သူ့သဘောထား မကောင်းဘူး။ ခုအချိန်မှာ တပ်ပေါင်းစုဖွဲ့ဖို့တောင် နည်းနည်း ခက်နေတာ။ ရနိုင်ပါသေးတယ်။ ဒေါ်စုသာ ဦးဆောင်လို့ရှိရင်။ ဒါပေမယ့် နည်းနည်းတော့ ခက်သွားပြီ။ လူမျိုးစုတွေက သူ့အပေါ် သဘောထား သိပ်မကောင်းချင်ကြဘူး။ သူလည်း မာမာဘဲ ဆိုလို့ရှိရင် အန္တရာယ်ကြီးတယ်။ ဦးခင်မောင်ဆွေတို့ဆို ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေပဲဗျာ။ ထောင်ကျဖော် ကျဖက်တွေဘဲ။ ဒီလောက် သဘောထားမတင်းမာသင့်ဘူးလို့ ထင်တယ်။

တစ်ပါတီထဲ မစုနိုင်အောင် တပ်ပေါင်းစုတော့ စုသင့်တယ်။ By-election အတွေ့အကြုံအရဆိုရင် ပါလီမန် အတွေ့အကြုံရှိတာ ကျန်ကောင်းကျန်နိုင်တာ တစ်ယောက်ရှိတာ။ ဦးသုဝေပဲ။ ဒီလိုလူမျိုးကိုတော့ လက်ရှောင်ပေးသင့်တယ်။ အဲသလောက် လောဘကြီးလို့ရှိရင် နိုင်ငံရေးက တပ်ပေါင်းစုနိုင်ငံရေး သွားလို့မရဘူး။ သူ့အဖေ သင်ခန်းစာယူဖို့ ကောင်းတယ်။ သူ့အဖေဆိုရင် ဖဆပလတွေ သွားလို့ရတာပေါ့။ ဒါပေမယ့် ဘေးရောက်နေတဲ့ ဦးဘဖေတို့လို လူမျိုးတောင် ဆွဲခေါ်တာ။ စုနိုင်သမျှ အင်အားစုကို စုစည်းရဖို့ဆိုရင် မမြင်ဘူး။ ဒါမျိုးသိပ်မရှိဘူး။ အဲဒါလည်း ခွကျတယ်။

ဝင်းဖေမောင် ။ ။ ဆရာရေ ဦးရွှေမန်းသာ election မှာနိုင်ဖို့ ဦးတည်ချက်ထားမယ်ဆိုရင် trade-off တွေက ဘာတွေဖြစ်လာနိုင်သလဲ။

ကျော်ဝင်း ။ ။ အဲဒီမှာ ပြဿနာက သူနဲ့ ဦးသိန်းစိန်ရဲ့ ပဋိပက္ခက သူတို့ရပ်တန်းက မရပ်နိုင်ရင် USDP နှစ်ခြမ်းကွဲမှာ။ နှစ်ခြမ်းကွဲရင်တော့ NLD ဘက်က နည်းနည်း ကောင်းသွားမျာ။ ခုအတိုင်းကတော့ သူတို့ ဘရိတ်မအုပ်ကြဘူးဗျ။ USDP နှစ်ခြမ်းကွဲမလား (သို့) ဦးသိန်းစိန် ထွက်မလား။ ဒါလည်း မသေချာဘူး။ တပ်ပေါင်းစုသာ သွားနိုင်မှ ဖြစ်မှာ နို့မဟုတ်လို့ရှိရင် NLD ကို check and Balance လုပ်နိုင်တဲ့သူ မရှိဘူး။ မရှိတော့ သူလည်း မကောင်းဘူး။
ပါတီငယ်လေးတွေကလည်း Marginalize ဖြစ်မယ့် အန္တရာယ်လည်းရှိတယ်။ By-election အတွေ့အကြုံအရ ကျွန်တော်ကတော့ တပ်ပေါင်းစုပဲ သွားစေချင်တယ်။ ပါတီတစ်ခုချင်းတော့ သိပ်မပြောချင်ဘူးဗျ။ NLD ကစပြီး ပါတီတိုင်းမှာ အားနည်းတယ်။ ဒါလည်း သဘာဝကျပါတယ်။ Institution က နိုင်ငံတော်မှာတင် မဟုတ်ဘူး။ ပါတီမှာလည်း လိုတယ်။ ပါတီ Institution ဟိုတုန်းကစကားနဲ့ ပြောမယ်ဆိုရင် လက်ဝဲဘာသာစကားပေါ့ဗျာ။ ပါတီ တည်ဆောက်ရေး ဘယ်ပါတီလုပ်နိုင်လို့တုန်း။ လုပ်ရကောင်းမှန်းကို မသိကြတာ။ ခက်တော့ခက်တယ်ဗျ။

ဝင်းဖေမောင် ။ ။ ဆရာ ဒေါ်အောင်ဆန်းစုကြည်သာ ဦးခင်မောင်ဆွေတို့ ဦးသုဝေတို့နဲ့ လက်တွဲနိုင်ရင် အမျိုးသားအကျိုးစီးပွား ဦးတည်နိုင်တယ်ပေါ့။

ကျော်ဝင်း ။ ။ ဟုတ်တာပေါ့။ ကောင်းသွားနိုင်တယ်။ ပြီးတော့မှ USDP နဲ့ အပေးအယူ လုပ်ပေါ့ဗျာ။ USDP နဲ့ deal ကိုတော့ လုပ်ရမှာပဲ။ တဖက်သတ် ကန့်လန့်ချလို့ တော့ မရဘူး။ deal လုပ်ဆိုတာတော့ တပ်ကိစ္စ။ တပ်ကလည်း အဆောတလျင် တပ်သုတ်ရိုက်မလုပ်နဲ့ဗျ။ ပြီးတော့ တပ်ကရှိနေတာ မြန်မာပြည်မှာ ပြည်တွင်းစစ် အခံလဲရှိတယ်။ အဲဒီ ပြည်တွင်းစစ်က တပ်ဖက်ကစဉ်းစားရင် မှန်သလောက်မှန်တယ်။ ဗကပ မရှိတော့တဲ့နောက် လူမျိုးစု လက်နက်ကိုင် အားလုံးပေါင်းရင် တစ်သိန်းကျော်တယ်။ လူဦးရေ အချိုးအစားနဲ့ တွက်လို့ရှိရင် မြန်မာပြည်က သူပုန်အများဆုံး။ ဒီအနေအထားအောက်မှာ စစ်တပ်က လုံခြုံရေးကြီးတော့ မစဉ်းစားနဲ့။

ဒီလိုအခြေအနေမျိုးမှာ တပ်ကို ဘားတိုက်ပြန်တော့ ပြောရင် ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ တကယ့် လက်တွေ့မှာလည်း တပ်ဘားတိုက်ပြန်လို့ရှိရင် မြန်မာပြည်ဟာ အစိပ်စိပ် အမွှာမွှာ ကွဲကုန်နိုင်တယ်။ ဘောလ်ကန်နိုက်ဇေးရှင်း အန္တရာယ် တိုးနိုင်တယ်။ တို့လူမျိုးစုတွေရဲ့ အစွဲအလန်းနဲ့ တင်းမာမှုနဲ့ဆို ပြောလို့မရဘူး။ အဲဒီတော့ ပြည်တွင်းစစ်ရပ်စဲရေး မရသေးခင်တော့ အလားအလာ မရှိသေးခင်တော့ တပ်က လုပ်လို့ရမယ်ထင်တယ်။

မရတဲ့အတူတော့ မလုပ်ဘဲနဲ့ တပ်ကို တတ်နိုင်သလောက် minimize လုပ်ဖို့လိုတယ်။ Demilitarize လုပ်ရမှာဘဲ။ ဒါလည်း ပါးပါးနပ်နပ်မှ။ ဒါပေမယ့် အဲဒီပါးနပ်မှုက ဒေါ်စု ရှိမယ်ထင်တယ်။ ဒေါ်စု လွှတ်တော်ထဲဝင်ပြီး နောက်ပိုင်း အရင်ဒေါ်စုနဲ့ မတူတော့ဘူး။ အများကြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားတယ်။ အများကြီး ပြောင်းသွားတယ်။ ဒါလိုအပ်ပါတယ်။

ဒါကြောင့်လည်း ဒေါ်စုကို ဘာနဲ့မှ အစားထိုးလို့ မရတာ။ ကျွန်တော်တို့ဆီမှာ အစဉ်အလာ ခေါင်းဆောင်အားလုံးက အနည်းနဲ့အများ လက်ဝဲသြဇာကြီးတယ်။ Radical ဘက်ကိုဖြစ်တယ်။ ပြီးတော့ Democratic နဲ့ ways of thinking နဲ့ သိပ်ပြီးတော့မကိုက်ဘူး။ Liberal Minded မရှိဘူး။ ရှားရှားပါးပါး ဒေါ်စုတစ်ယောက်ပဲရှိတာ။
ဒါကလည်း ဒေါ်စု ပညာရေး ကောင်းခဲ့လို့ သူ့နေရာကို ဘယ်သူမှ အစားထိုးလို့မရဘူး။ သူတောင်မှ Radical အငွေ့အသက်တွေက သိပ်ကင်းတာမှ မဟုတ်ပဲ။
အခုနောက်ပိုင်းမှသာ ကျွန်တော်တို့လူထုရဲ့ အခံကလည်း Radical အခံကြီးတယ်။ လက်ဝဲသြဇာ ကလည်း ကြီးတယ်။ လက်ဝဲကို ကွန်မြူနစ်ဆန့်ကျင်ရေးသမားလို့ ကိုယ့်ကိုကိုယ် ထင်တဲ့လူကိုက စဉ်းစားတော့ လက်ဝဲ ways of thinking ထဲက မထွက်ဘူး။ ဒါတွေကလည်း ပြဿနာပဲ။ ဒါကြောင့် အခု ဒေါ်အောင်ဆန်းစုကြည် ကျယ်ကျယ်ပြန့်ပြန့် ခြေခြေမြစ်မြစ်ပြောတော့ သူ့ကို လူအကြိုက် သိပ်မများတော့ဘူး။

ဝင်းဖေမောင် ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနည်းချက် ဘာတွေဖြစ်လာနိုင်သလဲ။

ကျော်ဝင်း ။ ။ အားနည်းချက်ကတော့ သူလည်းပဲ မြင်တာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရင် မဟာဗျူဟာ သိပ်မရှိဘူးလို့ ထင်တယ်ဗျာ။ ဒါပေမယ့် သူ့မှာက Liberal Minded ရှိတာလေးပဲသိတယ်။ နိုင်ငံရေးမှာတော့ မဟာဗျူဟာမြောက် စဉ်းစားတာမျိုးတော့ နည်းတယ်ဗျ။ ဒါလည်း သဘာဝကျတယ်။ သူနိုင်ငံရေးမှ မလုပ်ဖူးတာ။ သူ့အနေနဲ့ အဲဒါတွေ ကွာတာကိုး။

ဝင်းဖေမောင် ။ ။ ဦးသိန်းစိန် အနေနဲ့ရော ဘယ်လိုမူဝါဒမျိုးတွေ ချမှတ်သင့်ပါသလဲ။
ကျော်ဝင်း ။ ။ မရဘူးဗျ။ သူလုပ်နေတာ ယေဘုယျအားဖြင့် လမ်းကြောင်းမှန်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အားလုံးက capacity နိမ့်နေကြတယ်။ အချိန်ယူရမှာ ပဲ။ Gradual နဲ့ပဲသွားလို့ရမယ်။ မြန်မြန်ဆန်ဆန် လုပ်လို့မရဘူး။ ဦးသိန်းစိန် ကလည်း တပ်ကဆိုတော့ တပ်အစွဲရှိတယ်။ တပ်က တပ်အချင်းချင်းပဲ ယုံတာ။ အပြင်လူကို မယုံဘူး။ အဲဒီတော့ နိုင်ငံရေးအကြံပေးခေါ်လို့ရရှိရင် တပ်ကပဲ ခေါ်တာ။ အပြင်လူမပါဘူး။ စီးပွားရေးအကြံပေးတော့ အပြင်လူပါတယ်။
နောက်ထပ် အရေးကြီးတာတစ်ခုက conservative တွေရှိတာ။ conservative တွေကို တည့်တည့်ပြောရမယ်ဆိုရင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ သိပ်မရှိဘူး။ ပြီးတော့ ဦးရွှေမန်းကိုယ်တိုင်ကိုက သူ့မှာ interests တွေ အများကြီးရှိတယ်။ အဲဒါ စီးပွားရေးပြုပြင် ပြောင်းလဲမှုရဲ့ အကြီးဆုံး အဟန့်အတားဖြစ်နိုင်တယ်။

အဲဒါ သမ္မတအတွက် တကယ့်စိန်ခေါ်မှုပဲ။ နောက်ပြီးတော့ ကာလုံကို ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကိုယ်တိုင်ခန့်ထားတာ။ သူကတော့ အာဏာသိမ်းချင်တောင်မှ သူ့သဘောနဲ့သူ သိမ်းဖို့သိပ်မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်ဝါနုတာကိုး။ ပြီးတော့ သူကသူ့တပ်ကို မကိုင်နိုင်တဲ့ လူတွေရှိတယ်။ လူဝတ်လဲထားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေ (Hard Liners) တွေက အများကြီးဘဲ။ အဲဒီလူတွေက ဦးရွှေမန်းဘက်ကလူတွေ ဖြစ်နေတာ။ ဒီပြဿနာကတော့ အကြီးကြီးဘဲ။ ဒါပေမယ့် မှန်းဆကြည့်တာ သမ္မတနဲ့ ကာလုံနဲ့ကတော့ အသွင်းချင်းကတူတယ်။ အဲဒီ Power struggle ကလည်း ကြောက်ရတယ်။
ဒါပေမယ့် ဦးရွှေမန်းက နိုင်ငံရေး ကစားချင်တဲ့ သဘောရှိတယ်။ ကစားသွားရင် သိပ်မစိုးရိမ်တော့ဘူး။ အာဏာက ဘယ်သူရရ စိတ်မ၀င်စားတော့ဘူး။ ဒါပေမယ့် တိုင်းပြည်နောက်ကြောင်းမပြန်ရင် တော်တာပဲ။
ကစားတာ အောင်မြင်ရင်တော့ သူ့ကို အားပြန်ကိုးရတာပေါ့။ သူ့ကြည့်ရတာတော့ ပြန်အာဏာသိမ်းချင်တဲ့ပုံစံ မတွေ့ရဘူး။ ဒါပေမယ့် သူ့နောက်က လူတွေအားလုံးက လက်ယားနေတာကြာပြီ။ ဒီလူတွေကတော့ ပြောမရဘူး။ စစ်တပ်ဆိုတဲ့သဘာဝက ကိုယ်ကဘဲ အနိုင်ယူချင်တာပေါ့။ အခုဟာ သမ္မတကရော ကာကွယ်ရေးဦးစီးချုပ်ကရော မတိုက်နဲ့ဆိုတော့ အကျအဆုံးက တော်တော်များတယ်။ အဲဒါလည်း ဘရိတ်ပေါက် သွားနိုင်တယ်။

ဝင်းဖေမောင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

ဝင်းဖေမောင်
http://www.hittai.org/?show=rm&fileid=214&t=home15&id=12

No comments:

Post a Comment