ondragstart="return false" onselectstart="return false"

Friday, June 13, 2014

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးအားဖြစ်သည့် တစက္ကန့်လျှင်ကုဗမီတာ ၃၀၀၀ အရှိန်ဖြစ်ပို့ လွတ်မည်


ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။

ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံဆည်များသို့ သံလွင်မြစ်ရေထည့်သွင်းနိုင်မည့် တူးမြောင်း၏ အရှည်မှာ ၈၈ ကီလိုမီတာရှိမည်ဖြစ်သည်။ သံလွင်ရေကို တူးမြောင်းဖြင့် ထိုင်းနိုင်ငံ Yuam River တွင်ရှိသော Maw Lama Laung ဆည်သို့ပေးပို့၍ ယင်းဆည်မှတစ်ဆင့် Chaoph ara ပေါ်ရှိ ဘူမိဘောဆည်သို့ ပေးပို့မည်ဖြစ်သည်။ ထိုသို့ပေးပို့မည့် သံလွင်ရေသည် တစ်စက္ကန့်လျင် ကုဗမီတာ ၃၀၀၀ ပမာဏဖြင့် စီးဆင်းမည်ဖြစ်သည်။ ယခုလက်ရှိ သံလွင်မြစ်၏ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၄၈၇၆ နှုန်းဖြင့် စီးဆင်းနေသည်။ ရေလွှဲမြောင်းဖြင့် လွှဲပေးရသော သံလွင်ရေသည် ဘူမိဘောဆည်သို့ တစ်စက္ကန့်တွင် ကုဗမီတာ ၃၀၀၀ နှုန်းဖြင့် စီးထွက်မည်ဖြစ်ပြီး ယင်းစီးထွက်နှုန်းမှာ ရေအားလျှပ်စစ်ပင်ထုတ်ယူနိုင်သည့် ပမာဏတွင်ရှိနေကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

"သံလွင်မြစ်ရေကို ထိုင်းကိုပို့ပြီး ရောင်းချမယ်ဆိုတာကို ၂၀၀၈ ခုနှစ်လောက်ကတည်းက နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တယ်။ သံလွင်နဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေမှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သိခဲ့ရတယ်။ ဒါပေမဲ့ အစိုးရဘက်က တရားဝင်ဖြေကြားမှုမရှိဘူး။ လွှတ်တော်မှာဖြေတော့လည်း ဆည်စီမံကိန်း ခြောက်ခုပဲပါတယ်။ အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ဖို့လိုတယ်။ ဟတ်ကြီးဆည်မှာ EIA, SIA ကို ချူလာလောင်ကွန်က လုပ်ထားတာရှိတယ်။ ကွမ်းလုံမှာဆို SIA လုပ်တာ မရှိသလောက်ဖြစ်နေတယ်။ ဟတ်ကြီးဆည်စီမံကိန်းမှာဆိုရင် မြန်မာနိုင်ငံအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းပဲရမှာဖြစ်ပြီး ထိုင်းနိုင်ငံက ၈၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ယူသွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်တွေက ခွဲယူရမယ့်အချိန်မှာ ဒီပမာဏက အရမ်းနည်းနေတယ်" ဟု ပါမောက္ခဦးညိုမောင်ကဆိုသည်။

ထိုသို့ လုပ်ဆောင်သည့်အတွက် သံလွင်မြစ်အောက်ပိုင်းထိခိုက်မှုမှာ မတွေးရဲစရာဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါစီမံကိန်းကို မည်သည့်ရည်ရွယ်ချက်နှင့် လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းလုပ်ဆောင်ပါက ပြင်ဆင်ရန်လိုအပ်နေပြီး မှားနေပါလျက် ပြင်ဆင်နိုင်မှုမရှိပါက ဆိုးကျိုးများစွာကို အကျိုးဆက်ရလဒ်အဖြစ်ခံရမည်ဖြစ်ပြီး ယင်းလုပ်ရပ်မှာ မြန်မာနိုင်ငံအတွက် အမျိုးသားရေးအန္တရာယ်အဖြစ် ကာကွယ်ရန်လိုအပ်ကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

"သံလွင်မြစ်ရေကို ထိုင်းဘက်ကို လွှဲပို့တယ်ဆိုတာနဲ့ မြစ်ကြောင်းထိခိုက်မှာက တော်တော့်ကိုထိခိုက်မှာပါ။ ကမ္ဘာပေါ်မှာ ရေချိုရှိတာက သုံးရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီပမာဏက ရေခဲတောင်ကနေရမဲ့ပမာဏပါ။ ဒီလိုရမယ့်ရေက ရာသီဥတုကြောင့် ကုန်ခမ်းသွားမယ်။ ဒီတော့ ကျွန်တော်တို့ထိန်းသိမ်းရမယ့် ရေချိုက မြစ်ချောင်းတောတောင်တွေကနေ စီးဆင်းလာမယ့်ရေချိုကိုပဲ ထိန်းသိမ်းရမှာပါ။ နောက်ဆိုရင် ကမ္ဘာမှာ ရေချိုရှားတဲ့ပြဿ နာကို ရင်ဆိုင်ရမှာမို့လို့ ဒီရေချိုသွယ်တန်းမဲ့ကိစ္စကို နိုင်ငံ့ထိပ်တန်းအနေနဲ့ထည့်ထားတာ။ ဒီလိုအနေအထားမှာ ကျွန်တော်တို့က ရေကိုပေးသွယ်ဆိုရင် ရေပုံမှန်ရနေတဲ့ ဘီလူးကျွန်းတို့လိုနေရာတွေမှာ ဆားငန်ရေပေါက်မယ်။ ဆားငန်ရေပေါက်ပြီဆိုတာနဲ့ စိုက်ပျိုးရေးတွေပျက်ပြီး စားစရာမရှိဖြစ်သွားမယ်။ ဆားငန်ရေ၀င်လာတဲ့အတွက်ကြောင့် ရေချိုပျောက်သွားမယ်။ ရေချိုပျောက်သွားပြီဆိုတာနဲ့ ဘီလူးကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်ကလူတွေနဲ့ မော်လမြိုင်မှာရှိတဲ့လူတွေ စုစုပေါင်း တစ်သန်းကျော်လောက်ရှိတယ်။ အဲ့ဒီပြဿ နာကို ဘယ်သူဖြေရှင်းပေးမလဲ။ ဒီစီမံကိန်း အကျိုးအမြတ်က အစိုးရကရမယ်။ ထိခိုက်မှာက ပြည်သူတွေကထိခိုက်မယ်။ ဒီလိုမျိုး ရေချိုမရ၊ စားသောက်စရာအတွက် စိုက်ပျိုးလို့မရတဲ့ ပြဿ နာကြောင့် လူတွေအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေးပြဿ နာတွေ ဖြစ်လာမယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြဿ နာပါ။ ထိခိုက်မှာသေချာပါတယ်" ဟု စောသာဘိုးကဆိုသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်း၍ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာရေအားလျှပ်စစ်စီမံကိန်းများအား ပြန်လည်သုံးသပ်သင့်ကြောင်း Karen Rivers Watch အဖွဲ့မှ စောသာဘိုးနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြားသည်။

"ဒီကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူး။ အစိုးရအနေနဲ့ စီမံကိန်းတစ်ခုပဲလုပ်လုပ် ဘာပဲလုပ်လုပ် EIA, SIA လုပ်ရမယ်။ ဒီလိုမလုပ်ခင်မှာလည်း လူထုရဲ့သဘောထားအမြင်ကို ကောက်ခံရမယ်။ ဒီလိုလုပ်မယ့်အပေါ်မှာ လူထုက သဘောတူသလားဆိုတာကို စစ်တမ်းကောက်ရမယ်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့်သူတွေက သဘောတူပြီဆိုမှ ဒုတိယအဆင့်ဖြစ်တဲ့ EIA, SIA လုပ်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်မလဲ၊ မြစ်ကြောင်းပြောင်းလဲမှုကို ဘယ်လောက်အထိ ဆိုးရွားစေမလဲ။ လူဦးရေဘယ်လောက်အထိ ထိခိုက်မလဲ။ ထိခိုက်မယ့်လူတွေရဲ့ စိတ်ခံစားမှုက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်လဲဆိုတဲ့ သုတေသနကို သေသေချာချာလုပ်ရပါမယ်။ ဒီလိုလုပ်ပြီးလို့ အဆင်ပြေပြီ ထိခိုက်မှုကနည်းတယ်။ နိုင်ငံအတွက် အကျိုးအမြတ်အရမ်းများတယ်ဆိုမှ လုပ်သင့်တယ်။ လုပ်တော့မယ်ဆိုရင် လူတွေက ရွှေ့ပြောင်းရဦးမယ်။ ဒီလိုမျိုးရွှေ့ပြောင်းတော့မယ်ဆိုရင် ရွှေ့ပြောင်းခံရမယ့်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ကို ရေရှည်အဆင်ပြေအောင် ဖန်တီးပေးနိုင်ဖို့လိုတယ်။ ဒီလို အားလုံးလုပ်ပြီးရင် ကမ္ဘာမှာ ရေကာတာဆောက်လုပ်မယ့်ကုမ္ပဏီတိုင်း လိုက်နာရမယ့် RASG Policy ဆိုတာရှိတယ်။ သူ့ရဲ့ မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ရေကာတာက ဘာမှထိခိုက်စရာမရှိဘူး။ သူတို့က အဲ့ဒီလိုမလုပ်ဘဲနဲ့ တိုးတိုးတိတ်တိတ်လုပ်တယ်။ ဘူမိဘောကို ရေပို့မယ့် ဟက်ကြီးစီမံကိန်းကိုလည်း ပြည်သူကိုထုတ်မပြောဘဲ မြှုပ်ထားတယ်။ ဒီလိုမြှုပ်ထားပြီး ဘွားခနဲပေါ်လာပြီး ဒီစီမံကိန်းကို လုပ်မယ်ဆိုတာမျိုးက လူထုကိုမလေးစားဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံဆိုပေမယ့် မပွင့်လင်းဘူးဆိုတာကို သူတို့ဒီဟာနဲ့သက်သေပြတာပါ" ဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် KESAN သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။

ကီလိုမီတာ ၂၈၂၀ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ခ)မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation ၊ China Three Corporation ၊ China Datang Over Seas Investment၊ Sinohytro ၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းခြောက်ခုမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အားအနည်းငယ်ကို မည်သို့ဖြန့်ဝေသုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့် အစီအစဉ်မရှိသည့်အပြင် ပြည်သူလူထု မည်မျှအကျိုးခံစားရမည် မည်သို့ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်းမရှိကြောင်း သဘာဝပတ်ဝန်းကျင်အရေးများအား လုပ်ဆောင်နေသည့် သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်ကဆိုသည်။

အထက်ပါ စီမံကိန်းများအနက် ကရင်ပြည်နယ်တွင် အဆိုပြုထားဆဲဖြစ်သည့် ဒင်းဝက်ဆည်နှင့် ၀ဲကြီးဆည်မပါဝင်သေးဘဲ လတ်တလောတွင် ရှမ်းပြည်နယ်အထက် သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအား မြန်မာပြည်သူများနှင့် အမှန်တကယ်ထိခိုက်မည့် သံလွင်မြစ်အား မှီခိုနေရသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဒေသခံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမှုမရှိဘဲ Asia World နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Hanergy Group Holding Ltd တို့အား လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
http://news-eleven.com

No comments:

Post a Comment