ondragstart="return false" onselectstart="return false"

Tuesday, June 14, 2011

ကချင်စစ်ပွဲအရေး UNFC အမြန်ဆုံး အစည်းအဝေး ခေါ်မည်

ထွန်းထွန်း | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ်

(PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ KIO လက်အောက်ခံ KIA တပ်များနှင့် စစ်အစိုးရတပ်များ အကြား ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး၊ အင်္ဂါနေ့တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်။

အပစ်ရပ်ကော အပစ်မရပ် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC တွင် အခြေခံ အဖွဲ့အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ် ပါတီ NMSP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP တို့ ပါဝင်သည်။

UNFC အနေဖြင့် အဖွဲ့ဝင်တပ်များကို အစိုးရတပ်များ တိုက်ခိုက်လာပါက ပူးပေါင်းလက်တွဲသွားရန် မူဝါဒ ချမှတ်ထားသည်။

KIO ကို တိုက်ခိုက်နေခြင်းအပေါ် UNFC အဖွဲ့ဝင်တပ်များ ပါဝင်ပတ်သက်နိုင်မှုနှင့် အခက်အခဲ၊ UNFC တပ်များ နေရာအနှံ့ စစ်မျက်နှာဖွင့်လာနိုင်မှု အခြေအနေ၊ အပစ်ရပ်များ သေနတ်ဖောက်သံ ဖြစ်လာနိုင်ခြေ၊ ဒီမိုကရေစီအင်အားစုများ အခန်းကဏ္ဍနှင့် ပတ်သက်၍ UNFC တွင် ပါဝင်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

KIO က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ ပါဝင်ထားပါတယ်။ အစိုးရတပ်က တိုက်လာရင် ပူးပေါင်း လုပ်ဆောင်မယ်ဆိုတော့ အခုကော ဘယ်လို ပါဝင်ပတ်သက်မလဲ။

“ကျနော်တို့ UNFC ရဲ့ မူထဲမှာ အဲဒီလိုတိုက်ခံရရင် ကျန်တဲ့အဖွဲ့တွေကိုလည်း တိုက်တယ်လို့ပဲ သဘောထားပြီးတော့ UNFC ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်လို့ ပြောတယ်ဗျ။ ဒါကြောင့် အခု UNFC ဗဟိုကော်မတီ အမြန်ထိုင်ပြီးတော့ ဘာလုပ်မလဲ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကျန်တဲ့ အဖွဲ့ဝင် တပ်တွေ အားလုံးလည်း လိုက်လုပ်ရမှာပေါ့ဗျာ။ အခု အစည်းအဝေး မခေါ်သေးဘူး။ ကျနော် ထင်တယ်။ အမြန်ဆုံး ခေါ်လိမ့်မယ်ထင်တယ်။
ခေါ်ပြီးတော့ ဆုံးဖြတ်ချက်ချမယ်လို့ ထင်တယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ကျပြီဆိုတာနဲ့ ကျနော်တို့ ဆုံးဖြတ်ချက် အတိုင်း လိုက်လုပ်ကြဖို့တော့ အဖွဲ့ဝင်တိုင်းက အဆင်သင့်ရှိတာပေါ့”

KIO အနေနဲ့ လက်ရှိတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သဘောတူ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေအတွက် ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိလာနိုင်မလဲ။

“ကျနော်တို့ KIO အနေနဲ့ ဖေဖော်ဝါရီလကတည်းကိုက ဒီဘက်က အပစ်မရပ်တဲ့ အဖွဲ့တွေနဲ့ လာပေါင်းတာ ရှိပါတယ်။ ဥပမာဆိုရင် ကရင်နီ KNPP အဖွဲ့တို့၊ KNU အဖွဲ့တို့၊ ချင်းအဖွဲ့တို့လို၊ အပစ်မရပ်တဲ့ အဖွဲ့တွေနဲ့ လာပူးပေါင်းပြီးတော့ တချိန်ထဲမှာ ဒီလိုပြဿနာမျိုးပေါ်ရင် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ သဘောတူ ညီချက်ရထားတဲ့အခါကျတော့ အဲဒါကို ပြင်ဆင်မှု ကောင်းကောင်းမရှိခင်မှာ သွားပြီးတော့ “ကဲ … တိုက်မယ်ဆိုရင်တော့ ဖက်ဒရယ်ကောင်စီဝင် အဖွဲ့တွေ အားလုံးနဲ့ တပြည်လုံးအနှံ့ တိုက်ရတော့မယ်” ဆိုတဲ့ သဘောမျိုး ရာဇသံပေးတဲ့အပေါ်မှာ တပ်မတော် ကလည်း၊ စစ်တပ်ကပေါ့ဗျာ၊ တပ်ကလည်း ခါတိုင်းက သူ့အာဏာ ကြီးစိုးနေတဲ့ အချိန်ကိုး။ ဒါကြောင့် သူ့အာဏာ
လောလောဆယ် မလျော့ပါးသေးဘူးဆိုတာ ပြချင်တဲ့ သဘောနဲ့၊ မခံချင်စိတ်နဲ့ စပြီးတော့ တိုက်တယ်လို့ပဲ ကျနော် ယူဆတယ်”

“မဟာမိတ်အဖွဲ့တွေက KNU ဆို နဂိုကတည်းက သူတိုက်နေတာပဲ။ KNPP ဆိုလည်း သူ့နယ်မြေမှာ တခါမှ စစ်ပွဲက မရပ်ဖူးဘူး တိုက်နေကြတာ။ ဒါကြောင့် ကျန်တဲ့ နယ်မြေတွေမှာ ရှိနေတဲ့ တိုက်အားတွေကတော့ မလျော့သွားပါဘူး။ ဆက်တိုက်ကြမှာပဲ။ ဒါပေမဲ့ ပိုပြီးတော့တောင် တိုက်ချင်တိုက်ရဦးမယ့် သဘောတော့ ရှိတာပေါ့။ ဒါကြောင့် နအဖ တပ်အနေနဲ့ ဘယ်နယ်မြေ၊ ဘယ်လောက်မှာ ဘယ်လောက် ခုခံနိုင်မလဲ၊ ဘယ်လောက်ထိ ဘက်ပေါင်းစုံပေါ့၊
ထောင့်ပေါင်းစုံ လူအားဖြင့် အစစအရာရာပေါ့ဗျာ။ ဖြည့်တည်းနိုင်မလဲဆိုတာ စမ်းသပ်လိုက်တာပဲလို့ ကျနော် ထင်တယ်”

တချို့တွေက မဟာမိတ်အဖွဲ့တွေက ဖွဲ့သာဖွဲ့ကြတယ်။ ဒါပေမဲ့လည်း တကယ်တမ်းတော့ အလုပ်မဖြစ်ဘူးလို့
ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီတော့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။

“လက်တွေ့အလုပ်မဖြစ်ဘူးဆိုတာ မှားနေတယ်ဆိုတာကိုတော့ နည်းနည်း သက်သေပြဖို့တော့ လိုလာမယ်လို့ ကျနော် ထင်တယ်။ ဒါကြောင့် အကယ်၍ ဖက်ဒရယ်ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက်ချပြီးတော့ ကျန်တဲ့
ဒေသကော၊ ကျန်တဲ့ တပ်တွေကော၊ အဖွဲ့ဝင်တပ်တွေ အားလုံး စစ်ရေးမြှင့်ကြပါလို့ ဆုံးဖြတ်ရင် အားလုံး လိုက်လုပ်မှာပါ။ အခုအချိန်ထိ ဆုံးဖြတ်ချက်ကတော့ မရှိသေးဘူး။ KIO ကိုယ်၌ကလည်းပဲ နယ်မြေအကန့်အသတ်၊ လူအကန့်အသတ်နဲ့ တိုက်နေတဲ့ သဘောမျိုး ရှိပြီးတော့ ကျယ်ပြန့်လာတဲ့ဟာကို သိပ်မလိုချင်တဲ့သဘော
တွေ့နေတယ် ဆိုတော့ ကျနော်တို့ကတော့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးပေါ့ဗျာ”

UNFC အနေနဲ့ ဒီလိုဝေဖန်မှုတွေကို တုံ့ပြန်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲ။

“အခက်အခဲကတော့ ကျနော်တို့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးက စီမံချက်တော့ ရှိပြီ။ အစလည်း ပျိုးပြီ။ သို့သော်လည်းပဲ ကျစ်ကျစ်လစ်လစ် အချိန်ကို မရောက်သေးခင်မှာ နည်းနည်းလေး စောပြီးတော့၊ အချိန်စောပြီးတော့ တိုက်ပွဲဖြစ်လာတဲ့ သဘောပေါ့။ ကျစ်ကျစ်လစ်လစ် မဖြစ်ခင်လေးမှာ သေနတ်ပေါက်တာ စောသွားတဲ့ သဘောပေါ့ဗျာ။ သို့သော်လည်းပဲ ကျနော်တို့ မူလစီမံချက်အတိုင်းတော့ ဆက်လက် ပြင်ဆင်သွားမှာပဲလို့တော့ ကျနော် တင်ပြချင်တယ် ခင်ဗျ”

KIO ကတော့ နယ်မြေဒေသအကုန်လုံး စစ်မျက်နှာဖွင့်မယ်လို့ ပြောနေပါပြီ။ ဒီတော့ UNFC တပ်ဖွဲ့တွေ ကကော စစ်မျက်နှာဖွင့်ဖို့ အနေအထား ရှိလား။

“ကျနော်တို့မူက အဲဒီလိုအတိုက်ခံရရင် UNFC ရဲ့ ဗဟိုကော်မတီ အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ချက်ချမယ်။ ဘာလုပ်မယ်ဆိုတာပေါ့ဗျာ။ ချတဲ့ဆုံးဖြတ်ချက်အတိုင်း အဖွဲ့ဝင်တပ်တွေ အားလုံးက လိုက်လုပ်ရမယ်။ အဲဒါကြောင့် အဲဒီဆုံးဖြတ်ချက်ချဖို့ရာ ကျနော်တို့ အစည်းအဝေးထိုင်ဖို့ လိုတယ်လေ။ ထိုင်ပြီးတော့ တရားဝင် ဆုံးဖြတ်ချက် ချလိုက်လို့ရှိရင် အဲဒီဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ကြမှကိုး။ အဲဒါကြောင့် တရားဝင် ဆုံးဖြတ်ချက် မရှိသေးတဲ့အတွက် ကျနော့်အနေနဲ့ ဆန္ဒစောပြီးတော့ ဘာမှ မပြောချင်သေးဘူးလေ”

“ကျနော်တို့ အမြန်ဆုံး ဆုံကြမှာပါ။ အဲဒါကိုတော့ ကျနော်တို့ စီစဉ်ထားပါတယ်”

တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ခံစစ်မဟုတ်ဘဲ ထိုးစစ်အနေနဲ့ အစိုးရတပ်တွေကို စစ်မျက်နှာဖွင့် တိုက်ခိုက်မယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ဒေသက အားအကောင်းဆုံးလဲ။

“ဒါတော့ ကျနော် မပြောနိုင်ဘူးဗျ။ စစ်ရေးစီမံချက်တွေတော့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ပြောလို့ မဖြစ်ဘူးခင်ဗျာ။ အဲဒါကိုတော့ ကျနော်တို့ မပြောပါရစေနဲ့”

UNFC အဖွဲ့ဝင်တွေက စစ်မျက်နှာ အကုန်ဖွင့်လာရင် တခြား အပစ်ရပ် အဖွဲ့တွေကော သေနတ်
ပြန်ဖောက်နိုင်မယ့် အနေအထား ရှိလား။

“အပစ်ရပ်က ကျနော်တို့ထဲမှာပါတာက မွန်နဲ့၊ KIO နဲ့၊ SSPP ကိုး။ ၃ ဖွဲ့မှာ ၂ ဖွဲ့က တိုက်နေပြီလေ။ မွန်တဖွဲ့ပဲ ကျန်တာပေါ့ အပစ်ရပ်ထဲမှာ။ ဒါပေမဲ့ တင်းတော့ တင်းမာနေတာပဲ။ မွန်မှာလည်း ပြင်နေကြတာပဲ။ ဆုံးဖြတ်ချက်ကျရင်ပေါ့။ ဆုံးဖြတ်ချက်ကို စောင့်ကြတာပဲ”

တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးအတွက် အခု တိုင်းရင်းသားတွေက စစ်ရေးအရ လှုပ်ရှားမှုတွေ ရှိလာတော့ ပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသင့်တယ်လို့ ထင်သလဲ။

“ပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေက ဗမာပြည်ကို ဒီမိုကရေစီအခွင့်အရေး တောင်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး ဆိုတဲ့ဟာကို ရှင်းရှင်းလင်းလင်း သိဖို့လိုလာကြပြီ။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတယ် ဆိုရုံနဲ့ပေါ့ဗျာ။ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့မှာလည်း အဲဒီလို ကူးပြောင်းတယ်ဆိုရုံနဲ့ ကျနော်တို့တိုင်းပြည်က အဲဒီတိုင်းပြည်တွေနဲ့ မတူတဲ့အတွက် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရုံနဲ့ ကျနော်တို့က ငြိမ်းချမ်းရေးမရဘူး”

“ကျနော်တို့က အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နေရာမှာ တိုင်းပြည်ရဲ့ ပုံသဏ္ဍာန်က
ပြည်ထောင်စုစစ်စစ် ပုံသဏ္ဍာန်၊ တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ တန်းတူအခွင့်အရေးရတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်မှ ကျနော်တို့ဟာ ငြိမ်းချမ်းတဲ့ တိုင်းပြည်ကို ရောက်မယ်။ ဒီမိုကရေစီတခုထဲနဲ့က မရဘူး။ အဲဒီအချက်ကို ဒီမိုကရေစီအင်အားစုတွေက နက်နက်ရှိုင်းရှိုင်း လေ့လာခံယူပြီးတော့ အထောက်အကူဖြစ်အောင်ပေါ့ဗျာ။ လက်ရှိ သိန်းစိန်အစိုးရကိုပဲဖြစ်ဖြစ်၊ တပ်ကိုပဲဖြစ်ဖြစ် ဒီမိုကရေစီ တချက်ထဲ တောင်းတာမဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံကိုပါ ပြည်ထောင်စု ပုံသဏ္ဍာန်စစ်စစ် ဖွဲ့စည်းနိုင်အောင် ဝိုင်းဝန်းတွန်းအားပေးကြရလိမ့်မယ်လို့ ကျနော် အကြံပြုချင်တယ်”
http://www.mizzimaburmese.com/interview/7728--unfc---.html

No comments:

Post a Comment