ondragstart="return false" onselectstart="return false"

Friday, June 26, 2015

တိုင်းရင်းသား လူမျိုးတိုင်း တန်းတူရေး ဗမာလူမျိုးများပါဝင်လုပ်ဆောင်နိုင်သည့် နည်းသစ်တင်ပြခြင်း

အဂ္ဂ

တိုင်းရင်းသားဆရာဆရာမများတွင် မိမိဆိုင်ရာလူမျိုး၏ စာပေနှင့် သမိုင်းကိုသင်ကြားပေးရ မည့်တာဝန် နှင့်တန်ဖိုးများရှိကြရမည့်အကြောင်းဥပဒေမပြဌာန်းခြင်းသည် တိုင်းရင်းသားများမနှေးအမြန် တိမ်ကော ပပျောက်သွားစေရန်ပြောင်တလင်း စီမံလုပ်ဆောင်ချက်ဖြစ်သည်။

ဒါကိုမြင်နိုင်စွမ်းမရှိသော သို့မဟုတ် ကျေနပ်သောသို့မဟုတ် အလိုတော်ရိဖြစ်သော သို့မဟုတ် တုံနှိဘာဝေဖြစ် နေသော တိုင်းရင်းသားများသည်လည်း လူမျိုးတမျိုးအဖြစ်ဆက်လက်တည်ရှိနေရန်လိုအပ်သည့် ဂုဏ်အဂါင်္များနှင့် ကင်းဝေးသွားရပေတော့မည်။

တိုင်းရင်းသားလူမျိုးတိုင်း၏ စာပေနှင့်သမိုင်းများကိုတန်းတူဖြစ်စေလိုသည့်စေတနာသည် ပြည်ထောင်စုနိုင်ငံသားများတွင် လုံးဝမရှိမဖြစ် အခြေခံစိတ်ဓါတ်အဖြစ်သွတ်သွင်း တည်ဆောက် ထားခြင်းရှိနေရမည်။ တိုင်းရင်းသားများအတွင်းမှတမျိုးမျိုး၏စာပေနှင့် သမိုင်းကိုသာလျှင် ဘုံထား မြေတောင်မြှောက်သွတ်သွင်းခြင်းမှာ ပြည်ထောင်စုတည်ဆောင်ခြင်းမဟုတ်ဘဲ လုံးဝပြောင်တိုက်ကြီး တပြည်ထောင်တည်ထောင်ခြင်းဖြစ်သဖြင့် တရားမျှတမှုကိုမလိုလားသည့် ဆိုးရွားမှုဖြစ်သည်။

သည်ဆိုးရွားမှုများသည် မျိုးချစ်စိတ်ရှိသောတိုင်းရင်းသားလူထု၏ခုခံတုံ့ပြန်မှုကိုပေါ်ပေါက်စေသည်။
ခေတ်အဆက်ဆက်တွင် အာဏာပိုင်လူမျိုးများ၏စာပေ သမိုင်းဖိနှပ်မှုကို ပါဝင်အလုပ်အကြွေးပြုကြသည့် တိုင်းရင်းသားအလိုတော်ရိများရှိတတ်စမြဲဖြစ်သဖြင့် ထိုသူများ၏ပါဝင်မှုကို တိုင်းရင်းသားများ၏ပါဝင်မှုအဖြစ် ဆွဲယူအသုံးချလျှက် ငါးကြင်းဆီဖြင့်ငါးကြင်းကျော်နေနိုင်မည်ဖြစ်သော်လည်း တရားမျှတမှုမရှိသဖြင့် တကယ်တမ်းငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတနိုင်ငံသို့သွားနေသည့်လမ်းကြောင်းမဟုတ်ပါပေ။
သို့ဖြစ်သဖြင့် လူမျိုးရေးယုတ်မာမှုများဖြင့်တည်ဆောက်သောအတုအရောင်ပြည်ထောင်စုကြီးထဲတွင် ဖိနှိပ်မှုများအဆုံးမသပ်မခြင်းခုခံတုံ့ပြန်မှုများလည်းမလွဲမသွေဆက်လက်ပေါ်ပေါက်ပြန့်ပွား
တည်တန့်နေမည်သာလျှင်။
ပြသနာကိုရှင်းလင်းပြတ်သားစွာ ထောက်ပြလိုက်ပြီးနောက်ဖြေရှင်းနည်းကိုမပြောလျှင် အနှုတ်လက္ခဏာသာရှိသောလူမျိုးရေးအဖျက်သမားအမြင်ဟု တံဆိတ်ခတ်ခံရဖွယ်ရှိသည်ဖြစ်သဖြင့် ဖြေရှင်းနည်းကိုတင်ပြလိုက်ပါရစေ။

ဘာမှမခက်ပါ။
ဘာသာစာပေသမိုင်းတန်းတူရေးအတွက် ၁၃၅ မျိုးရှိသည်ဆိုသော တိုင်းရင်းသားလူမျိုးတိုင်း၏စာပေကို နိုင်ငံတော်ရုံးသုံးကျောင်းသုံးဖြစ်အောင်လုပ်လို့မရနိုင်ခြင်းမှာ အမှန်တရားဖြစ်သည်။ ထိုသို့ ၁၃၅ မျိုးလုံးကိုတရားဝင်စေရန်မဖြစ်နိုင်သဖြင့် လူဦးရေအများဆုံးလူမျိုးတမျိုးတည်း၏စာပေ သမိုင်းတို့ကို ဘုံအဖြစ်ထားလိုက်သောအခါ ကျန်၁၃၄မျိုးလုံး အဟုန်ပြင်းစွာဖြင့်တိမ်ကောပပျောက်သွားရမည့် အဆင်းလမ်းပေါ်ချထားပေးလိုက်သည့်အနေအထားသို့ဆိုက်ရောက်သည်။ ယခုအခါတွင် တိုင်းရင်းသားလူမျိုးများသည် မိမိဆိုင်ရာအ၀တ်အစားများ အကအခုန်များလောက်ကိုသာ သိလျှက် စာပေနှင့်သမိုင်းမှာမူ အသုံးမ၀င်အောင်ပြုထားခြင်းခံရသည့်အဆင့်ကိုလိုက်ပြီး မရပ်တမ်း တိမ်ကောသွားလျှက်ရှိသည်။ မိမိရိုးရာဝတ်စုံများကိုဝတ်ဆင်ကြသည်ဆိုရာတွင်လည်း တားမြစ်ထားခြင်းမရှိသောနေရာများတွင်သာဝတ်ရဲကြသည်။ ရုံးများကျောင်းများတွင် ဗမာဝတ်စုံအစား မ၀တ်ဆင်ရဲကြသေးပါ။ အားလုံးသိကြပါသည်။
ဒါဆိုလျှင် တန်းတူရေးအတွက် အလွန်လွယ်သောတခြားတနည်းကို ကြည့်ပါ။ ဒီနည်းဖြစ်မြောက်ရေးအတွက်အဓိကဖြတ်သန်းရမည့် တခုတည်းသောအခက်အခဲကြီးမှာ တိုင်းရင်းသားဗမာလူမျိုးများက မိမိတို့၏ စာပေ သမိုင်း သုံးစွဲဖြန့်ဖြူးပိုင်ခွင့်အာဏာကို တခြား၁၃၄မျိုးသောတိုင်းရင်းသားညီနောင်များ၏ အဆင့်အတန်းနှင့်တန်းတူသောအနေအထား သို့ဥပဒေပြုပြီးလျှော့ချပေးချင်သည့်စိတ်စေတနာကောင်းများပေါ်ပေါက်ပြန့်ပွားရေးသာလျှင်ဖြစ်သည်။
တခြားတိုင်းရင်းသားများကလက်ရှိ စာပေ ယဉ်ကျေးမှု ထိမ်းသိမ်းနေကြရသည့်နည်းနာ အခွင့်အရေးများအတိုင်း ဗမာစာပေ သမိုင်း ယဉ်ကျေးမှုများကိုထိုနှင့်တန်းတူအနေအထားသို့ရွေ့ချပေးရန်သာဖြစ်သည်။ လက်ရှိအနေအထားမှာ ဗမာစာပေသမိုင်း ယဉ်ကျေးမှုက ကျန်တိုင်းရင်းသား ၁၃၄ မျိုးအထွတ်အမြတ်ထားရာ စာပေ သမိုင်းနှင့်ယဉ်ကျေးမှုတို့၏ဦးခေါင်းကိုခြေဖြင့်တက်နင်း ထားသည့်အနေအထားဖြစ်နေသည်။ ဒီအနေအထားကိုဗမာများကပြည်ထောင်စုလူမျိုးများတန်းတူရေးစိတ်ဓါတ်ဖြင့်အဆုံးရှုံးခံကြရမည်။
ဗမာများကဒိုင်ခံဟစ်ကျွေးနေပြီးတိုင်းရင်းသားများကိုအပြစ်ဆိုနေလေ့သည့် အဆိုပါ ပြည်ထောင်စုစိတ်ဓါတ်နှင့်အညီ တိုင်းရင်းသားအားလုံးနှင့် စာပေ သမိုင်းယဉ်ကျေးမှု တန်းတူ သောအနေအထားကိုလက်တွေ့ကျင့်သုံးကြရမည်။ ဒါကိုမလုပ်နိုင်လျှင် တန်းတူရေးနှင့်ပြည်ထောင်စုစိတ်ဓါတ်မရှိခြင်းသာလျှင်ဖြစ်သဖြင့် ထိုမရှိသောစိတ်ဓါတ်လုပ်ဆောင်ချက်များ ကိုအခြေခံသည့် ဆင့်ပွားပေါ်ပေါက်သော ဆိုးကျိုးအားလုံးကို တိုင်းရင်းသားပြည်သူများနည်းတူ ဆက်လက်ခံစားကြရဖို့သာရှိသည်။

ဖေါ်ပြခဲ့သောဖြေရှင်းနည်းမှာ နယ်နိမိတ်ရေးဆွဲရေးပြသနာများစွာကို ရင်ဆိုင်ရဦးမည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်ကိုထိရှခြင်းမရှိပေ။ တပြည်ထောင်ဖြစ်သည့်တိုင် ၁၃၅မျိုးသော လူမျိုးတိုင်းတန်းတူစေသောနည်းနာဖြစ်သည်။ စာပေ သမိုင်း နှင့်ယဉ်ကျေးမှုတွင်တန်းတူလျှင် နိုင်ငံကိုတန်းတူပိုင်ဆိုင်သည့်အနေအထားနှင့်စိတ်ဓါတ်များဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖွံ့ဖြိုးရေး စီးပွားရေး ဘာသာရေး စသောအခြားအရေးအားလုံးမှာ လူမျိုးမရွေး ဘာသာမရွေး ယေဘူယျအားဖြင့် ကိုယ့်အိုးကိုယ့်ဆန် ဆိုင်ရာ သဘာဝများအတိုင်းသွားနေသည့် တန်းတူမှုများရှိနေသည်သာဖြစ်သဖြင့်အထူးတလည် ထည့်သွင်းပြောဆိုရမည့်ပြသနာမဟုတ်တော့ပါ။

လေးစားလျှက်
အဂ္ဂ


No comments:

Post a Comment