ondragstart="return false" onselectstart="return false"

Tuesday, February 10, 2015

တောင်ငူတွင်ကျင်းပမည့် ကရင်အမျိုးသားနေ့ KNU ဒုဥက္ကဌ တက်ရောက်မည်

ဖဖော်ဝါရီ - ၉ - ၂၀၁၅
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တောင်ငူခရိုင်တွင်ကျင်းပမည့် (၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဒုဥက္ကဌပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

တောင်ငူခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ ဒေသတွင် ယခုလ (၁၁) ရက်နေ၌့ကျင်းပမည့် ကရင်အမျိုးသားနေ့အခမ်းအနားသို့ ဒုဥက္ကဌနှင့်အတူ ပဒိုစောသမိန်ထွန်း ပဒိုဒေါလေမူနှင့်ပဒိုစောလှထွန်း တို့ ဦးဆောင်တက်ရောက်ကြမည်ဖြစ်သည်။

ကရင်အမျိုးသားများသည့် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဒေသအသီးသီးရှိ ကရင်အမျိုးသားများက ၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကရင်လူထုဆန္ဒပြပွဲတရပ်ကိုကျင်းပခဲ့ကြပြီး ကြွေးကြော်သံ ၄ ချက်ကိုကိုင်စွဲကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။

အဆိုပါကြွေးကြော်သံ ၄ ချက်မှာ - ၁ - ကရင်ပြည်ချက်ချင်းပေး (လွပ်လပ်ရေး) - ၂ - ကရင်တကျပ်ဗမာတကျပ်ချက်ချင်းပြ (တန်းတူရေးနှင့်ဒီမိုကရေစီရေး) - ၃ - လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး) - ၄ - ပြည်တွင်းစစ်အလိုမရှိ (ငြိမ်းချမ်းရေး) ဟူ၍ဖြစ်သည်။

အဆိုပါနေ့သည် ကရင်အမျိုးသားများကို နိုင်ငံရေးအသိနှင့်မျိုးချစ်ပြည်ချစ် စိတ်ဓာတ်ကိုမွေးထုတ်ပြသသည့်နေ့ဖြစ်ခြင်း - ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသသည့်နေ့ဖြစ်ခြင်း - ကရင်အမျိုးသားများ၏ ဇာတိသွေးဇာတိမာန်ကို ရဲရဲတောက်ထုတ်ဖော်ပြသသည့်နေ့ဖြစ်ခြင်း - နိုင်ငံရေးလက်ဦးမှုကို ကရင်အမျိုးသားများ ရယူသည့်နေ့ဖြစ်ခြင်း - ကရင်ကိုကမ္ဘာက ပိုမိုလက်ခံသည့်နေ့ ဖြစ်ခြင်းတို့ကြောင့် ဖာပွန်မြို့တွင်ကျင်းပခဲ့သည့် ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် တက်ရောက်လာကြသည့် ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ကရင့်တော်လှန်ရေးသမိုင်းတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားများက အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်အခွင့်အရေးရရှိရေးတောင်ဆိုမှုများသည် ထိုကာလက အာဏာရ ဖဆပလအစိုးရက အရေးဆိုသောကရင်အမျိုးသားများမှာလက်တဆုပ်စာသာဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့များက အားပေးအားမြှောက်သည့် အင်္ဂလိပ်ကျွန်ဖြစ်လိုသည့် ကရင်များသာဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သောကြောင့် ကရင်လူထုဆန္ဒပြပွဲ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် KNU ခေါင်းဆောင်ကြီးတဦးက ကရင်အမျိုးသား(မီဒီယာ)ကို ပြောသည်။
တောင်ငူခရိုင်တွင်ကျင်းပမည့် (၆၇)နှစ်မြောက် ကရင်အမျိုးသားနေ့ကို အမျိုးသားရေးအနှစ်သာရ အပြည့်အ၀ဖြင့် ကျင်းပမည်ဖြစ်သောကြောင့် တောင်ငူအပါအ၀င် ပဲခူးတိုင်းအတွင်းရှိ ကရင်လူငယ်မောင်မယ်များ အများစုတက်ရောက်ကြမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ မှ တပ်မှူးတဦးက ဆိုသည်။

(၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ခရိုင်နှင့်တပ်မဟာ ၇ ခုအပါအ၀င် နိုင်ငံတကာသို့ရောက်ရှိနေကြသည့် ကရင်အမျိုးသားများကလည်း ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။

No comments:

Post a Comment