ondragstart="return false" onselectstart="return false"

Friday, June 6, 2014

KNU တွေ အစိုးရနဲ့ ရင်းနှီးလွန်းနေသလား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄)
မအေးအေးမာ
05.06.2014 20:28

ကရင်အမျိုးသား အစည်းအရုံး (KNU) က ခေါင်းဆောင်တွေဟာ ဒီရက်ပိုင်း အတွင်းမှာပဲ နိုင်ငံတော်သမ္မတ ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော်နာယကတို့ နဲ့ တွေ့ဆုံခဲ့တာကြောင့် တိုင်းရင်းသားဒေသ တချို့က မြန်မာ အစိုးရက စစ်ဆင်ရေးလုပ်ဆောင်နေချိန်မှာ KNU နဲ့ မြန်မာ အစိုးရတို့ရဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံမှုဟာ အချိန်စောလွန်းနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ ဒီတွေ့ဆုံခဲ့မူတွေ အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တချို့ကို မအေးမာက သတင်းပေးပို့ထားပါတယ် ။

တိုင်းရင်းသားအားလုံး ပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအရေးအဖွဲ့ (NCCT) နဲ့ မြန်မာအစိုးရတို့ဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်းဆွေးနွေးနေဆဲ ကာလမှာပဲ မြန်မာအစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး က ခေါင်းဆောင်တွေဟာ ရင်းနှီးစွာ တွေ့ဆုံမူတွေ လုပ်ခဲ့တာပါ။

ဒီတွေ့ဆုံမူတွေအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး ခွန်ဥက္ကာကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် မှာဖြစ်ခဲ့တဲ့ သင်္ခန်းစာတွေ ယူကြဖို့ အတွက် တိုင်းရင်းသားခေါင်းဆောင်တွေကို သတိပေးပြောကြားလိုက်ပါတယ်။

"၁၉၉၄၊ ၉၅ ကနေပြီးတော့ ၂၀၀၅လောက်အထိ ဆယ်နှစ်ကျော်ကျော်၊ KNU ကို ဗိုလ်ချုပ်မြ လက်ထက်မှာ ရန်သူက အကြီးအကျယ် ထိုးစစ်ဆင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် Operation တွေ လုပ်တဲ့အချိန်မှာ KNU ဟာ တော်တော်လေးကို အထိနာသွားတယ်။ အကွဲကွဲ၊ အပြဲပြဲ ဖြစ်တာ တပိုင်းပေါ့လေ။ အထိနာသွားတဲ့အချိန်မှာ မြောက်ပိုင်းမှာ ရှိတဲ KIO တွေကတော့ ဂေါက်သီးအတူတူရိုက်လိုက်၊ ထမင်းအတူတူစားလိုက်နဲ့ စစ်တပ်နဲ့ တော်တော်လေးကို ရင်းရင်းနှီးနှီး ရှိကြတယ်။ အခုလည်းပဲ အဲ့ဒီ့သံသရာ ပြန်လည်တာပါပဲ။ အခုလည်း မြောက်ပိုင်းမှာ လက်နက်မျိုးစုံ သုံးပြီး တိုက်ပွဲဝင်နေတယ်။ စစ်အင်အားတွေ တိုးချဲ့တဲ့အချိန်မှာ တောင်ပိုင်းမှာ ရှိတဲ့ KNU လူကြီးတွေနဲ့ လည်ပင်းဖက်လိုက် ပုခုံးဖက်လိုက် ပွေ့ဖက်လိုက်နဲ့ အမျိုးမျိုး သရုပ်ဆောင်ပြနေတာဟာ ဇာတ်လမ်းက ကျောရိုးတခုတည်းဖြစ်တယ်။

ဇာတ်လမ်း အဟောင်းကြီးကို ပြန်ကပြနေတာနဲ့တူတယ်။ ဒါပေမဲ့ ဇာတ်ဆောင်တော့ ကွဲသွားတာပေါ့လေ။ အဓိကက အလယ်မှာ ရှိတဲ့ အုပ်ချုပ်တဲ့သူကတော့ ဒီလူပဲဖြစ်ပြီးတော့ ကရင်ကို ကစားလိုက်၊ ကချင်ကို ကစားလိုက် ၊ အခုကတော့ ကရင်ကို ကစားတဲ့အချိန် ဆိုတော့ ကရင်ကို ကစားပြတဲ့သဘောပဲလို့ ဒါ ကျနော် ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်တာပါ။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင် ကိုယ်နှိုက်က ကိုယ့်ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ချင့်ချိန်ရမယ် ကိစ္စဖြစ်တာပေါ့ဗျာ။ ကျနော် ဒီလောက်ပဲ ဝေဖန်ချင်တယ်ခင်ဗျ။"

မွန်ပြည်သစ် ပါတ်ီခေါင်းဆောင်တဦးလည်းဖြစ် NCCT အဖွဲ့ခေါင်းဆောင် လည်းဖြစ်တဲ့ ဦးနိုင်ဟံသာကတော့ ကေအန်ယူ ခရီးစဉ်ဟာ ပုံမှန် နှစ်လ တစ်ကြိမ် တွေ့ဆုံနေကြ ခရီးစဉ်အဖြစ် ရှု့မြင်ပြီး ကေအန်ယူရဲ့ ပြောဆိုချက်တွေ ဟာကေအန်ယူ တဖွဲ့ချင်းရဲ့ သဘောထားတွေသာဖြစ်ပြိး UNFC နဲ့ NCCT ကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။

"ဒါက သူတို့သဘောနဲ့ သူတို့အမြင်နဲ့ သူတို့ဆန္ဒနဲ့ သူတို့ပြောနေတာပါ။ အဲ့ဒီ့အပေါ် ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ဟာကိုတော့ အန်ကယ်လ်တို့ မဝေဖန်ချင်ဘူး။ ဒါပေမဲ့ သူတို့ပြောနေတဲ့၊ သူတို့သွားနေတယ်ဆိုတဲ့ ဟာကလည်း NCCT ကိုလည်း ကိုယ်စားပြု တာမဟုတ်ဘူး။ UNFC ကိုလည်း ကိုယ်စားပြုတာ မဟုတ်ဘူး။ KNU ကိုပဲ ကိုယ်စားပြု ပြီး သူတို့သွားနေတာပါ။ "

ကေအိုင်အို ကချင် အမျိုးသားလွတ်မြောက်ရေးအဖွဲ ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကတော့ ကေအန်ယူရဲ့ ခရီးစဉ်အပေါ်မှာ မှတ်ချက် မပေးဘူးလိုဘူး လို့ ဆိုပါတယ်။

" သူတို့လည်း သူတို့သဘောထားနဲ့ သူတို့သွားနေတဲ့ ကိစ္စပဲ။ တခြားအဖွဲ့တွေ အနေနဲ့က ဘယ်လိုမှ မကောင်းဘူးရယ်၊ ကောင်းတယ်ရယ်လို့ ပြောဖို့ကတော့ မရှိဘူး ထင်တယ်။"

ကေအန်ယူရဲ့ခရီးစဉ် အတွင်းမှာ မြန်မာအစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမူတွေ ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် ဟာငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ သူဖြစ်တဲ့ အတွက် နောက်ထပ် သမ္မတ သက်တမ်းမှာ ဆက်ပြီးတော့ တာဝန်ယူဖို့ အတွက် ကေအန်ယူခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မန်းငြိမ်းမောင်က တိုက်တွန်းပြောဆိုခဲ့တာပါ။

" သမ္မတကြီးကို ဒုတိယ သက်တမ်း အထိ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ ကျနော်တို့လည်း အကြံပြုပါတယ်။ ဘာဖြစ်လို့ အဲ့လို အကြံပြုသလဲဆိုရင် ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ သမ္မတကြီးက ဦးဆောင်ဖော်ဆောင်ခဲ့တဲ့ အခါကျတော့ မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်မယ်။ အောင်မြင်အောင်
ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက် သမ္မတကြီးကို ဒုတိယ သက်တမ်းမှာ သမ္မတအဖြစ် ဆောင်ရွက်ဖို့ ကျနော်တို့ အကြံပြုပါတယ်။"

ကေအန်ယူ အပါအဝင် တိုင်းရင်းသားအားလုံး စုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကတော့ လက်ရှိ အခြေအနေထိတော့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ မြန်မာအစိုးရရဲ့  သဘောထားတွေအပေါ်မှာ သံသယရှိနေဆဲပဲ ဆိုပြီး အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ဆိုပါတယ်။

"အန်ကယ်တို့ အဲ့ဒီ့အပေါ်မှာ သံသယ ရှိတယ်။ ဆွေးနွေးတဲ့နေရာမှာ တဖက်က ကိုယ်စားလှယ်တွေချည်းပဲ စကားတွေပြောနေတယ်။ သူတို့မူပေါ်မှာပဲ သူတို့ရပ်တယ်။ သူတို့ကလဲ သူတို့ရဲ့ အခြေခံ သဘောထားတွေအပေါ်မှာ ဒီအစိုးရဘက်က ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေ ဘာမှ ဝင်ပြောတာတွေ မရှိဘူး။ အဲ့ဒီ့အပေါ်မှာ သူတို့ကတော့ ဒီသမ္မတက အရင်က ပြောနေတယ်။ ဖက်ဒရယ် အခြေခံမူအပေါ် ပြည်ထောင်စုကို တည်ဆောက်မယ် စသဖြင့် ပေါ့နော် ဖက်ဒရယ်မူကို လေ့လာနေတယ်။ အဲ့တာကို အကောင်အထည်ဖော်မယ် ဆိုတဲ့ဟာတွေကတော့ တပ်မတော်နဲ့ ဆွေးနွေးတဲ့ အခါကျတော့ အဲ့ဒီ့အမြင်တွေ လုံးဝ မရှိဘူး။ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို လုံးဝ အထည့်မခံဘူးဖြစ်နေတယ်။

ကေအန်ယူ အနေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံတာကတော့ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ကေအန်ယူ ရဲ့ခရီးစဉ် အတွင်းမှာ ဥက္ကဋ္ဌ မူးတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအဝင် ကေအန်ယူ ခေါင်းဆောင်၁၀ဦး ခန့်လောက်ပါဝင်တာပါ။
ကေအန်ယူ အဖွဲ့ဟာ မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ကျော် လက်နက်ကိုင် တိုက်ခဲ့ပြီးနောက် ၂၀၁၂ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
http://burmese.voanews.com/content/different-ethnic-leaders-criticize-karen-rebel--knu-leaders-for-being-too-friendly-wit-goverment/1930238.html

3 comments:

Hsaw said...

n'pa kyo toe kah ya pyi.

Unknown said...

Hi, KNU leaders can you pass out a little more about your information to your public about your politic activities? I think most of the Karen people are worried for what you are doing now.

Unknown said...

သိပ်​ရင်းနှီးတာ​ပေါ့ နအဖ ရဲ့စိန်​​ဂေါ်လီနဲ့​တွေ့လို့ မ​မေ့နိုင်​ဘူး​လေ

Post a Comment