ondragstart="return false" onselectstart="return false"

Tuesday, May 13, 2014

တိုင်းရင်းသားခေါင်းဆောင်တချို့ကို ကာချုပ်ကိုယ်တိုင် စစ်ဘက်ရာထူး ခန့်အပ်ပေးတာ ဘာကြောင့်လဲ

စည်သူအောင်မြင့် - မေ ၈ ရက် -မြန်မာတိုင်း


တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအား ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ပေးနေစဉ်။ ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေ့စ်ဘွတ်ခ်

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က မြန်မာ့တပ်မတော်ဟာ ထူးခြားတဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ပါ
တယ်။

အဲဒါကတော့ နယ်ခြားစောင့်တပ်တွေရဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ဝင်တွေကို ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ဘက်အရာရှိ ကြီးတွေကိုယ်တိုင်
ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိတွေအဖြစ် ခန့်အပ်၊ ရာထူးအဆင့်တံဆိပ် တွေကို တပ်ဆင်
ပေးခဲ့တဲ့ ပွဲပါ။

ဒီအခမ်းအနား ဘာထူးခြားသလဲ၊ ဘယ်လိုအခြေအနေတွေကြောင့် ခုလို ရာထူးခန့်အပ်၊
အခမ်းအနားကျင်းပ ပေးခဲ့ရတာလဲဆိုတာ အခုတစ်ပတ်ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီအခမ်းအနားဖြစ်ပေါ်လာရတဲ့ နောက်ခံ အကြောင်းကို ပြန်သွားရရင် ၁၉၈၈ အာဏာသိမ်းပြီး
တက်လာတဲ့ စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်ကစ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က ခွဲထွက်လာတဲ့
'၀'၊ ကိုးကန့်၊ မိုင်းလား၊ ကချင် ၁၀၁ စစ်ဒေသ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့
အပစ်အခတ်ရပ်စဲတာ စပြီးလုပ်ပါတယ်။

၁၉၉၄ မှာ ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ကေအိုင်အိုနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ပါတယ်။

နောက်ပိုင်း လက်နက်ကိုင် အဖွဲ့ အစည်း ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့တယ်လို့ စစ်အစိုးရက
ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကြားထဲ ကေအင်န်ယူကရင်အမျိုးသားအစည်း အရုံးက ခွဲထွက်လာတဲ့ တိုးတက်သော ကရင်
ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA)၊ တခြား ကေအင်န်ယူ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီတွေကနေ
ခွဲထွက်လာတဲ့ အဖွဲ့ငယ်ပေါင်းများစွာနဲ့လည်း အပစ်ရပ်တာ၊ ဩဇာခံအဖြစ် သိမ်းသွင်းတာတွေ
လုပ်ခဲ့ပါတယ်။

၂၀၀၉ ရောက်တဲ့အခါ အဲဒီအဖွဲ့တွေကို နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ်တွေအဖြစ်
အသွင်ပြောင်းဖို့ ဖိအားပေးပါတယ်။

အင်အားတစ်စုံတစ်ရာရှိတဲ့ အဖွဲ့တွေထဲက ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ(၁)
NDA(Kachin) တပ်ဖွဲ့နဲ့  DKBA တပ်ဖွဲ့တွေက နယ်ခြားစောင့် တပ်တွေအဖြစ် ဖွဲ့စည်းပေးတာ
လက်ခံခဲ့ပါတယ်။

တခြား '၀' အပါအ၀င် ဗကပက ခွဲထွက်ခဲ့တဲ့ အဖွဲ့တွေ၊ ကေအိုင်အို၊ မွန်ပြည်သစ်နဲ့ တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့အများစုကတော့ လက်မခံပါဘူး။

ခုလို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်အောက်မှာ NDA(Kachin) ခေါင်းဆောင်ပိုင်း
အတွင်း သဘောကွဲလွဲမှုတွေ ဖြစ်ခဲ့သလို DKBA တပ်ဖွဲ့ထဲမှာလည်း အကွဲအပြဲ၊ အတိုက်အခိုက်
တွေဖြစ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရကတော့ အဲဒီအချိန်က အပစ်ရပ်တပ်ဖွဲ့တချို့နဲ့ ဩဇာခံ တပ်ဖွဲ့တွေကို
နယ်ခြားစောင့်အဖြစ် တပ်ဖွဲ့ ၂၃ ဖွဲ့နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့ ၈၄ ဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအချိန် က နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းခဲ့ပုံဟာ ငယ်ရွယ်သူတွေကို တပ်ဖွဲ့ထဲမှာထား၊
အစိုးရတပ်ဘက်က ထည့်ဝင်ပူးပေါင်းတဲ့ အရာရှိတွေနဲ့ ပူးပေါင်း ပါဝင်စေပြီး အသက်ကြီးသူတွေ
ကိုတော့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေး အဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခန့်အပ်ပေးခဲ့ပါတယ်။

နယ်ခြားစောင့်တပ်တွေရဲ့ ဖွဲ့စည်းပုံအရ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်ခွဲမှူးကို ပြန်တမ်းဝင်အရာရှိ ဗိုလ်မှူးအဆင့်
သတ်မှတ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပြောရရင် နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလဲလိုက်တဲ့ တပ်ဖွဲ့တွေထဲမှာ အမြင့်ဆုံး
စစ်ဘက်ဆိုင်ရာ ရာထူးဟာ ဗိုလ်မှူးအဆင့်ပဲ ဖြစ်ပါတယ်။

နဂိုက တပ်ဖွဲ့ကို ခေါင်းဆောင်ခဲ့ကြပြီး အပြောင်းအလဲမှာ ဗဟိုအကြံပေးနဲ့၊ ကွပ်ကဲသူဖြစ်သွားကြသူ
တွေကတော့ ဘာစစ်ဘက်ရာထူးမှ တရားဝင် မရကြပါဘူး။

အခုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် စစ်ဘက်ရာထူး တပ်ဆင်ပေးလိုက်သူတွေဟာ
အရင်က စစ်ဘက်ရာထူး မရခဲ့တဲ့ ခေါင်းဆောင်တွေကို 'ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ'
ဆိုပြီး တရားဝင် ခန့်အပ်လိုက်တာပါ။

'ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ' ဆိုတာ ပုံမှန် ပြန်တမ်းဝင်အရာရှိတွေအတွက် သတ်မှတ်
ထားတဲ့ အချက်တွေနဲ့ ပြည့်စုံကိုက်ညီမှု မရှိပေ မယ့် သက်ဆိုင်ရာဒေသရဲ့ အခြေအနေ၊
သက်ဆိုင်ရာ နယ်ခြားစောင့်တပ် (လက်နက်ကိုင်အဖွဲ့ အစည်းများ)အပေါ် ဩဇာရှိမှု၊ အဲဒီတပ်တွေ
ကို စီမံကွပ်ကဲအုပ်ချုပ်နိုင်မှု၊ လက်အောက်က ရိုသေလေးစားမှုစတာတွေကို အခြေခံပြီး
ကာကွယ်ရေးဌာနကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ခြင်း
ဖြစ်တယ်လို့ တပ်မတော်ဘက်က ရှင်းပြပါတယ်။

လက်ရှိ ခန့်အပ်လိုက်သူတွေဟာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့က နယ်ခြား စောင့်တပ်
ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့် ခန့်အပ်ခံရသူလေးယောက်၊ ဒုဗိုလ်မှူးကြီး အဆင့်
ငါးယောက်၊ ဗိုလ်မှူးအဆင့် ငါးယောက် စုစုပေါင်း ၁၅ ယောက် ပါဝင်ပါတယ်။

ပြောရရင် အစိုးရဟာ လတ်တလော အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့
တန်းတူရည်တူ ဆွေးနွေးနေချိန် ဖြစ်ပါတယ်။

အပစ်ရပ်ထားပြီး အစိုးရနဲ့ ယုံကြည်မှုရနေပြီဖြစ်တဲ့ တပ်ဖွဲ့ခေါင်းဆောင် တချို့ဟာ သက်ဆိုင်ရာ
တိုင်းရင်းသား ပြည်သူလူထုနဲ့ တွေ့ဆုံတာ၊ အစိုးရ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်
တွေ၊ အရပ်ဘက် အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားအရေး၊ နိုင်ငံရဲ့ အနာဂတ်အရေး
တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဒီအထဲမှာ တက်ကြွလှုပ်ရှားမှုအရှိဆုံးကတော့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး
ခေါင်းဆောင်တွေပါ။

ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဆိုရင် သမ္မတနဲ့ တွေ့၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့
တွေ့ရုံမက '၀' တပ်ဖွဲ့ ခေါင်းဆောင်တွေ၊ 'မိုင်းလား'အဖွဲ့ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံပြီး
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ဖို့
စည်းရုံးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဟာလည်း ရန်ကုန်ကို ရောက်နေပါပြီ။

သူ့ခရီးစဉ်ထဲမှာ အစိုးရဘက်က ၀န်ကြီးဦးအောင်မင်းနဲ့ ငြိမ်းချမ်း ရေးစင်တာတာဝန်ရှိသူတွေနဲ့
တွေ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပါလိမ့်မယ်။

ဦးခွန်ထွန်းဦးလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့သလို ဧရာဝတီတိုင်း ဆင်းပြီး ကရင်
တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံတာတွေ လုပ်ပါတယ်။

အဓိပ္ပာယ်ကတော့ အပစ်ရပ်ထားပြီးနောက် ကေအင်န်ယူလို အစဉ်အလာရှိတဲ့ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းကြီးဟာ ကိုယ့်တိုင်းရင်းသား လူထုစည်းရုံးရေး အပြင် မြန်မာ့နိုင်ငံရေး
ဖြစ်စဉ်ထဲကိုလည်း ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေတဲ့ သဘောဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ကရင်တိုင်းရင်းသားတွေက ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကို
စုစုစည်းစည်းဖြစ်စေချင်ကြောင်း ဆန္ဒသဘောထား ထုတ်ဖော်တာတွေ ရှိနေသလို လက်နက်ကိုင်
တပ်ဖွဲ့ အားလုံးပါဝင်တဲ့ စည်းဝေးပွဲတွေကိုတောင် ကျင်းပနိုင်ခဲ့ပါသေးတယ်။

ဒီအခြေအနေအောက်မှာ အစိုးရ စစ်ခေါင်းဆောင်တွေဟာ သူတို့ရင်ခွင်ထဲရောက်နေတဲ့
နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ် တပ်ဖွဲ့ တွေကို တိုင်းရင်းသား ပြည်သူတွေအပေါ် ဩဇာ
ညောင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြန်ပြီး ပေါင်းစည်းမသွားရလေအောင် ကြိုးစားစည်းရုံး
နေရတဲ့ အနေအထားမျိုး တွေ့မြင်လာရပါတယ်။

ဒါကြောင့် အရင်က တရားဝင် ဘာစစ်ဘက်ဆိုင်ရာ ရာထူးမှ ပေးမထားတဲ့၊ နယ်ခြားစောင့်တပ်
(BGF) ဖွဲ့စည်းရာမှာ အရပ်သားအဖြစ် ခံယူလိုက်ရတဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့ကို
'ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ' အဖြစ် ခန့်အပ်၊ သူတို့တပ်ဖွဲ့တွေကို တရားဝင် စီမံခန့်ခွဲခွင့်
ပြန်ပေးပြီး စည်းရုံးလိုက်တာသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
http://myanmar.mmtimes.com/index.php/national-news/10232-2014-05-08-05-05-10.html#.U3D__eO7pQQ.facebook

1 comment:

Unknown said...

ဘာမှမဆိုင်​ဘူး ​နောက်​ဆုံး​တော့ နယ်​ခြား​စောင့်
တပ်​မဟုတ်​ဘဲ နယ်​ခြား​​ဆပ်​ပဖြစ်​သွားတာဘဲ

Post a Comment