ondragstart="return false" onselectstart="return false"

Saturday, October 20, 2012

ဝေးလံခေါင်ဖျားမှ ကလေးတွေ စာတတ်မြောက်ဖို့ ဘာသာစကားနဲ့ပတ်သက်တဲ့ ပညာရေးမူဝါဒ ပြောင်းစေချင်

Written by အေးသီရီဝင်း

ဝေးလံခေါင်ဖျားမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုကျောင်းသားတွေရဲ့ စာဖတ်စွမ်းရည်က မြေပြန့် ကျောင်းသားတွေထက် အနည်းဆုံးသုံးဆကွာပြီး ကျဆင်းနေတာကြောင့် သည်ဒေသက ကျောင်းသား တွေစာတတ်မြောက်ဖို့ ပညာရေးမူဝါဒဆိုင်ရာ ပြောင်းလဲပေးစေချင်တယ်လို့ ငြိမ်းဖောင်ဒေးရှင်းမှ သိရတယ်။



ငြိမ်းဖောင်ဒေးရှင်းက ဘာသာစကားဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ပညာရေးဆိုင်ရာ စိတ်ပညာရှင် တွေ ပူးပေါင်းပြီး ပြည်နယ်တွေ (ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ မွန်)က ဝေးလံခေါင်ဖျားဒေသတွေမှ ကျောင်းသားတွေကို သုတေသနပြုတဲ့အခါမှာ သည်ကလေးတွေက မူလတန်းအရွယ် မြန်မာဖတ်စာကို ပြီးဆုံးအောင် ဖတ်နိုင်ဖို့၊ ဝါကျမှန်ဖို့ ခက်ခဲနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်က 'လှိုင်သာယာက မူလတန်းကလေးစာဖတ်ချိန်နဲ့ ဝေးလံခေါင်ဖျား ဒေသက မူလတန်းကလေး စာဖတ်ချိန်က သုံးဆကွာတယ်၊ အဓိကပြသနာက ဆရာပြောတာကို နားမလည်တာပဲ၊ ကိုယ်နားမလည်တဲ့စကားနဲ့ပြောရင် စိတ်ညစ်လာလေ ဦးနှောက်အလုပ်လုပ်တာ နှေးသွားလေပဲ၊ ကျောင်းမသွားချင်ရင်ပျင်းလို့ပဲ မိဘကထင်တယ်၊ ဒီကလေးတွေကို ပံ့ပိုးပေးဖို့လိုတယ်' လို့ပြောပါတယ်။

မူလတန်းမှာကျေလည်ရမယ့် သင်ခန်းစာတွေကို ကလေးတွေက နားမလည်တဲ့အခါ အတန်းကြီး လာတာနဲ့အမျှ ပိုအခက်အခဲဖြစ်လာပြီး သည်ဒေသတွေမှာ ဆယ်တန်းအောင်တဲ့သူဆိုတာ လက်ချိုး ရေလို့ရတဲ့ အနေအထား ဖြစ်လာတယ်လို့သိရပါတယ်။ တိုင်းရင်းသားလူမျိုးစု ကျောင်းသားတွေရဲ့ စာဖတ် စွမ်းရည်ကိုကြည့်ရင် ကချင်ပြည်နယ်က အဆိုးဆုံးဖြစ်တယ်။ နားထောင်မှုစွမ်းရည်နဲ့ နားလည်မှု၊ စာလုံးများကို မှတ်မိနိုင်မှု (ဗျည်း၊ သရ၊ အသတ်၊ အသံ၊ စာလုံးများနဲ့ ဝါကျ)မှာတော့ ပြည်နယ်တိုင်းက ဆိုးဝါးနေတယ်လို့ ငြိမ်းဖောင်ဒေးရှင်းရဲ့ သုတေသနအရသိရပါတယ်။

ဝေးလံခေါင်ဖျားဒေသ ဥပမာ-ကချင်ပြည်နယ်ဆွမ်ပရာဘွမ်ဒေသမှာ နေထိုင်တဲ့ကလေးတွေက မြန်မာ စကားတတ်ကျွမ်းသူနည်းပါတယ်။ ဆရာတွေက မြန်မာစကားနဲ့ သင်ကြားတဲ့အခါမှာ ကလေးတွေရဲ့ သင်ယူမှုမှာ အခက်အခဲတွေ့ရပါတယ်။ သည်ကလေးတွေကျောင်းနေပျော်ပြီး စာတော်ဖို့ ပညာရေး မူဝါဒပြောင်းလဲဖို့ ငြိမ်းဖောင်ဒေးရှင်းနဲ့ ပညာရေးသုတေသနအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်။ သည်ပြသနာပြေလည်ဖို့ မူလတန်းဖတ်စာအုပ်မှာ ပြည်နယ်အလိုက် လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာ ပုံပြင်စတာတွေကို ထည့်သွင်းသင်ကြားမယ်ဆိုရင် ကလေးတွေအနေနဲ့ စာသင်ကြားမှုအပိုင်းမှာ အထောက်အကူပြုလာမယ်လို့ သိရတယ်။

ဒေါ်နန်ရော်က 'ကလေးတွေကသူတို့သိတဲ့အကြောင်းကို သူတို့သိတဲ့ ဘာသာစကားနဲ့သင်တာ ပိုတတ် မြောက်တယ်။ ဥပမာ-ကချင်ရိုးရာမှာဆိုရင် သတို့သမီးက မြက်ပင်ရှည်ထဲမှာ ဖြတ်ပြီးလာရတယ်၊ အဓိပ္ပာယ်က မကောင်းဆိုးဝါးခါချတာ၊ ဒါက သန့်ရှင်းမှုကိုအလေးထားတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့' ဆိုတယ်။

ငြိမ်းဖောင်ဒေးရှင်းနဲ့ ပညာရေးသုတေသနတို့ ပူးပေါင်းလုပ်တဲ့ မူလတန်းအဆင့် ပညာသင်ကြားရေး တွင် အသုံးပြုသင့်သောဘာသာစကားနှင့် ပတ်သက်တဲ့ ပညာရေးမူဝါဒစာတမ်းကို ပညာရေးဝန်ကြီးထံ ပေးပို့ထားတယ်လို့ သိရတယ်။

တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ တခြားတရုတ်နိုင်ငံကိုကြည့်ရင် ဒုတိယ ဘာသာစကားကို တဖြည်းဖြည်းချင်းအရေးပေးသင်ကြားသွားတာ ဖြစ်တယ်။ ဗီယက်နမ်နိုင်ငံကိုကြည့်ရင် တိုင်းရင်းသား ၅၄ မျိုးရှိပြီး လူဦးရေ ၉ဝ ရာခိုင်နှုန်းက ဗီယက်နမ်ဘာသာစကား ပြောဆိုကြတယ်။ ကျောင်းမှာ အသုံး ပြုတဲ့ဘာသာစကားက ဗီယက်နမ်ဘာသာစကားဖြစ်ပြီး တိုင်းရင်းသား ဘာသာစကား ရှစ်မျိုးကို ကျောင်းသင်ဘာသာရပ်အဖြစ် သင်ကြားပါတယ်။ မူကြိုနဲ့မူလတန်းကျောင်းတွေမှာ ဒေသခံဘာသာ စကားအဖြစ် တဖြည်းဖြည်းချင်း သင်ကြားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ စာတတ်မြောက်ရေးဆယ်စုနှစ်ကို ၂ဝဝ၃ ကနေ ၂ဝ၃၂ ခုနှစ်အထိ သတ်မှတ်ထားပါ တယ်။ နိုင်ငံတော်တော်များများက ပညာရေးမှာ သိသာထင်ရှားတဲ့အောင်မြင်မှုတွေရှိခဲ့ပေမဲ့ ခန့်မှန်း လူသန်းပေါင်း ၈ဝဝ က စာတတ်မြောက်ခြင်းမရှိကြပဲ ကလေးသန်းပေါင်း ၁ဝဝ ကျော်ခန့်က ပညာ သင်ကြားခွင့် ငြင်းပယ်ခံနေရကြောင်း၊ စာမတတ်မြောက်ကြသူများနဲ့ ကျောင်းထွက်ကလေး အများစု မှာ လူနည်းစုတိုင်းရင်းသား၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဝေးလံတဲ့နေရာဒေသက ဖြစ်ပါတယ်။

ငြိမ်းဖောင်ဒေးရှင်းမှ လေ့လာခဲ့တဲ့ ပြည်နယ်တွေက ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ ဖြစ်ပြီး လေ့လာခဲ့တဲ့ ကျေးရွာအရေအတွက် ၂၁ ရွာ၊ လေ့လာမေးမြန်းတဲ့ ကလေးအရေအတွက် ၆၉၆ ဦး၊ လူတွေ့မေးမြန်းခဲ့တဲ့ ကလေး၊ မိဘ၊ ဆရာ၊ ကျေးရွာလူကြီး အရေအတွက် ၁၁၉၉ ဦးဖြစ်တယ်လို့ သိရတယ်။

ဝေးလံခေါင်ဖျားက ကလေးတွေ စာတတ်မြောက်ဖို့ သည်ပညာရေးမူဝါဒစာတမ်းကို လွှတ်တော်မှာ ဆွေးနွေးပေးဖို့ မျှော်လင့်ကြောင်းဆိုပါတယ်။

မော်ဒန်သတင်းဂျာနယ်
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2418-2012-10-20-11-13-22

No comments:

Post a Comment