ondragstart="return false" onselectstart="return false"

Tuesday, November 4, 2014

ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်းကောင်းကြပါစေ

ဆရာမခိုင်မာကျော်ဇော ဖေ့ဘွတ်မှပြန်လည်ကူးယူဖေါ်ပြသည်။

ဒီနေ့ ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ ကာလတခုဖြစ်သလို ကရင်အမျိုးသားတွေအတွက်လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူဘယ်လိုခြေလှမ်းလှမ်းမလဲဆိုတာ မျက်လုံးဒေါက်ထောက်ကြည့်နေ ပြောနေရမယ့် ကာလလည်းဖြစ်ပါတယ်။

ဒီနေ့ ကာလမှာ ကေအဲန်ယူအတွင်း ကေအဲန်ယူရဲ့ မူ၊ ကေအဲန်ယူရဲ့  ပေါ်လစီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး တပ်ပေါင်းစုနဲ့  အောင်ပွဲပန်းတိုင်ကို အရောက်သွားချင်တဲ့ အမာခံခေါင်းဆောင်တွေနဲ့  အုပ်စုဖွဲ့ လိုရာဆွဲ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်ပန်းကိုကောက်ချင်နေသူတွေ လွန်ဆွဲနေတဲ့ ကာလဖြစ်ပါတယ်။

ဒါကြောင့် ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ် ညီလာခံခေါ်ဖို့ အတွက်ကို ကရင့်ခေါင်းဆောင်ကြီးတွေ စိုင်းပြင်းနေကြပါတယ်။

သမိုင်းတွေကို နောက်ကြောင်းပြန်မဆွဲချင်ပေမယ့် ကေအဲန်ယူသမိုင်းမှာ ဒီလိုအရေးပေါ် ညီလာခံခေါ်ပြီး ပြောဆိုဆွေးနွေး စေ့စပ်ညှိနှိုင်း ခဲ့ရတာတွေလည်း အကြိမ်များစွာရှိခဲ့ပါတယ်။ မပြေလည်ပဲ ဖဲ့ထွက်
ခွဲထွက်၊ လက်နက်ချ၊ ရန်သူနဲ့ ပူးပေါင်းစတဲ့ သမိုင်းကြောင်းတွေရှိခဲသလို အထိန်းကောင်း အဖာကောင်း ဦးဆောင်မှုတွေကောင်းခဲ့လို အချိန်မှီကုစားနိုင်ခဲ့တဲ့ သာဓကတွေလည်း ကေအဲန်ယူမှာ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့  ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ ပါဝင်ဖြတ်သန်းခဲ့ဘူးတဲ့ အချိန်ကာလအရ ဒီလိုအခြေအနေမျိုး (၂)ကြိမ် ကြုံခဲ့ဘူးပါတယ်။

အနီးစပ်ဆုံးကတော့ ၂၀၀၃ ကေအဲန်ယူ ဗဟိုကော်မတီအရေးပေါ်ညီလာခံပါ၊ ဒီအကြိမ်ကတော့ ကရင့်သမိုင်းမှာရော ကေအဲန်သူသမိုင်းမှာပါ သြဇာအာဏာကြီးမားတဲ့ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သမိုင်းကို အဖတ်ဆယ်ခဲ့ရတဲ့ပွဲ ကေအဲန်ယူ သမိုင်းကောင်းအောင် ထိန်းခဲ့ရတဲ့ ပွဲတပွဲလို့ ပဲ ပြောရပါလိမ့်မယ်။

စာရေးသူအနေနဲ့ ကိုယ့်အဖွဲ့ အစည်းနဲ့ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မလုပ်ချင်ပေမယ့် ဒါတွေဟာသမိုင်းတွေ သင်ခန်းစာယူစရာတွေ ယခုအုပ်စုဖွဲ့  ကိုယ်လိုရာကိုဆွဲနေတဲ့ ခေါင်းဆောင်ကြီးတွေအတွက် အရေးပေါ် ကုစားနိုင်မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ ရေးရ ပြောရခြင်းဖြစ်ပါတယ်

၂၀၀၀ခုနှစ် ကေအဲန်ယူ(၁၂)ကြိမ်မြောက်ညီလာခံအပြီးမှာ ကေအဲန်ယူ ဥက္ကဋ္ဌ ရာထူးနေရာ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ပဒိုစောဘသင်စိန်နဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြပါ။ ဒီအရင်နှစ်တွေက ကေအဲန်ယူအတွင်း ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ကြီး စောဘိုမြက ဆယ်စုနှစ်တစုကျော်ကျော် တာဝန်ယူခဲ့တာပါ။ ဒါကို အခွင့်ကောင်းတခုလို အသုံးချပြီး
ကေအဲန်ယူကို အမဲဖျက်ဖို့ အမြဲစောင့်ကြည့် ခြောင်းမြောင်းနေတဲ့ နအဖ ခေါင်းဆောင်တချို့ နဲ့  ငြိမ်းချမ်းရေးလုပ်စား ပွဲစားတချို့ မြ၀တီမဲဆောက်လမ်းကြောင်းကနေ ဗိုလ်ချုပ်မြထံကို တိုက်ရိုက်ချည်းကပ်ခဲ့ကြတယ်

ဗိုလ်ချုပ်ကြီးကိုတော့ ကေအဲန်ယူကလူတွေ ဥက္ကဋ္ဌ ရာထူးကနေ တဖြေးဖြေးဖယ်ရှား နေပြီ။ နောက်ဆို ဗိုလ်ချုပ်ကြီး နေရာပျောက်သွားလိမ့်မယ်။ အခုလက်ရှိ ဒုဥက္ကဋ္ဌရာထူးအဆင့်နဲ့  ကျနော်တို့ နဲ့ ငြိမ်းချမ်းရေးစကားပြောပါ၊ ကရင်ပြည်သူတွေအတွက် ဗိုလ်ချုပ်ကြီးသမိုင်းကို မှတ်တိုင်ထူလိုက်ပါ။ တပ်ပေါင်းစုနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးတို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေလိမ့်မယ်၊ ကျနော်တို့ နဲ့  ဆွေးနွေးကြည့်ပါ။ ခြေလှမ်းစလှမ်းကြည့်ပါ မနစ်နာရပါဘူး စတဲ့ သူတို့ သုံးနေကျ မဲပြာပုဆိုးအကွက်တကွက်နဲ့ စတင်ခင်းခဲ့ပါတယ်။

အဲ့ဒီအခြေအနေတွေက စပြီး ဗိုလ်ချုပ်မြကိုယ်တိုင် ရန်ကုန်ဆင်း ဗိုလ်ချုပ်ခင်ညွန့် နဲ့ တွေ့ ခဲ့။ အမေရိကန်အားကိုး တရုတ်အားကိုးကစလို့  ဖတီး ဖိုးတိုနဲ့  ဆိုတဲ့ သမိုင်းဝင်စကားတွေပြောခဲ့၊ ဗိုလ်ချုပ်မြရဲ့ မွေးနေ့ ပွဲကိုတောင်မှ သူတို့ က တခမ်းတနား ကျင်းပပေးခဲ့ကြတာက ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တာမို့ ကရင်ပြည်သူတွေ အားလုံးသိကြမှာပါ။ အပေါ်ယံက ကြည့်ရင်တော့ ဗိုလ်ချုပ်ကြီး စောဘိုမြကျိုးပမ်းမှုကြောင့် ကရင်တွေအတွက် ငြိမ်းချမ်းရေး ရောင်ခြည်သန်းဖို့ လမ်းစပြီလို ထင်ရပေမယ့် ကေအဲန်ယူဗဟိုကော်မတီနဲ့ တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေလောက်သာသိပြီး ကရင်ပြည်သူတွေ မသိတဲ့ အချက်က ၁၉၉၇ ခုနှစ် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေမှာလုပ်ခဲ့ မယ်သရောထာ သဘောတူညီချက်ကို ဗိုလ်ချုပ်မြချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီသဘောတူညီချက်က ကေအဲန်ယူဟာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သဘောတူတယ်။ ဘ၀တူတိုင်းရင်းသားတွေ မဟာမိတ်တွေနဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။

ဒီအချက်ကို ကေအဲန်ယူမူပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ကေအဲန်ယူခေါင်းဆောင်တွေက ဗိုလ်ချုပ်မြကို ထောက်ပြကြပါတယ်။ တချိန်ထဲမှာပဲ ဗဟိုကော်မတီဆုံးဖြတ်ချက်မရပဲ ခေါင်းဆောင်တဦးတယောက်သဘောထားနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာကိုလည်း ပြောခဲ့ကြပါတယ်။ တဖက်မှာလည်း နအဖ ကျားငစဉ်းလဲနဲ့  ငြိမ်းချမ်းရေးလုပ်စားပွဲစားတွေက ကေအဲန်ယူကို အမဲဖျက်ဖို့ အတွက် ဗိုလ်ချုပ်မြကို အသေကပ်ထားသလို
ဗိုလ်ချုပ်မြရဲ့ နောက်က သူရဲ့ သားတွေရဲ့ တပ်တွေ။ တပ်မဟာ(၇)က ဗိုလ်ချုပ်မြနဲ့ မယားညီအကိုတော်စပ်တဲ့ ဗိုလ်ချုပ်ထင်မောင်နဲ့ နောက်လိုက်တွေကိုပါ မြ၀တီ-မဲဆောက်စီးပွားရေး ဈေးကွက်ဇုံဖွင့်ရေး အကျိုးအမြတ်နဲ့  စည်းရုံးထားကြပါတယ်၊

ငြိမ်းချမ်းရေး စာချုပ် ချုပ်ရေး မချုပ်ရေး ကေအဲန်ယူအတွင်း သဘောထားကွဲလွဲမှုတွေဖြစ်လာချိန် ဗိုလ်ချုပ်မြ ကျန်းမာရေးချို့ တဲ့ လာတဲ့အချိန်အထိ မဲဆောက်ဆေးရုံထဲအထိတောင် ဗိုလ်ချုပ်မြ လက်မှတ်ထိုးဖို့ ကို တချိန်လုံး စည်းရုံးခဲ့ ကြပါတယ်။

ဒီအခြေအတွေကြောင့် ၂၀၀၃ ခုနှစ်မှာ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံ ခေါ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်မြနောက်မှာ စစ်တပ်နောက်ခံတွေရှိနေတဲ့အတွက် ကေအဲန်ယူ အမာခံတွေအတွက် လုံခြုံရေး စိတ်မချတာကြောင့် အရေးပေါ် ညီလာခံကို ကေအဲန်ယူ လွတ်မြောက်နယ်မြေမှာတောင် မကျင်းပနိုင်ပဲ မဲဆောက်မြို့ စွန်က ရီဆော့တခုမှာ လုပ်ခဲ့ရပါတယ်။

ဒီဆွေးနွေးပွဲမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ပဒိုမန်းရှာနဲ့  လက်ရှိ ကေအဲန်ယူမှာ တာဝန်ယူဆဲဖြစ်တဲ့ ပဒိုဒေးဗစ်သာကပေါ်တို့ က မယ်သရောထာမူပေါ်မှာ အမာခံရပ်တည်ဆွေးနွေးခဲ့ကြသလို ပဒိုစောဘသင်စိန်နဲ့  ကေအဲန်ယူ နာယကကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်တာအယ်(ဖူးတင်ဦး) ဗိုလ်ချုပ်ကျော်သောင်းတို့ က ညီညွတ်ရေးအတွက် ပွဲထိမ်းခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ ခရိုင် တပ်မဟာက ခေါင်းဆောင်တွေကလည်း ကေအဲန်ယူရဲ့  မူနဲ့ ပေါ်လစီပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြလို့ ဗိုလ်ချုပ်မြကို အချိန်မှီတားနိုင်ခဲ့သလို ကေအဲန်ယူ သမိုင်းကိုလည်း အမဲစက်မဖြစ်အောင် ထိမ်းသိမ်းနိုင်ခဲ့ကြပါတယ်၊

ဒါကြောင့်မို့ လည်း ဗိုလ်ချုပ်မြရဲ့ တော်လှန်ရေးသမိုင်းဟာ ဇာတ်သိမ်းကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တပ်မဟာ(၇)က ဗိုလ်ချုပ်ထင်မောင်နဲ့ အဖွဲ့ ကတော့ နောက်ပိုင်းမှာ အဖဲ့ခံလိုက်ရပြီး ကေအဲန်ယူကနေ တစဉ်ထောင် ခွဲထွက် သွားကြပါတယ်။

ကေအဲန်ယူ ကရင့်တော်လှန်ရေးဟာ ကမ္ဘာပေါ်မှာ နှစ်အကြာဆုံး သက်တမ်းအကြာဆုံး တော်လှန်ရေးကြီးတခုပါ၊ ဒီတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့ ထမ်းတာဝန်ယူခဲ့ ထမ်းဆောင်ခဲ့ ထမ်းဆောင်နေကြဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့  ပေးဆပ်မှုတွေရဲ့ တန်ဖိုးက အလွန်ကို ကြီးမားကြပါတယ်။

ဒါပေမယ့် ကရင့်တော်လှန်ရေးကြီးထဲမှာ အချိန်တွေ ဘယ်လောက်ပဲ ကြာခဲ့ကြာခဲ့။ တန်ဖိုးကြီးကြီး ဘယ်လောက်ပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ နောက်ဆုံးမှာ အမှားတကွက်ဖြစ်ခဲ့ရင် အဲ့ဒီသမိုင်းဟာ အဲ့ဒီခေါင်းဆောင်အတွက် ဇာတ်သိမ်းမကောင်းသလို ဖြစ်တတ်တာကို ကျမ သတိထား မိပါတယ်။

ယခုလက်ရှိ ကေအဲန်ယူမှာ ကေအဲန်ယူရဲ့ ဗဟိုမှာတာဝန်ယူနေတဲ့ ခေါင်းဆောင်ကြီးတွေထဲမှာ နှစ်ပေါင်းများစွာ ပါဝင်ပေးဆပ် လုပ်ကိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရှိပါတယ်၊ ခေါင်းဆောင်ပိုင်းဖြစ်နေလို့ ကို အဖွဲ့ အစည်းရဲ့ မူနဲ့ ပေါ်လစီကို ပိုလို့ အာမခံရ။ တာဝန်ယူရ စံပြဖြစ်နေရမှာဖြစ်ပါတယ်၊ တချိန်ထဲမှာပဲ ကိုယ်ဦးဆောင်ဦးရွက်ပြုနေတဲ့ အဖွဲ့ အစည်းဟာ ကိုယ့်ပြည်သူလူထုရဲ့ သဘောဆနကို လေးစားလိုက်နာဖို့ ပါ လိုအပ်ပါတယ်။

ပြည်သူ့ သဘောဆနကို ဆန့် ကျင်တာမျိုး၊ ကိုယ့်အဖွဲ့ အစည်းရဲ့ မူ ပေါ်လစီကို ချိုးဖျက်တာမျိုးဖြစ်ရင်တော့ အဲ့ဒီခေါင်းဆောင်ရဲ့ သမိုင်းဇာတ်သိမ်းဟာ ဘယ်လိုမှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူးဆိုတာကို ကရင်ပြည်သူတယောက်အနေနဲ့ တင်ပြလိုက်ရပါတယ်။

ခိုင်မာကျော်ဇော
(အောက်တိုဘာ ၁၅၊ ၂၀၁၄)
https://www.facebook.com/khaingmar.kyawzaw.3

No comments:

Post a Comment