ondragstart="return false" onselectstart="return false"

Thursday, February 4, 2010

ကရင်သတင်းစဉ်ရုံးခန်းကို ထိုင်းအာဏာပိုင်များ စစ်ဆေး

ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

မဲဆောက်တွင်ဖွင့်လှစ်ထားသည့် ကရင်သတင်းစဉ် ရုံးခန်းကို ယနေ့နံနက်က ထိုင်းအာဏာပိုင်များ အင်အားသုံး၍ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖောဂေက “ဒီမနက်အစောကြီးပဲ ကျမတို့ရုံးနဲ့ကပ်လျက်အခန်းကို ထိုင်းအာဏာပိုင်တွေ လာပြီးစစ်ဆေးမှုတွေလုပ်တယ်။ အဲဒီအခန်းက အရင် (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နေသွားတဲ့အိမ်ဖြစ်တယ်။ သူက ဒီမှာမနေတာ ကြာပြီ။ အဲဒီအိမ်စစ်ပြီးတာနဲ့ ပိတ်ထားတဲ့ ကျမတို့ရုံးရဲ့ တံခါးကိုဖျက်ပြီး ၀င်ရောက်စစ်ဆေးမှုတွေလုပ်တယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်သွားတယ်၊ ရုံးသုံးပစ္စည်းတွေ ကွန်ပျူတာတွေ သိမ်းသွားတာတော့မရှိဘူး။ ယူအက်စ်ဘီ (၂) ခုတော့ ပျောက်သွားတယ်” ဟု ပြောသည်။

မဲဆောက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့သည့်အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းကို ယနေ့နံနက် (၆) နာရီက ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား (၃၀) ခန့် ၀င်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော နေထိုင်ခဲ့ဖူးသည့် အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းရှိရာ နှစ်ထပ်အဆောက်အဦအတွင်း ၀င်ရောက် ရှာဖွေရာတွင် မှတ်တမ်းဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးခဲ့သော်လည်း အဖမ်းအဆီးမရှိဟု သိရသည်။

ဒု-ဥက္ကဋ္ဌ၏ သမီးဖြစ်သူ နန်းဗစ်တိုးရီးယားကို ထိုင်းအာဏာပိုင်များက မေးမြန်းရာတွင် “အဖေမြို့ပေါ်မှာ မနေတာကြာပြီ၊ နယ်စပ်တောထဲမှာနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၃) ဦး လာရောက်ခဲ့ပြီး ကရင်သတင်းစဉ်ရုံးခန်းနှင့် ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့ဖူးသည့် အခန်းတို့ကို ဗွီဒီယိုမှတ်တမ်းများ လာရောက်ရိုက်ကူးခဲ့သည်။

မဲဆောက်တွင်နေသည့် ထိုင်းသတင်းစာဆရာတဦးက “ကရင်သတင်းစဉ်က လတ်တလောဖြစ်နေတဲ့ ကရင်စစ်ပြေးဒုက္ခသည် ပြန်ပို့မယ့်ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေ ဆက်တိုက်ရေးနေတဲ့အနေအထားကြောင့် အာဏာပိုင်တွေရဲ့ ဖိအားပေးတာကို ခံရတာလို့ ထင်တယ်” ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများ၏ အခြေချနေရာများကို ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်ဟု နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

No comments:

Post a Comment