ondragstart="return false" onselectstart="return false"

Friday, September 7, 2012

သက်တမ်းရှည် UKL ကရင်ပါတီကို ပြည်လည်ထူထောင်ဦးမည်

ကျော်ဖုန်းကျော် | သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိနေသော ဦးမန်းညွှန့်မောင်က သက်တမ်းရှည်ဆုံး ကရင်နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် နိုင်ငံရေးပါတီကို
ပြန်လည်အသက်သွင်း ထူထောင်မည်ဟု ပြောသည်။

“အရင်တုန်းက လုပ်ခဲ့တဲ့ လူဟောင်းတွေကို ဆက်သွယ်နေတယ်။ လူသစ်တွေလည်း ထပ်ရှာနေတယ်”ဟု နှစ် နှစ်ဆယ် ကြာ ပြည်ပတွင် နေထိုင်နေခဲ့သော ဦးမန်းညွှန့်မောင်က ပြောသည်။

ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်ခေါ် Union Kayin League ပါတီသည် မြန်မာ့လွတ်လပ်ရေး မရမှီ ကာလကပင် ဖွဲ့စည်းခဲ့ပြီး သမ္မတဟောင်း မန်းဝင်းမောင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို လက်ရှိ အခြေခံဥပဒေမူကြမ်း ရေးဆွဲမှုအတွက် ၁၄ နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကို တက်ရောက်ခဲ့သော ပါတီတခုလည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် လွှတ်တော်
ရွေးကောက်ပွဲများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့သော်လည်း အနည်းဆုံး သတ်မှတ်ထားသော သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်မှီ မလုပ်ဆောင်နိုင်သဖြင့် ပယ်ဖျက်ခံရသော ပါတီတခု ဖြစ်သည်။

ကရင်ပြည်နယ်တွင် ကရင်လူမျိုး ကိုယ်စားပြု ပါတီများရှိပြီး ဖြစ်သဖြင့် အကယ်၍ UKL ပါတီကို ပြန်လည် တည်ထောင် ပြီးပါက ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ကရင်လူမျိုးများ နေထိုင်မှုများပြားသည့် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် စသည့် တိုင်းသုံးတိုင်းတွင် အဓိကထား ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု မန်းညွန့်မောင် ကပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် ကရင်အမျိုးသားတဦးဖြစ်သူ ဦးချစ်ဦးမောင်က UKLပါတီ ပြန်လည်တည်ထောင်ရန် ကြိုးစား နေမှုအပေါ် “ကရင်ပါတီတွေ အမျိုးမျိုး ကွဲပြားနေတာကို ဘဝင်မကျဘူး။ ဒါကြောင့် UKL ပါတီ တည်ထောင်ဖို့ ကြိုးစားနေတာအပေါ် လှိုက်လှိုက်လှဲလှဲ ထောက်ခံဖို့မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

၎င်းက စစ်အစိုးရ အုပ်ချုပ်စဉ် ကာလအတောအတွင်း UKL ပါတီ၏ ရပ်တည်ခဲ့မှုကို လေးစားမှုရှိသော်လည်း နိုင်ငံရေး တွင် ပါတီကြီးများ၏ အဖြည့်ခံဖြစ်သွားမှာနှင့် ကရင်အမျိုးသားရေးပါတီများစွာ ကွဲပြားနေမှာကို စိုးရိမ်နေသည်။

လက်ရှိတွင် ဖလုံ-စဝေါ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး KDPP ပါတီ၊ ကရင်ပြည်သူ့ ပါတီ KPP ဟူသည့် ကရင်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီသုံးခု တရားဝင် ရပ်တည်လျက်ရှိသည်။
http://mizzimaburmese.com/news/inside-burma/10058--ukl-.html

No comments:

Post a Comment