ondragstart="return false" onselectstart="return false"

Friday, June 5, 2015

ကိုယ်စားလှယ်ရွေးပွဲ နဲ့ သမ္မတရွေးပွဲ

ဦးအောင်ခင်, ကျော်ကျော်သိန်း

လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ (၅) လလောက်သာ လိုတော့တာမို့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စာရင်းကို နိုင်ငံရေးပါတီတွေ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲနိုင်လို့ ဒီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲနိုင်လို့ လွှတ်တော်ထဲ ရောက်သွားတဲ့အခါမှာ သမ္မတကို ရွေးချယ်တင်မြှောက်ပါလိမ့်မယ်။ သမ္မတဟာ လွှတ်တော်ထဲရောက်သွားတဲ့အခါမှာ သမ္မတကို ရွေးချယ်တင်မြှောက်ပါလိမ့်မယ်။ သမ္မတဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာမလိုဘူးလို့ အခြေခံဥပဒေပုဒ်မ ၆၀(ဂ) က ဆိုတာမို့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း သမ္မတအဖြစ် လွှတ်တော်က တင်မြှောက်နိုင်ပါတယ်။ သမ္မတကလည်း အစိုးရဖွဲ့စည်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေကိုပါ ဝန်ကြီးခန့်နိုင်ပါတယ်။

အထွေထွေရွေးကောက်ပွဲဟာ အစိုးရသစ်ကို ဖွဲ့စည်းနိုင်တာ မဟုတ်ဘဲ လွှတ်တော်ကသာ သမ္မတသစ်ကို တင်မြှောက်နိုင်ပါတယ်။ သမ္မတ မရွေးမီ ဒုသမ္မတကို အရင်ရွေးရပါတယ်။ ပြည်သူ့လွှတ်တော် အရပ်သားအမတ်ပါဝင်တဲ့ အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အမတ် ပါဝင်တဲ့အစုအဖွဲ့နဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့စတဲ့ အဖွဲ့ (၃) ဖွဲ့ဟာ ဒုသမ္မတ (၃) ဦးကို အရင်ဆုံး ရွေးချယ်ရပါတယ်။ ရွေးချယ်ထားတဲ့ ဒုသမ္မတ (၃) ဦး သတ်မှတ်ချက်နဲ့ ညီမညီ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ ပါဝင်တဲ့အဖွဲ့က စီစစ်ရပါတယ်။

လွှတ်တော်အစုအဖွဲ့ (၃) ဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ဒုသမ္မတ (၃) ဦးကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက မဲဆန္ဒပေးပြီး မဲအများဆုံးရသူကို သမ္မတအဖြစ် တင်မြှောက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း ဒုသမ္မတအဖြစ် တင်မြှောက်နိုင်တယ်လို့ အခြေခံဥပဒေပုဒ်မ (၆၀(ဂ) က ဆိုထားတာမို့ ဒီကိစ္စကို ဥပဒေအကြောင်းအရ ရှင်းလင်းဖို့ လိုပါတယ်။ ၂၀၁၁ တုန်းကတော့ ပြည်သူ့လွှတ်တော်အမတ်တွေ တင်မြှောက်တဲ့ ဦးသိန်းစိန်က (၄၀၈) မဲ၊ စစ်တပ်ကိုယ်စားလှယ် တင်မြှောက်တဲ့ ဦးတင်အောင်မြင့်ဦးက အမတ် (၁၇၁) မဲ၊ အမျိုးသားလွှတ်တော်အမတ်တွေ တင်မြှောက်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းက (၇၅) မဲ ရရှိတဲ့အတွက် ဦးသိန်းစိန်က သမ္မတအစိုးရကို ဖွဲ့စည်းနိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရထဲမှာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ စစ်ဗိုလ် (၃) ဦးနဲ့ အရပ်သား (၄) ဦး ပါဝင်ပါတယ်။



ရွေးကောက်ပွဲနိုင်တဲ့ ပါတီက အစိုးရမဖွဲ့နိုင်ဘဲ လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ သမ္မတကသာ အစိုးရဖွဲ့နိုင်အောင် (၂၀၀၈) အခြေခံဥပဒေက ဖန်တီးထားတာပါ။ တကယ်တော့ ရွေးကောက်ပွဲအနိုင်ရပေမယ့် နိုင်ငံရေးအာဏာကို မရနိုင်အောင် တမင်လုပ်ထားတာ ဖြစ်ပါတယ်။ ဥပမာ NLD ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုကို ရရှိမယ်ဆိုရင် သမ္မတလောင်းဖြစ်မယ့် ဒုသမ္မတတဦးကို ရွေးချယ်တင်မြှောက်ဖို့ လိုပါတယ်။ သတ်မှတ်ချက်နဲ့မညီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုသမ္မတအဖြစ် ရွေးချယ်ခွင့်မရှိဘူးဆိုရင် အခြေခံဥပဒေ (၆၀(ဂ) အရ ကာချုပ်ဟောင်း ဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးကို ဒုသမ္မတအဖြစ် NLD ပါတီက ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဦးတင်ဦး သမ္မတဖြစ်လာရင် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဌာနတွေကလွှဲပြီး ကြိုက်တဲ့လူကို ဝန်ကြီးခန့်နိုင်ပါတယ်။

သမ္မတလောင်းဖြစ်မယ့် ဒုသမ္မတကို ရွေးချယ်တင်မြှောက်ရာမှာ စစ်တပ်ကိုယ်စားလှယ်အုပ်စုဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေနဲ့ တန်တူရည်တူ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ စစ်တပ်ကိုယ်စားလှယ်ဟာ အခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စမှာသာ သြဇာအာဏာရှိနေတာ မဟုတ်ဘဲ သမ္မတ ရွေးချယ်တင်မြှောက်ရာမှာလည်း အရေးပါနေပါတယ်။ စစ်တပ်ကိုယ်စားလှယ်တွေ တင်မြှောက်သူဟာ ဒုသမ္မတနေရာကို အမြဲတမ်း ရရှိနေမှာ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးဟာ ဒုသမ္မတ ရွေးချယ်တင်မြှောက်နိုင်တဲ့အပြင် သမ္မတ တင်မြှောက်ပွဲမှာလည်း ဆန္ဒမဲ ပေးနိုင်ပါတယ်။ အရပ်သားအမတ်နေရာတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတာတွေ ရှိနေပေမယ့် စစ်တပ်ကိုယ်စားလှယ်ကတော့ အမြဲတမ်း ရာခိုင်နှုန်းပြည့် ရှိနေတာဟာလည်း တပန်းသာနေပါတယ်။

သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး (၆၆၄) ဦးက ဆန္ဒမဲ ပေးကြမှာ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးနဲ့ ရွေးကောက်ပွဲနိုင်တဲ့အမတ် (၄၉၈) ဦး ပေးတဲ့ ဆန္ဒမဲကို အများဆုံးရသူဟာ သမ္မတသစ် ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲကိုကြည့်ရင် ဆန္ဒမဲ အများဆုံးရသူဟာ သမ္မတ ဖြစ်လာပြီး သူ့လောက် မဲမရသူ (၂) ဦးဟာ ဒုသမ္မတ ဖြစ်လာကြပါတယ်။ ဒုသမ္မတထဲမှာလည်း မဲပိုရသူကသာ ယာယီသမ္မတ လုပ်ပိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီး (၃) လလောက်အကြာမှာ သမ္မတ တင်မြှောက်တဲ့အတွက် လွှတ်တော်အတွင်းမှာ စည်းရုံးရေးဆင်းပြီး အပေးအယူလုပ်ဖို့ အချိန်အများကြီး ရှိပါတယ်။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးဟာ ပြည်သူ့လွှတ်တော်မှာ (၂၂၂) ဦး၊ အမျိုးသားလွှတ်တော်မှာ (၁၂၄) ဦး စုစုပေါင်း (၃၄၆) ဦး အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့အရပ်သားအမတ် (၁၅၂) ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦး ပေါင်းလိုက်ရင် (၃၁၈) ဦးသာ ရှိတဲ့အတွက် ပြည်ခိုင်ဖြိုးကို မမီပါဘူး။ သမ္မတအရည်အချင်း သတ်မှတ်ချက်ကိုပြင်ဖို့ အလားအလာ မရှိသလောက် ဖြစ်နေတာမို့ NLD ပါတီဟာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒုသမ္မတအဖြစ် ရွေးချယ်တင်မြောက်မယ့် ပုဂ္ဂိုလ်ကို သတ်မှတ်ဖို့ လိုပါတယ်။ ဒီလို မလုပ်နိုင်ဘူးဆိုရင် လက်ရှိ အခြေအနေမှာ NLD ပါတီဝင်တွေဟာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရရှိလာရင်တောင် သမ္မတအစိုးရသစ် ဖွဲ့နိုင်ဖို့ အလားအလာ အလွန်နည်းနေပါတယ်။
http://burmese.voanews.com/content/news-analysis-constitutional-affairs-and-general-election/2806110.html

No comments:

Post a Comment