ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၄)(၅)
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
၎င်းရဲခေါင်ကျော်စွာကို အလဲထိုး အနိုင်ယူလိုက်သော ဆရာသည်ကား ဦးခင်ညွန့်၏ တိံကြား မင်းခေါင်။ ရဲခေါင်ကျော်စွာအလွန် တိံကြားမင်းခေါင်သည်လည်း နာမည်တရှိန်ထိုး..။ နအဖ၏ ဘုရားထီးတင်ပွဲတိုင်း တိံကြားမင်းခေါင် မပါလျှင်မပြီး။ ရုပ်မြင်သံကြားတွင်လည်း မမြင်ချင်မှအဆုံး..။ အတော့်ကို စင်ပေါ်ရောက်ခဲ့သေးသည်..။ သို့ရာတွင်… ၄င်းတိံကြားမင်းခေါင်သည်လည်း ဗိုလ်ချုပ် သန်းရွှေ၏ ဆရာနှင့် အတွေ့ဝယ် ဦးခင်ညွန့်နှင့်အတူ လွင့်ထွက်သွားရချေတော့သည်။
ဆရာတကာ့ ဆရာတွင် ပညာအထက်ဆုံး ဗိုလ်ချုပ်သန်းရွှေ၏ ဆရာသည်ကား လူရှေ့သို့ သိပ်မထွက်လှ။ နောက်ကွယ်မှသာ အစီအရင်ယတြာများကို အစီစဉ်တကျ ဆောင်ရွက်ပေးချေသည်။ ပျဉ်းမနား ကြပ်ပြေးကို နေပြည်တော် နာမည်ပြောင်းကာ ၄င်းကြပ်ပြေးပတ်လည်တွင် တိုင်းရင်းသားရွာများ ဖန်တီး၍ ဦးသန်းရွှေအား ဘဝရှင် မင်းတရားကြီး အသွင်ဖြစ်ရန် ယတြာချေပေးခဲ့သည်မှာ ၄င်းဆရာ၏ အစီအရင်များပေ။
ထိုကဲ့သို့သော ယတြာများသည် ဘုရားစောင်းတန်းက ဗေဒင် ဆရာများ ချေခိုင်းသော ယတြာများကဲ့သို့ အိမ်အဝတွင် လမ်းဘက်ကျောပေး၍ အိမ်ရှိ ဖိနပ်အစုတ်ကို နောက်ပြန် ပြန်ပစ်ခိုင်းသော ယတြာမျိုးမဟုတ်...။ မြို့ကြီးတစ်ခုလုံးကို တည်ဆောက်၍ အဆက်ဆက် ခေါ်လာသော မြို့နာမည်များကို ချက်ချင်း ပြောင်းပစ်ရသော ယတြာမျိုးတည်း...။ ထိုကဲ့သို့သော ယတြာမျိုးကို ဦးသန်းရွှေကြီး အကောင်အထည် ဖော်သွားသည်ကို ကြည့်ခြင်းဖြင့် မည်မျှ ယုံကြည်မှု ပြင်းထန်သနည်းကို ခန့်မှန်း၍ ရလောက်ပေသည်။ ထိုပုံစံနှင့်သာ ဆက်သွား… ကုန်းဘောင်ခေတ် အလွန် နအဖ၏ နေပြည်တော်ခေတ်သည်ကား… တရုတ်ကျွန် ဖြစ်ချေဦးတော့မည်။
ကဲထားတော့…။ နိဒါန်းပျိုးတာနှင့်ပင် ဆောင်းပါးတစ်ပုဒ် ဖြစ်ချေတော့မည်။ ကျွန်တော် ပြောချင်သည်က… ဗိုလ်ချုပ်မင်းအောင်လှိုင်။ အနှီ အာဏာရှင် လက်သစ်သည်လည်း ခေသူမဟုတ်။ ဆရာ့ ဆရာတို့၏ ခြေရာနင်းစွာ... သူသည်လည်း ဘိုးတော်ကောင်း ပိုင်ဆိုင်သူတည်း..။
ကျွန်တော်တို့ ရုရှားဘာသာစကား သင်တန်းစတက်သည့် အချိန်တွင် ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး။ တစ်ရက် ကျောင်းအုပ်ကြီးက စကားပြောမည်ဖြစ်၍ ရုရှား သင်တန်းသားများ ခန်းမ ဝင်ရမည်တဲ့..။ ဗိုလ်လောင်း ဘဝတုန်းကတော့ ခန်းမ ဝင်ရမည် ဆိုလျှင် အရမ်းပျော်သည်။ ခိုးအိပ်၍ ရသည်ကိုး...။ ရှေ့က ပြောချင်ရာပြော…။ နောက်မှာ သိုးနေအောင် အိပ်တတ်သည်က ဗိုလ်လောင်းအကျင့်..။ ဗိုလ်လောင်းဘဝက ပင်ပန်းသည်ကိုး…။ ဒါ ဗိုလ်လောင်း ဘဝ..။
ရုရှားသင်တန်းသားတို့ကမူ ဘဝင်မကျဘဲ ခန်းမသို့ ဝင်ချင်စိတ် သိပ်မရှိလှ…။ ကိုယ့်အချိန်ထဲက ပါသည်ကိုး..။ ပြီးတော့ ခန်းမ ဝင်ရလောက်အောင်လည်း လတ်တလောမှာ ဘာကိစ္စမှ ထူးထူးခြားခြား မဖြစ်။ ထို့ကြောင့် မည်မျှ အရေးကြီးသော ကိစ္စဖြစ်နေလို့ ရုရှားသင်တန်းသားများကို ခန်းမ သွင်းရသနည်းဟု စိတ်ဝင်စားမိသည်က အမှန်။
ဒီလိုနဲ့ ခန်းမထဲရောက် လူစစ်ပြီးတော့ သိပ်မကြာပါ။ ကျောင်းအုပ်ကြီး မင်းအောင်လှိုင် ပေါက်ချလာတော့သည်။ စကားပြောသည်။ နာရီဝက်လောက် ကြာသည်အထိ မည်သည့် အရေးကြီးကိစ္စမျှ ပါမလာ။ ကျွန်တော်တို့လည်း စဉ်းစားသည်…။ ကျောင်းအုပ်ကြီး ဘာပြောချင်နေသနည်း…။ တစ်ခုခု ပြောချင်နေတာတော့ သေချာသည်။ ပြောရခက်နေသည့်ပုံပင်။ ဒါပေမယ့် ကျောင်းအုပ်ကြီးရဲ့ မျက်နှာမှာလည်း စိတ်တိုနေသည့် အရိပ်အယောင် တချက်မှမပေါ်..။ အူမြူးနေသည့်ပုံက ပေါ်လွင်လှသည်။ အဲ့ဒီလို တွေးနေတုန်းမှာဘဲ ကျောင်းအုပ်ကြီး ပြောချင်နေသည့် လိုရင်းကို စတော့သည်။
စစ်တက္ကသိုလ် အမှတ်စဉ် (၄၆) ဘယ်တော့ ကျောင်းဆင်းမလဲ သိလားတဲ့..။ ဘယ်သိမှာတုန်း..။ သိလည်း မသိချင်။ ကိုယ့်ကိစ္စမှ မဟုတ်တာ။ ဗိုလ်လောင်း ကျောင်းဆင်းမယ့်ရက်က ရုရှား သင်တန်းသားတွေနှင့် ဘာဆိုင်သနည်း။ ပြောချင်ရင် ဗိုလ်လောင်းတွေကို သွားပြောပေါ့။ ၄င်း၏ အမေးကို ရုရှား သင်တန်းသားများ တိတ်ဆိတ်မှုနှင့်သာ တုန့်ပြန်ကြသည်။ ကျွန်တော် သတိထားမိသည်။ ထိုအချိန်က ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၄င်းစကားကို ပြောဖို့ အတော်ကို တက်ကြွ အားထဲ့ခဲ့ရသည့်ပုံပင်။
ဖြစ်ချင်တော့ အောက်က မည်သူမျှ စိတ်ဝင်စားပုံမပြ။ စိတ်ဝင်စားစရာလည်း ပါမှ မပါသည်ကိုး..။ ဒီအခြေအနေမျိုးကို တွေ့တော့.. ဗိုလ်ချုပ်မင်းအောင်လှိုင် အတော်ကို အောင့်သီးအောင့်သက် ဖြစ်သွားပုံရသည်။ သို့ပေမယ့်… စိတ်တိုသည့် ဟန်ပန်တော့ တစိုးတစိမှ မမြင်ရ။ တက်ကြွလွန်းနေသော သူ့ဟန်ပန်နှင့် သူတက်ကြွသလောက် အောက်က ဘာမှ ပြန်မတုန့်ပြန်သောကြောင့် မရိုးမရွ ဖြစ်နေသော ပုံစံကိုသာ အထင်းသား မြင်နေရသည်။
ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၅)
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နောက်ဆုံးတော့ သူမေးသော မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေရတော့သည်..။ “ ဒီဇင်ဘာ (၁၉) ရက်နေ့ ကျောင်းဆင်းမှာကွ.. သိလား..’’ တဲ့..။ အင်းလေ… (၁၉) ရက်နေ့ ဆင်းလဲ ဆင်းပေါ့..။ ဘာဖြစ်သတုန်း..။ ကိုယ့်ကောင်တွေက ဒီအချိန်မှာသာ ခန်းမ မဝင်ရရင်.. ပြင်ဦးလွင်မြို့ထဲက ခေါင်ရည်ဆိုင် တစ်ဆိုင်ဆိုင် ရောက်နေပြီကွ ဆိုတဲ့ အတွေးသာ ဝင်နေတာကိုး…။ သူ ဘာကို ရည်ရွယ် ပြောနေသည်လည်း စိတ်မဝင်စားအား..။
ဒီလိုမျိုးအောက်က တုံဏိဘာဝေ တုန့်ပြန်နေတော့.. သူလည်း ရှက်လည်း မရှက်နိုင်..။ ဟန်လည်း မဆောင်နိုင်.. ဘာထပ်ပြောသည် ထင်သနည်း..။
“ငါ့ စစ်တက္ကသိုလ် အမှတ်စဉ် ဘယ်လောက်လည်း သိသလားတဲ့…။ ဒါတော့ သိတာပေါ့…။ အမှတ်စဉ် (၁၉) ဘဲဟာ..။ သူ ဘာကို ပြောချင်နေပါလိမ့်…။ အင်း…ဘုရားရေ… သူ့အမှတ်စဉ်က (၁၉)၊ ယခု ဗိုလ်လောင်းတွေ ကျောင်းဆင်းမယ့်ရက် (၁၉) ရက်နေ့..။ အင်းလေ.. ဒါလေး တိုက်ဆိုင်တော့ရော ဘာဖြစ်သတုန်း..။ အဲ့ဒီမှာဘဲ..သူ့ရဲ့ ခန်းမတွင်း ကြွားခန်းကြီးကို ခရားရေလွှတ် တရှိန်ထိုး ပြောချတော့သည်..။
“ငါ ကျောင်းအုပ်ဖြစ်ပြီး ပထမဆုံး ကျောင်းဆင်းမယ့် အင်တိတ်က (၁၉) ရက်နေ့ ကျောင်းဆင်း မယ်ဆိုတာ ငါ့အင်တိတ်နဲ့ သွားမတူဘူးလား.. ဒါ တော်ရုံတန်ရုံ တိုက်ဆိုင်မှုမျိုး မဟုတ်ဘူးကွ…’’ ဆိုပြီး လက်မကြီးထောင်..တဟဲဟဲနဲ့ ကြွားနေလိုက်တာများ.. မြင်ပြင်းတောင် ကပ်ဖို့ ကောင်းရဲ့ဗျာ…။ သူကသာ ဝမ်းသာ ဂုဏ်ယူပြီး ပြောနေတာ.. အောက်က နားထောင်တဲ့သူ များအတွက် ကတော့ ဘာစိတ်ဝင်စားစရာမှ မပါ..။
နောက်မှ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်း သိရှိရသည်မှာ.. ဗိုလ်ချုပ်မင်းအောင်လှိုင် ထိုမျှ ဂုဏ်ယူ ဝင့်ကြွားစွာ မာန်တက်ခဲ့သည်မှာ သူ့အတွက်တော့ဖြင့်.. အကြောင်းရင်း ခိုင်လုံစွာ ရှိခဲ့သည်ကိုး..။ သူ့ရဲ့ အထက်လမ်း ဆရာမှန်းမသိ.. အောက်လမ်း ဆရာမှန်း မသိသော ဘိုးတော်တဦးက သူ ကျောင်းအုပ်ကြီး မဖြစ်ခင်ကတည်းက ဟောကိန်း ထုတ်ခဲ့သည်တဲ့..။ “မင်း စစ်တက္ကသိုလ် ကျောင်းအုပ်ဖြစ်လျှင် ဂဏန်းနှင့် ပတ်သတ်၍ ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ကြုံမည်..။ ထိုကဲ့သို့သာ ကြုံခဲ့လျှင် မြန်မာပြည်မှာ ဘုန်းတန်ခိုး လျှမ်းလျှမ်းတောက် သေချာပေါက် ဖြစ်မည်” ဟု ကြိုတင် ဟောကိန်း ထုတ်ထားခဲ့ သတဲ့..။
ထို့အတွက် ဒီဇင်ဘာ (၁၉) ရက်နေ့တွင် မေမြို့စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၄၆) ကျောင်းဆင်းခဲ့သော ဖြစ်ရပ်ဟာ သူ့အတွက် တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ဖြစ်ခဲ့ချေသည်ကိုး..။ ထို့အတွက် ၄င်းဘိုးတော် တကယ်ဘဲ…အစွမ်းထက်ခဲ့သည်လား မပြောတတ်..။ နောက် (၆) နှစ် အတွင်းကို ဗိုလ်မှူးချုပ် အဆင့်ကနေ တပ်မ(၄၄) တပ်မမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူးမှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ်ကြီးရာထူး နေရာများသို့ ရာထူးတစ်ခုလျှင် (၂) နှစ်နှုန်းဖြင့် ခုန်ပြန်ကျော်လွှား ရောက်ရှိခဲ့ချေတော့သည်။ သူဟာ တိုင်းမှူးဘ၀မှ ညှိနှိုင်းကွပ်ကဲရေးမှူး စတင်လက်ခံကတည်းက ကကကြည်းရဲ့ ၀င်စာထွက်စာများကို ဦးသန်းရွှေကိုယ်စား ကိုင်တွယ် ဆုံးဖြတ် ဖတ်ရှုခွင့်ရပြီး ဗိုလ်သူရမြင့်အောင်နှင့် ဗိုလ် ကိုကို တို့ကမူ ရုံးမှာ ငုတ်တုတ်ထိုင်ရတဲ့ဘ၀ ရောက်ရှိခဲ့ပါတယ်။
“တော်” မတော်ဆိုတာကိုတော့ တပ်မတော်ထိပ်ပိုင်းဗိုလ်ချုပ်များ အသိဆုံးပင် ဖြစ်သည်။ သူနှင့် တစ်ပတ်စဉ်တည်း သူငယ်ချင်းများက Cadet nick name အဖြစ် “ကြောင်ချီး” လို့ ပေးကြတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဆီနှင့်ရေ ကွာခြားသည်ကတော့ ဗေဒင်မေးစရာ မလိုပေ။ သေချာသည်က ၄င်း ဘိုးတော်သည် ယခု တပ်ချုပ်မင်းအောင်လှိုင်၏ နောက်တွင် တဖဝါးမျှမခွာ အစီအရင်များ ပြုလုပ်ပေးနေပေသည်။ ဘွဲ့အမည်ကိုဖြင့် စုံစမ်းနေဆဲပင်..။ ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ မကြာမီပင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ လက်စွဲဆရာသည်လည်း ထင်ရှားကျော်ကြား လာချေဦးမည်..။
ထို့ကြောင့် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကလေးကလား အကြံတခု ပေးချင်သည်မှာ….. မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် စစ်ရေးအရလည်း အဖြေမရှာ၊ နိုင်ငံရေး နည်းအရလည်း အဖြေမရှာဘဲ…ဘိုးတော်ကောင်းကောင်း တယောက် လိုက်ရှာပြီး… ပညာပြိုင်ခိုင်းရင် ကောင်းမလားလို့..။ သေချာသည်ကတော့ မြန်မာပြည် စစ်အာဏာရှင်တိုင်း၏ နောက်တွင် ပညာရှင် ဘိုးတော် တဦးစီက အစီအရင်များ လုပ်ပေးခဲ့သည်မှာ သေချာလှသည်..။ ဆိုတော့ကာ.. ဒီမိုကရေစီ လိုလားသော အစွမ်းထက် ဘိုးတော်များ အမြန် ဆက်သွယ်ကြပါကုန်…။
အပိုင်း (၆) ကို ဆက်လက် ဖော်ပြသွားပါမည်...။
http://www.photayokeking.org/truewords/open-letters/552-i-know-about-general-min-aung-hlaing-part-5
No comments:
Post a Comment