ondragstart="return false" onselectstart="return false"

Sunday, February 8, 2015

ကချင်ဒုက္ခသည် အခြေအနေဆိုး

မဆုမွန်
07.02.2015

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲ ကချင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ အရေးတကြီး လိုအပ် နေသလို စစ်ပြေး စစ်ရှောင်ဒုက္ခသည်တွေ ဘဝရပ်တည်နိုင်ရေး ရေရှည်အာမခံချက်ပေးနိုင်တဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ ကိုလည်း အလေးထားဆောင်ရွက်သင့်တယ်လို့ ကချင်ပြည်နယ်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေဆဲ ကချင်ပြည်နယ်တွင်း စစ်ပြေး၊ စစ်ရှောင် ဒုက္ခသည်တွေဆီ သွားရောက်အကူအညီပေးနိုင်ဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က ခွင့်ပြုချက်မပေးတဲ့ အနေအထားဖြစ်နေလို့ အခက်အခဲတွေ့နေကြရတယ်လို့လည်း ကချင့်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

စာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့ ကချင်ပြည်နယ်တွင်း ဖားကန့်၊ လုံးခင်းဒေသတွင်းက ကျေးရွာသားတွေနဲ့ စစ်ပြေးဒုက္ခသည် စခန်းတွေအထိ သွားရောက်ပြီး လိုအပ်တဲ့စားနပ်ရိက္ခာတွေကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းက သွားရောက်ကူညီ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒီလိုသွားရောက်တွေ့ဆုံခဲ့စဉ်အတွင်း ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်နေတာကို တွေ့ခဲ့ရသလို ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ရှေရှည် ဘဝအာမခံချက်ရှိတဲ့ စီမံချက်တွေ အရေးတကြီးဆောင်ရွက်ပေးဖို့ လိုအပ်တာကို တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်​ခေါင်းဆောင်ကိုပြုံးချိုက အကြံပြုပါတယ်။

“အခု လောလောဆယ်မှာဆိုလို့ရှိရင် စစ်ရှောင်ရင်းနဲ့ရောက်လာတဲ့၊ ဒါကိုလက်ခံထားရတဲ့ရွာမှာလည်းပဲ ရှိတဲ့ရွာသားတွေနဲ့ အားလုံးဟာ ဘဝတူလိုဖြစ်ပြီးတော့ သွားရေးလာရေး အခက်အခဲလေးတော့ စစ်အရှိန်ကြောင့် ပိတ်မိနေတဲ့ ဒေသဖြစ်နေတဲ့အတွက် အဲဒီမှာ စားနပ်ရိက္ခာက မျှတပြီးတော့ စားသောက်နေရတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့လည်း တတ်နိုင်သလောက် ပြည်သူလူထုဆီက စုဆောင်းရရှိသမျှ စားနပ်ရိက္ခာတွေ သွားပေးဖြစ်တယ်။ နောက်ပြီး သူတို့ရဲ့နေ့စဉ်ပုံမှန် လုပ်ကိုင်စားသောက်ရတဲ့ဘဝတွေက အခက်အခဲတွေနဲ့ ကြုံနေရတယ်။ မူလအနေအထားတွေ ပျက်ယွင်းသွားတယ်။ နောက်စာသင်ရတဲ့ကလေးတွေရဲ့အနေအထားကလည်း တခြား တနေရာကိုသွားပြီး စာသင်ရတယ်ဆိုတဲ့အခါမှာ သူတို့တွေရဲ့နေ့စဉ်လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့အတွက် ရေရှည်မှာ အကူအညီပေးရေးထက်စာလို့ရှိရင် ကိုယ်ပိုင်ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့သာလျှင် ပိုပြီးတော့ သဘာဝကျတဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် သူတို့ရဲ့နေ့စဉ် လုပ်ကိုင်စားသောက်မှုတွေ၊ သွားရေးလာရေး ကိစ္စတွေမှာ တတ်နိုင်သလောက် အတားအဆီးတွေ ဖြေလျှော့ပြီးတော့ လုံခြုံမှုရှိဖို့က ပိုပြီးတော့ အရေးကြီးတယ်လို့ ယူဆတယ်။”

လတ်တလော စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်နယ်မြေနဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရွာသားတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေရောက်အောင် ကယ်ထုတ်နိုင်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းတွေ ရိက္ခာတွေ ထောက်ပံ့ပေးဖို့ သွားရောက်ပို့ဆောင်နိုင်ရေးအတွက် အခက်အခဲတွေနဲ့ကြုံနေရသလို နယ်မြေလုံခြုံရေး အတွက်လည်း စိုးရိမ်စရာအနေအထားဖြစ်နေဆဲပဲလို့ ကချင်အမှန်တရားဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဒန်ကလည်း ပြောပါတယ်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကံစီးရွာတွင် နေထိုင်နေကြသော စစ်ဘေးရှောင်ဒုက္ခသည်များအားတွေ့ဆုံစဉ်။ (ဓာတ်ပုံ/ ၈၈ ငြိမ်းပွင့်fb)၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကံစီးရွာတွင် နေထိုင်နေကြသော စစ်ဘေးရှောင်ဒုက္ခသည်များအားတွေ့ဆုံစဉ်။ (ဓာတ်ပုံ/ ၈၈ ငြိမ်းပွင့်fb)

“အခုနောက်ပိုင်း အခက်အခဲကတော့ ကုလသမဂ္ဂနဲ့ဆက်နေတဲ့ အထောက်အကူပြုရေးအဖွဲ့တွေကျရင် အစိုးရကနေပြီး သူတို့အနေနဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာတွေပို့ပေးတဲ့ဟာမျိုးကျရင် သူတို့က Permission ပေါ့လေ၊ နော-ခွင့်ပြုချက် အစိုးရဆီက လိုတယ်။ အဲဒီအပိုင်းမှာ အစိုးရကနေပြီးတော့မှ သူတို့ကို ခွင့်ပြုချက်ပေးတဲ့ဥစ္စာတွေက အရမ်းနှောင့်နှေးတာတို့၊ အကူအညီမပေးတာတို့၊ အဲလိုမျိုးတွေနဲ့ သတ်မှတ်ချိန်မှာ မရောက်တဲ့ပြဿနာတွေတော့ ရှိတယ်။ အခု လောလောလတ်လတ် ဖားကန့်ဘက်မှာဖြစ်တယ်ဆိုရင် ထွက်ပြေးတိမ်းရှောင် တဲ့ ရွာသားတွေ ပိတ်မိနေတဲ့အနေအထားပေါ့။ ပိတ်မိနေတဲ့အနေအထားမှာ သူတို့အနေနဲ့ ဒီဘက်လည်းရောက်မလာနိုင်၊ …. ထဲမှာလို့ ပြောလို့ရတာပေါ့။ အဲဒီလို ပိတ်မိနေတဲ့အချိန်ကျတော့ အခုလောလောလတ်လတ်ဆိုရင် အရင်လွန်ခဲ့တဲ့ တရက် နှစ်ရက်ကဆိုရင် ၈၈ က ကိုမြအေးတို့၊ ကိုပြုံးချိုတို့၊ ကိုမင်းကိုနိုင်တို့ကနေပြီးတော့မှ သူတို့ ဆန်တို့၊ ဘာတို့ ယူသွားပေးပြီးတော့မှ သူတို့ကိုယ်တိုင်တက်တာပေါ့နော်။ သူတို့ကို ပြန်ပြီး လုံခြုံတဲ့နေရာကိုခေါ်ဖို့ဆိုပြီး …. အကျိုးဆောင်အဖွဲ့တို့လိုမျိုး၊ တခြား ဘာသာရေးနဲ့ဦးဆောင်နေတဲ့အဖွဲ့တွေနဲ့ ဆရာတွေ- သွားခေါ်ရင်လည်းပဲ တပ်ဘက်ကနေပြီးတော့မှ ခွင့်ပြုချက်မပေးတာတို့၊ မသွားခိုင်းဘူးပေါ့နော်။ ဒီနေရာမှာပဲ ဆက်ပြီးတော့ရှိခိုင်းတာတို့ - အဲဒီလိုမျိုး ပြဿနာတွေတော့ ရှိတယ်။”

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြားဖော်ဆောင်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်မြောက်လာနိုင်ရေးကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလေးအနက်တိုက်တွန်းပါတယ်။

“..အဲဒီတော့ လောလောဆယ်မှာတော့ ကျနော်တို့အနေနဲ့က ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင်နဲ့ အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုနိုင်အောင်၊ နောက် မလုပ်နိုင်သေးခင်ကာလမှာ အခုလိုမျိုး ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တဲ့သူတွေအတွက် လိုအပ်ချက်တွေရှိမယ်လို့ ကျနော်တို့ ယူဆပါတယ်။ စခန်းမှာရှိသမျှ တော်တော်များများကို တွေ့ဆုံမိသလောက်ကတော့ သူတို့ မူရင်းဒေသတွေမှာသူတို့ ပြန်လည်ပြီးတော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရရင် လုပ်ကိုင်ချင်တယ်။ ဒါမှမဟုတ်ဘဲနဲ့ အဲဒီလိုမျိုး နေ့စဉ်နဲ့အမျှ ဒုက္ခတွေ ခံစားနေရမယ် ဆိုလို့ရှိရင် …. နဲ့လုံခြုံတဲ့နေရာမှာ ဖြတ်သန်းချင်တဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁၄ ရက်ကနေ့ ပြန်လည်ဖြစ်ပွါးနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေရတဲ့ ထောင်ချီတဲ့ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခွင့်ရဖို့ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကို ကုလသမဂ္ဂက ပန်ကြားထားပါတယ်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ကလည်း စစ်ပြေး စစ်ရှောင်ဒုက္ခသည်တွေအရေး အထူးစိုးရိမ်မိတယ်ဆိုတာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
http://burmese.voanews.com/content/kachin-refugees-condition-getting-worse-/2633103.html

No comments:

Post a Comment