ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၂)(၃)
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
ဗိုလ်ချုပ် မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား…လာဘ်ပေး လာဘ်ယူ ကိစ္စများအား သူ့ရှေ့သွားပြော၍ မရခြင်းပင်။ သူ့ကို သွားပြောပါက အလွန်တရာ စိတ်တိုတတ်ချေသည်။ သူ့အိမ်သို့လည်း မည်သည့် လုပ်ငန်းရှင်မှ အဝင်မခံ၊ အလွန်တရာ တိကျလှသည်။ သို့ရာတွင်…..
လာဘ်ပေးလာဘ်ယူ ကိစ္စများ ပြောချင်သည် ဆိုပါက အစဉ်အမြဲ ပိတ်ထားသော အိမ်ရှေ့တံခါးမှ မဝင်ဘဲ အစဉ်အမြဲ ဖွင့်ထားသော နောက်ဖေးတံခါးမှ ဝင်ကာ ဇနီးဖြစ်သူနှင့် ဝင်ရောက်ပြောဆိုခွင့် ရရှိပေသည်။ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား အိမ်ရှေ့ခန်းတွင် စာဖတ်ချင်ယောင်ဆောင် ပေးနေချေမည်။ သူနှင့် မဆိုင်သည့် သဘော။ ဒီလိုနှင့် ကျွန်တော်တို့ မျက်စိရှေ့တွင်ပင် လုပ်ငန်းရှင်များ အိမ်နောက်ဖေးပေါက်မှ ဝင်ထွက်နေသည်မှာ မမြင်ချင်မှ အဆုံး။ ကားကို စစ်တက္ကသိုလ် ဟိုဘက်တွင် ရပ်ထားခဲ့ပြီး လုပ်ငန်းရှင်များမှာ အထုပ်လေးပိုက်ကာ ကုပ်ချောင်း ကုပ်ချောင်းနှင့် ကျောင်းအုပ်ကြီး ခြံဝန်းအနီးသို့ ချဉ်းကပ်ကြကုန်၏။
ထို့နောက် အခြေအနေကြည့်ကာ ဖွင့်ထားသော နောက်ဖေးတံခါးမှ တဆင့် ကျောင်းအုပ်ကြီး ကတော်နှင့် တွေ့ဆုံ ဆွေးနွေးကြ ချေတော့သည်။ အိမ်ထဲရောက်ပြီးလျှင် ကိစ္စ မရှိတော့ချေ။ အိမ်ထဲမဝင်ခင် စပ်ကြား…ယောင်ပေ ယောင်ပေ လုပ်နေသည်ကို ဗိုလ်ချုပ် မင်းအောင်လှိုင် တွေ့၍တော့ လုံးဝမဖြစ်။ အလွန်တရာ စိတ်တိုတတ်ချေသည်။ ဇနီးသည်နှင့် အရာအားလုံး လွှဲထားပြီးချေပြီ။ သူ့အား လုံးဝ သွားမနှောင့်ယှက်ပါလေနှင့်။ အဂတိ လိုက်စားမှု မကြိုက်တဲ့ အမူအရာနှင့် ဟန်ဆောင်နေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပါပေ။
နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား… စိတ်မမှန် ခြင်းပင်။ မည်သည့်အချိန် စိတ်ကောင်း ဝင်နေသည်… စိတ်ဖောက် နေသည်ကို အောက်က အရာရှိများ အလွန်တရာ မှန်းရခက်သည်ဟု ပြောကြသည်။ လက်အောက်က ရုံးပိုင်းဆိုင်ရာ အရာရှိများ မည်မျှ အရေးကြီးသည့် ကိစ္စကို တင်ပြလိုသည် ဖြစ်စေ ဗိုလ်ချုပ် မင်းအောင်လှိုင်၏ မျက်နှာ အရိပ်အခြေကို ကြည့်ပြီးမှသာ အခြေအနေကြည့်ကာ တင်ပြရဲကြသည်။ မင်းအောင်လှိုင် မည်သည့် အရာကို ဒေါကန်မှန်းမသိ ကန်နေသည့် အချိန်တွင် အလိုက် မသိစွာဖြင့် အဘ သွားခေါ်မိပါက တွေ့ရာပစ္စည်းနှင့် ကောက်အပေါက် ခံရတတ်ချေသည်။
မင်းအောင်လှိုင်၏ မျက်နှာရိပ် မျက်နှာကဲကိုသိရန် အချိန်မည်မျှ ယူရသနည်းဟု မေးကြည့်သောအခါ အနည်းဆုံး (၃) နာရီခန့်ဟု မှန်းဆ ရပေသည်တဲ့။ ၄င်း (၃) နာရီ အတွင်းတွင်လည်း သူ့ရှေ့က ပျောက်နေ၍ မဖြစ်။ ထို့ကြောင့် တင်ပြစရာ ရှိသည့်ဖိုင်ကို ကိုင်ကာ သူ့ရုံးခန်းရှေ့မှ ခေါက်တုန့်ခေါက်ပြန် အလုပ်ရူပ်ပြပေးနေရသေးသည် တဲ့။ ကဲ ပြီးပါလေရော…အဲ့ဒီ (၃) နာရီအတွင်း တင်ပြစရာ ရှိသည်များကို မတင်ပြရဲသေးဘဲ မျက်နှာတော်ကို ခိုးကြောင်ခိုးဝှက် ပတ်ရှိုးနေရသည်တဲ့ ဗျာ…။
ကျွန်တော့် မျက်စိရှေ့တင်ကို စစ်တက္ကသိုလ် ကျောင်းရုံးက နဖူးပြောင်ပြောင် ပိန်ရှည်ရှည်နှင့် ဗိုလ်မှူးတစ်ဦး (အမည် မဖော်ပြလို ပါ) ဆေးလိပ်ခွက်နှင့် ကောက်အပေါက် ခံရ၍ ခွေးပြေး ဝက်ပြေး ထွက်ပြေးလာတာ မြင်ရဖူးသည်။ ၄င်း ဗိုလ်မှူးပါးစပ်မှ “အမလေး အဘရဲ့… ကြောက်ပါပြီဗျ..ကြောက်ပါပြီဗျ…’’ ဆိုတဲ့ အသံကလည်း ကျောင်းရုံး တစ်ခုလုံး ဆူညံပွက်လော ရိုက်သွားတော့သည်။ ဤကဲ့သို့သော အခြေအနေတွင် ကျန်အရာရှိများ ဘာလုပ်နေချေ သနည်း။ အချို့က အိမ်သာ တက်ချင်ယောင် ပြေးဆောင်ကြသည်။ ချက်ချင်းကို အိမ်သာ လူပြည့် သွားတတ်ချေသည်။ အိမ်သာ နေရာ မရလိုက်သော အရာရှိများသည်လည်း စာအုပ် ဗီရိုနောက်… နံရံနောက် အလျှင်အမြန် ပြေးကပ်ကြရသည်ကို တွေ့ရချေသည်။ ကျွန်တော်ကရော ဘာလုပ်နေသနည်းဟု မေးချေမည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းကား စားပွဲအောက်ထဲ လေးဖက်ထောက် ဝင်ပုန်းနေရသည်။ ဤကဲ့သို့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်စေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပေ။
၎င်း အမူအယာများနှင့် ဆန့်ကျင်စွာ အထက်လူကြီးများနှင့် တွေ့လျှင်တော့ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား ပီဘိ ကလေးငယ်လို ဖြစ်သွားတတ်ချေသည်။ ဦးသန်းရွှေ ဦးမောင်အေးတို့ အိမ်သွားလျှင် ဒူးတွေပါ တုန်ပြ တတ်သေးသည်တဲ့။ ကြောက်ချင်ယောင် အလွန် ဆောင်ပြတတ်ချေသည်။ အဘနှင့် ခမျာက လွဲလျှင် အခြားစကား သိပ်မပြောတတ်တော့ချေ။ ဤကဲ့သို့သော စွမ်းပကားများကြောင့် ဗိုလ်ချုပ် မင်းအောင်လှိုင် တစ်ယောက် (၆) နှစ် အတွင်းတွင် ရာထူးများ ခုန်ပြန် ကျော်လွှားခဲ့ကာ ယခုဆိုလျှင် တပ်ချုပ်ကြီးပင် ဖြစ်လာခဲ့ချေပြီ။ သူ့အား D.S.A (19) သူ့တစ်ပတ်စဉ်တည်းမှ သူငယ်ချင်းများက “ကြောင်ချီး” လို့ Nick Name အနေနဲ့ ခေါ်ကြတာ ကြားဖူးပါသည်။ စဉ်းစားကြလေကုန်။
ထို့အပြင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် စစ်သားကြီးတန်မဲ့ အတိတ် နိမိတ်တွေ အလွန်တရာ ယုံကြည်တတ်ပါသေးသည်။ မျက်နှာကြီးရာ ဟင်းဖတ်လည်း ပါတတ်ပါသေးသည်။ ၄င်းကိစ္စများအား နောက်ဆောင်းပါးများတွင် ထပ်မံ တင်ပြပေးသွားပါဦးမည်။
ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၃)
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
ရှေ့ဆောင်းပါး တစ်ပုဒ်မှာလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း ရေးခဲ့ပြီးပါပြီ။ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်မှ တင်ပြနေသော သတင်းများနှင့် ဆောင်းပါးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ အမြဲတမ်း တင်ပေးနေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရေးလက်စနှင့် အခုလည်း အနှီဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း ဆက်ရေး ရပါဦးမည်။ ရေးသာရေးရတယ်… အခု ဗိုလ်ချုပ်မင်းအောင်လှိုင် အကြောင်းများသည်ကား ကလေးကလားတော့ အတော်ဆန်လှသည်။ အမှန်တရားပေမို့ ရေးရပေဦးမည်..။ ဗေဒင်၊ လက္ခဏာနှင့် အထက်လမ်း အောက်လမ်း ဆရာများကို မယုံကြည်သောသူများ သည်းခံ၍သာ ဖတ်ကြပါကုန်…။
ကျွန်တော်အံ့သြသည်က အလွန်တရာ ရက်စက်ကြမ်းကြုတ်သော၊ ကိုယ်ကျိုးကြည့်သော၊ နိုင်ထက်စီးနင်း ပြုတတ်သော မြန်မာ စစ်အာဏာရှင်များကား အဘယ်ကြောင့် ကိုးကွယ်ယုံကြည်မှု၊ နိမိတ်ပုံ၊ အထက်လမ်း အောက်လမ်း ဆရာများကို အလွန်တရာ ကိုးကွယ် ယုံကြည် အားထားနေရပါသနည်း… ဆိုသည့် အချက်ပင်..။ မြန်မာစစ်အာဏာရှင်များ အားလုံး ၄င်းအချက်တွင် အားလုံး တူနေကြသည်မှာ အစဉ်အလာ တရပ်ပေလား။ သို့တည်းမဟုတ် ၄င်းအချက်များကပင် သူတို့၏ အာဏာ ရှင်သန်ရေးအတွက် အဓိကသော့ချက် အမှန်တကယ် ဖြစ်နေသည်လား… စဉ်းစားဖွယ်ရာပင်။ ပြောရတော့ ခက်လှသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်စွဲဆရာသည်ကား…ဘိုးတော်တင်ဦး ( ဗိုလ်ကြီး တင်ဦး)။ သူသည်လည်း မည်မျှ စွမ်း မစွမ်းတော့ မသိ..။ ဗိုလ်ချုပ်ကြီး နေဝင်း ပြည်ပခရီးစဉ် ထွက်လျှင်.. ဗိုလ်ချုပ်ကြီး နေဝင်းက အလုပ်ကိစ္စ အားသည် ဆိုသည်နှင့် မြန်မာပြည်တွင် ကျန်ရစ်သော ဘိုးတော် တင်ဦးထံ ဖုန်းဆက်မေးတော့သည်..။ “ငါ အခု ဘာအကျီ ဝတ်ထားသနည်း… ငါ ဘာဟင်းနှင့် စားသနည်း…အခု အခန်းထဲမှာ ငါနှင့် ဘယ်နှစ်ယောက် ရှိသနည်း..’’ စသဖြင့် အပျင်းပြေပုံစံကို ထိုင်မေးလေ့ရှိသည်..။ ဘိုးတော် တင်ဦး မည်မျှ စွမ်းသနည်း မမေးနှင့်။ ဗိုလ်ချုပ်ကြီး နေဝင်း အပျင်းပြေ မေးသမျှ မေးခွန်းတိုင်းကို တစ်လုံးမကျန် မှန်အောင် ဖြေနိုင်သည် ဟူသတဲ့..။
ဗိုလ်ချုပ်နေဝင်း၏ မြေးများ လက်ထက်တွင်တော့ ဘိုးတော် တင်ဦးလည်း မရှိချေတော့။ ဆရာ ပြောင်းသွားချေသည်..။ တောင်ဥက္ကလာက ရဲခေါင်ကျော်စွာ ဟူသော ပုဂ္ဂိုလ်တည်း..။ သူကတော့ ကျွန်တော့် ကိုယ်တွေ့။ အတော်ကို စွမ်းသည်ဟု ပြောရမည်..။ နာမည်ကသာ ရဲခေါင်ကျော်စွာ..။ လူပုံက အခြောက်။ ကျွန်တော် သူ့ကို စသိစဉ်က ဦးနေဝင်း မြေးများနှင့် အဆက်အသွယ် ရသေးဟန်မတူ။ သို့ပေမဲ့.. ထိုစဉ်ကတည်းက ရဲခေါင်ကျော်စွာ၏ စွမ်းပကားများကား ကြောက်ခမန်းလိလိ..။ အထူးသဖြင့် ထိုကာလများက ကျွန်တော်တို့ စိတ်ဝင်စားသည်မှာ စီးပွားရေးလည်းမဟုတ်၊ လူမူရေးလည်းမဟုတ်၊ ပညာရေးလည်းမဟုတ်၊ တကယ့် ပီယဆေးမှ ပီယဆေး..။ အဲ့ဒီ ပီယဆေးကိုမှ အနှီပုဂ္ဂိုလ်က အာမခံနှင့်ကို စီရင် ပြုလုပ်ပေးသည်ဗျား။ တစ်ခု ထူးခြားသည်က ၄င်းပီယဆေးကို ပိုက်ဆံရှိသူတိုင်းလည်း ဝယ်မရ။ လိုချင်သည့်သူများက ဦးစွာ အစမ်းသပ် ခံရချေသည်။ ကြံဖန် ဂုဏ်ယူရလျှင် အနှီပုဂ္ဂိုလ်၏ ပီယဆေးနှင့် ထိုက်တန်ကြောင်း မှတ်ကျောက် တင်ခံရဖူးပေသည်..။ စမ်းသပ်ပုံသည်ကား.. ၄င်း၏ အုန်းပွဲ ငှက်ပျောပွဲများနှင့် ပြည့်နေသော ခပ်မှောင်မှောင် အခန်းတွင်းဝယ် ကိုယ်လိုချင်သည်များကို တင်လျှောက်ရသည်..။ ပီယဆေးဆို ပီယဆေး..။
၎င်းအချိန်တွင် ရဲခေါင်ကျော်စွာသည်ကား… အမျိုးအမည် မသိသော မန္တာန်များကို ရွတ်ဖတ်ပြီး ငှက်ပျောပွဲ တစ်ခုရှေ့တွင် ဖယောင်းတိုင် သွားထွန်းချေမည်။ ပြီးတော့ ကျွန်တော့်၏ နေ့နံ မွေးသက္ကရာဇ်ကို မေးပြီး တခါ မန္တာန် ထပ်ရွတ်ပြန်သည်..။ ထို့နောက် ၄င်းစီရင်ထားသော ပီယ ဆေးနှင့် ကျွန်တော်ထိုက်တန်သည်ဆိုပါက ကျွန်တော့၏ လက်ညှိုးတွင် မွှေးရနံ့တစ်မျိုး မွှေးကြိုင်မည်တဲ့..။ ဘုရားရေ.. ၄င်းစမ်းသပ်မှုမျိုးကို ကြိုသိနေသောကျွန်တော် ပုဆိုးကြားထဲ လက်ထိုးထဲ့ထား ပါလျှက်နှင့် ကျွန်တော့် လက်ညှိုး တစ်ခုလုံး မွှေးကြိုင်နေချေတော့သည်..။ မည်သို့မည်ပုံ လက်ညှိုးကို ရေမွှေးလာစွတ်လိုက်သည်မသိ..။ ထင်ထင်ရှားရှားကို မွှေးလှသည်..။ ၄င်းပုဂ္ဂိုလ်အားလည်း အတော်ကို အထင်ကြီးမိသွားသည်။ သို့ပေမဲ့..ကျွန်တော် ပီယဆေး ရရှိခဲ့သည်လား။ ယူကြုံးမရ တသသ ဖြစ်စွာ ကျွန်တော် မရရှိခဲ့ပါ။ အကြောင်းက… ရွှေတစ်ကျပ်သား (၇) သောင်း ခေတ်တွင် ၄င်းပီယဆေး၏ တန်ဖိုးသည်ကား ကျပ် (၅) သောင်း ဖြစ်နေသောကြောင့်ပင်..။ ၄င်းတန်ဖိုးကို ကြားသည်နှင့်… ဟိုလှည့်ဒီလှည့် လုပ်ကာ အိမ်သို့ အမြန်တပ်ခေါက် ပြေးခဲ့ရတော့သည်။
ထို့နောက် သိပ်မကြာ။ ၄င်းရဲခေါင်ကျော်စွာ တောင်ဥက္ကလာမှ ပျောက်သွားတော့သည်။ အဘယ်သို့ ရောက်ရှိသွားသည်မသိ…။ ပေါ်မယ့် ပေါ်လာရော ဦးနေဝင်း၏မြေးများ အရှုပ်တော်ပုံတွင်မှ သူပါ တပါတည်း ပေါ်လာချေတော့သည်။ သူယတြာလုပ်ထားသည့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့် ရုပ်ထုများက ချွတ်စွတ်တူလှပြီး အောက်လမ်းနည်းဖြင့် ဂျင်းကိုအသုံးပြုပြီး သူတို့ရဲ့ ၀မ်းဗိုက်နှင့် လက်မောင်းတို့အား အဆက်မပြတ် ထိုးနက်နေတာကြောင့် တိုက်ဆိုင်မှုလားမသိ။ ဗိုလ်မောင်အေး စင်္ကာပူဆေးရုံ ပြေးရပြီး ဗိုလ်သန်းရွှေ လေဖြတ်တဲ့ဘ၀ ကြုံတွေ့ခဲ့ရသည်။
http://www.photayokeking.org/truewords/open-letters/534-i-know-about-general-min-aung-hlaing
No comments:
Post a Comment