ဗမာပြည်အစိုးရ အဆက်ဆက်ပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး - ဒို့ အရေး - ၀ါးဟားဟား(၁)
ဒီပို့ ရဲ့မူရင်းခေါင်းစဉ်ကို မတတ်ပဲ "ဗမာပြည်အစိုးရ အဆက်ဆက်ပြောနေတဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး - ဒို့ အရေး - ၀ါးဟားဟား(၁)" ဆိုပြီး ပို့ စ်ခေါင်းစီးအနေဖြင့် တပ်ပြီး ကျနော်တို့ သောသီခိုအဖွဲ့ သားများကို ရယ်ခွင့်ပြုပါ။
ဒီတိုင်းပြည်ကြီးမှာ လူမျိုးရေးခွဲခြားမှုဘယ်လောက်ရှိသလဲဆိုတာ အထက်အာဏာပိုင်တွေသာမက အောက်ခြေအာဏာပိုင်လူတန်းစားတွေအထိ စိမ့်ဝင်ကျယ်ပြန့် နေကြောင်း ကချင်ကျောင်းသားလူငယ်တွေနဲ့ စပ်လျဉ်းပြီး ကချင်အမျိုးသမီးဒေါ်ဘောက်ဂျာနဲ့ mizzima သတင်းအင်တာဗျူးမှာ သိပ်ပေါ်လွင်နေလို့ ပါ။
တော်တော်ရယ်စရာကောင်းတဲ့ ဗမာအာဏာပိုင်တွေ လက်သုံးစကား ပျက်လုံးတစ်ခု ဖြစ်တဲ့ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့ အရေး အပိုင်း(၂)” စောင့်မျှော်ပါ။
”အမတို့က တကယ်ကို ခံစားခဲ့ရတာပါ”
သဲသဲ | စနေနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ်
(ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာသည် ဒေသတွင်း
လယ်ယာခြံမြေ အသိမ်းခံများအရေး ကူညီနေသူလည်း ဖြစ်သည်။ မိုးညှင်းခရိုင် အင်းတော်ကြီး ဇာတိဖြစ်ပြီး၊ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖားကန့်သို့ ပြောင်းလာကာ ဝါရာဇွပ်ကျေးရွာအုပ်စု အောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။
ကချင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပုန်းရှောင်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး ဒေါ်ဘောက်ဂျာကို မဇ္ဈိမသတင်းထောက် သဲသဲက ဆက်သွယ်မေးမြန်းထားပါသည်။
ပြောင်းရွှေ့ထွက်လာတဲ့ သူတွေက ဘယ်နေရာမှာ နေကြလဲ။
‘‘ကျမက ရန်ကုန်မှာ ဖြစ်နေတဲ့အခါကျ တိုက်ရိုက်တွေ့တာ မဟုတ်ဘူး။ တဆင့်ပြန်ပြောပြလို့သာ ကျမက သိနေရတာပါ။ သင်းအုပ်ဆရာတယောက်က ကျမကို ဖုန်းဆက်လာတယ်၊ ရွာထဲက ကလေးတွေ၊ အဘွားကြီးတွေကို ရွှေ့ပေးထားပြီး သူကတော့ ရွာမှာပဲ နေခဲ့မယ်တဲ့။ ဒီကလေးတွေ၊ အဘွားကြီးတွေ နေဖို့အတွက် ကျမခြံဝင်းထဲမှာ ထားဖို့ အကူအညီတောင်းတယ်။ ကျမခြံက နည်းနည်းလည်း ကျယ်တော့၊ အဲဒီနားမှာ မူကြိုကျောင်းတွေလည်း ရှိတော့ အဲဒီမှာထားချင်တယ်လို့ ခွင့်တောင်းလာတော့ ရပါတယ်လို့ ပြောလိုက်တာပါ’’
လူဦးရေ ဘယ်လောက်ရှိလဲရှင့်၊ KIA ထိန်းချုပ်နယ်ထဲမှာ ရှိနေသလား။
”ပြောင်းလာမှာက တရွာလုံးနီးပါး ဖြစ်သွားနိုင်တာပေါ့။ အိမ်ခြေက ၃၀၊ ၄၀ လောက် ရှိတယ်ဆိုပေမယ့် လူကြီးရော၊ ကလေးရောဆိုရင် ဦးရေ ၁၀၀ ကျော်၊ ၂၀၀ နီးပါးလောက် ရှိမယ်။ ပြောရရင် အဲဒီဒေသက အရင်က ကျမရဲ့ မဲဆန္ဒနယ်ပါပဲ။ ဒါပေမဲ့ အဲဒီဒေသက KIA ထိန်းချုပ်တဲ့ နယ်မြေထဲရှိနေတော့ သူတို့က စိုးရိမ်ပြီး ပြေးလာကြတာပါ။ တခြားတော့ ကျမလည်း မသိရသေးဘူး’’
တိုက်ပွဲတွေ ဖြစ်လာလို့ ကချင်ဒေသမှာ ဘယ်လိုသက်ရောက်မှုတွေ တွေ့ရလဲ။
‘‘လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာနဲ့ကို စားဝတ်နေရေးကအစ အကုန်လိုအပ်လာပြီ။ ဒီတောရွာတွေမှာ ဆေးရုံတွေမရှိတော့ အရေးပေါ်လိုအပ်လာရင် မြစ်ကြီးနားတို့၊ နမ္မတီး ဆေးရုံတို့ ပို့ရတာကိုး။ အခု ကျမတို့ဒေသမှာ စစ်ပွဲဖြစ်လာပြီဆိုတော့ တကယ်လို့ အရေးပေါ် ကျန်းမာရေး လိုအပ်လာရင် ဒီလူနာက အသက်ထွက်သွားရုံပဲ ရှိတော့မယ်။ ဘယ်လိုမှ မလုပ်နိုင်တော့ဘူးပေါ့။ စားစရာဆိုလည်း မြစ်ကြီးနားပဲ တက်လာတာဆိုတော့ အင်မတန်မှ ခက်ခဲသွားနိုင်တယ်’’
အမတ်လောင်းတဦးအနေနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး အစိုးရကို တောင်းဆိုသွားဖို့ အစီအစဉ်ရှိလားရှင့်။
‘‘ကျမတို့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်တယ်။ သူတို့ချမှတ်ထားတဲ့ အခြေခံဥပဒေအရပဲ ကျမ ဆက်ပြီး လုပ်သွားမယ်လို့ စီစဉ်ထားပါတယ်။ သမ္မတဆီကိုလည်း တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးအတွက် ပြည်နယ်ကိစ္စတွေကို တိုက်ရိုက် အသိပေးသွားမယ်’’
ဒေါ်ဘောက်ဂျာ တဦးတည်းအနေနဲ့ တောင်းဆိုသွားမှာလား။ ဒါမှမဟုတ် ပါတီနဲ့ ပူးပေါင်းပြီး တောင်းဆိုမှာလားရှင့်။
‘‘ပါတီကတော့ လုပ်မလား၊ မလုပ်ဘူးလား ကျမ မသိပါဘူး။ ကျမကတော့ စိတ်လောတဲ့အပိုင်းပါတာပေါ့.. ဘာပဲဖြစ်ဖြစ် ပြည်သူတွေ ဒုက္ခရောက်နေတာကို ကျမ မခံစားနိုင်ဘူး။ ပါတီအနေနဲ့ကျတော့ ပါတီတခုနဲ့တခု ဆက်သွယ်နေရမှာ၊ လုပ်နေရမှာထက်စာရင် ကျမက လူမှုကူညီရေးအပိုင်းကနေပြီး အဓိကထား စဉ်းစားပြီး လုပ်ဆောင်နေတာပါ’’
လက်ရှိ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုပါဝင်သင့်တယ်လို့ ယူဆလဲရှင့်။
‘‘တကယ်ဆိုရင် အခုချိန်မှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စဆိုတာ သူတို့ဆီမှာ အများကြီး တာဝန်ရှိတယ်လေနော်။ ကိုယ့်ပြည်နယ်မှာ မငြိမ်းချမ်းနေတာဟာ ၀န်ကြီးချုပ်ဆီမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာသံမှ မထွက်ဘူး။ ဘာလုပ်နေတယ်ဆိုတာလဲ ကျမတို့က မသိရဘူးပေါ့နော်။ အဲဒီအခါကျတော့ သူတို့ရဲ့လုပ်ရပ်ဟာ ပြည်သူအတွက်လား၊ မိမိအာဏာအတွက်လားဆိုတာ ပြည်သူတွေ တဖြည်းဖြည်းနဲ့ နားလည်လာတာပေါ့လေ။ တကယ် လိုအပ်နေချိန်မှာ မလုပ်ရင် ဘာအကျိုးမှ မရှိဘူးပေါ့နော်’’
စစ်ပွဲနဲ့ပတ်သတ်ပြီး အခုလို ပြောဆိုတာတွေရှိတော့ အဲဒါတွေက ဆရာမရဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို ထိခိုက်နိုင်တယ်လို့ မထင်ဘူးလား။
‘‘ရွေးကောက်ပွဲက ၀င်ဖို့တော့ ဟုတ်ပေမယ့် လောလောဆယ် ဒီ့ထက်လိုအပ်နေတာက တိုင်းရင်းသား ဒေသခံတွေရဲ့ အဓိက လိုအပ်နေတဲ့ စားဝတ်နေရေး၊ လုံခြုံရေးအတွက်က ပိုပြီး အရေးကြီးနေတာပေါ့နော်’’
ရန်ကုန်ဘက် ကချင်ကျောင်းသားတချို့ကို အာဏာပိုင်တွေက နေရပ်ကိုပြန်ဖို့ ပြောလာတဲ့အပေါ် ဘယ်လိုမြင်လဲရှင့်။
‘‘အခုလိုဖြစ်တာက သူတို့က အဓိက တိုင်းရင်းသားတွေမို့လို့ ဒီလိုလုပ်တယ်လို့ပဲ ကျမက ခံယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတခေါက်က ချင်းတွေမို့လို့တဲ့.။ ကျမတို့က ချင်းမဟုတ်ဘူး၊ ကချင်ပါလို့။ ချင်းပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ် တိုင်းရင်းသားတွေပဲ။ ဗမာပြည်ရဲ့ ဘယ်နေရာမဆို နေထိုင်ခွင့် ရှိပါတယ်လို့ ပြောတဲ့အခါကျတော့… မနေနဲ့တဲ့.. တိုင်းရင်းသားကိစ္စတွေ ဘာတွေလည်း လာမပြောနဲ့လို့ဆိုပြီး ပြောတဲ့အခါ ကျမလည်း ဘာမှ မပြောတတ်တော့ဘူး။ အဲဒီတော့ ကျမထင်တာကတော့ သူတို့က တိုင်းရင်းသာတွေဆိုရင် သူတို့က တဖက်သတ် အနိုင်ကျင့်တယ်၊ အနှိမ်ခံရတယ်လို့ပဲ ကျမ ခံစားရတယ်’’
‘‘ဒီလိုဖြစ်နေတာတွေကို အထက်က လူကြီးတွေ မသိလို့ပဲလားဆိုပြီး အခု ရန်ကုန်တိုင်းဝန်ကြီးကို ကျမတို့ စာတင်ထားတယ်။ သူ့အနေနဲ့ မဖြေရှင်းပေးနိုင်ဘူးဆိုရင် နိုင်ငံတော်အဆင့်ဆင့်ကို အကြောင်းကြားရမှာပါ။
သူတို့ပြောတဲ့ တကယ် တိုင်းရင်းသား ညီညွတ်ရေးကို ဒါတွေကိုပြောထားတယ်။ အခုက တကယ်ကျောင်းတက်မယ့် တိုင်းရင်းသား ကလေးတွေကို ဒီလိုလုပ်ခြင်းအားဖြင့် လူမျိုးရေး ခွဲခြားသလို ဖြစ်နေတာပေါ့’’
ရန်ကုန်တိုင်းအစိုးရကို စာတင်တယ်ဆိုတော့ ဘယ်သူ့အနေနဲ့ တင်ပြထားတာလဲ။
‘‘အခု ဧည့်စာရင်းမပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်ပြီး စာတင်ထားတာပါ။ ကလေးတွေ ဧည့်စာရင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ပြောတဲ့အခါကျ မပေးဘဲ ကျမတို့ကို ထပ်ပြီး မောင်းထုတ်တယ်။ မနေ့ကဆိုရင်
နောက်ဆုံးထားထွက်ဖို့ လက်မှတ်ထိုးခိုင်းတယ်။ အဲဒါအတွက်ကို ရန်ကုန်တိုင်း အစိုးရအထိ စာတင်တာပါ။ အိမ်ရှင်ရဲ့ နာမည်နဲ့ စာတင်ထားပြီး ဒါကို ကျမက လိုက်ကူညီတာပါ’’
ဒေသခံတွေရဲ့ အခက်အခဲတွေ ဖြေရှင်းပေးရာကနေ ပြည်နယ်တွင်း စစ်ပွဲကိစ္စတွေအထိ တက်တက်ကြွကြွနဲ့ သတင်းစုံစမ်းမှုတွေ လုပ်ပေးတဲ့ ကူညီချင်စိတ် ဖြစ်လာအောင် ဘယ်လိုအရာတွေက တွန်းပို့နေတယ်လို့ ထင်လဲ။
‘‘အမတို့က တကယ်ကို ခံစားခဲ့ရတာပါ။ ငယ်ငယ်ကတည်းက တိုက်ပွဲကြားထဲမှာနေရင်း ဒုက္ခဆင်းရဲတွေ ခံစားခဲ့ရတယ်။ အရင်တုန်းကဆိုရင် အမက ဘာမှနားမလည်ဘူး။ စည်းရုံးရေးဆင်းလာတဲ့အခါ ကျမတို့ ဖားကန့် ဒေသဆိုရင် မီးလည်း မရှိဘူး၊ လမ်းပန်းဆက်သွယ်ရေးဆိုရင် အင်တမန်မှ ဆိုးရွားတယ်။ အမမှာ စည်းရုံးရေးဆင်းဖို့ ၂ ရက်အလိုတုန်းက မှောင်မှောင်မည်းမည်း ညသန်းခေါင်မှာ သွားတဲ့အခါ ရင်ထဲမှာ တကယ်ပဲ မချိအောင် ခံစားခဲ့ရတယ်။ ပြည်သူတွေကိုကြည့်ရင် ဆင်းရဲမွဲတေပြီး စားရမဲ့ သောက်ရမဲ့ ဖြစ်တဲ့အခါမှာ ရင်ထဲမှာ တကယ်ကို ခံစားရတာပါ’’
‘‘အဲဒါကြောင့် ဒီပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ သူတို့ရဲ့ ဘ၀မြှင့်တင်ရေး တကယ်ကို လိုအပ်တယ်ဆိုတာ သိလာတဲ့အခါ အမမှာ ကိုယ့်ကိုယ်ကိုလည်း သတိမထားမိတော့ဘူး။ ရင်ထဲကလာတဲ့ စေတနာဟာ သူ့တို့ကို ဒုက္ခရောက်နေတဲ့ ကိုယ့်ကလေးတွေလိုပဲ မျက်စိထဲမှာ မြင်လာတယ်။ ဒီလူသားတွေရဲ့ အရေးထက် ဘယ်အရာမှ တန်ဖိုးမရှိဘူးဆိုတာ သိလာတဲ့အခါ ဘာမှကြောက်တာမျိုးလည်း မရှိတော့ဘူး။ လုပ်ပေးချင်တဲ့ စိတ်က များနေတဲ့အခါ ကြောက်တဲ့စိတ်က လုံးဝကို မရှိတော့တာပါ’’
http://www.mizzimaburmese.com/interview/7759-2011-06-18-08-19-47.html
No comments:
Post a Comment