ondragstart="return false" onselectstart="return false"

Monday, August 30, 2010

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

ရဲဘော်ဖိုးသံချောင်း / ၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင်အာဏာကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင်တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလိုခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှမလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထားသူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့သဘောပေါက်နိုင်ပါတယ်။ အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင်မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျစီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငကန်းနေရာ ငစွေနေရာယူတဲ့ကိစ္စမျိုးထဲမှာ မျောပါသွားလို့မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖစစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင်အမေရိကန်သံအရာရှိဟောင်းဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထားနားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေအကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှတွက် မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျကြတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေရှိမှာပါ။ ဒီတကွေ့မှာ နအဖစစ်အုပ်စု တခုလုံးအဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင်ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်းအဖို့တော့ သူဌေးဖြစ်ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆရှုံးသွားတဲ့ စစ်တပ်ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ရှက်ရှက်ကြီး မှီဝဲဖူးထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောနေစရာမလိုပါဘူး။ သူတို့ဟာ ဦးပုညရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိအင်မတန်၊ စံချင်တိုင်းစံရတယ်” ဆိုတာကို ကောင်းကောင်းသိနေကြတယ်ဆိုတာကို ဗိုလ်သန်းရွှေအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲလက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်လာမယ့်၊ ပေါက်ကွဲထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာသိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေအရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက်တာဟာ သူတို့စစ်တပ်ထဲက တချို့လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာမဟုတ်ပါဘူး။ ကိုယ်ကအနာခံပြီး သူတို့ကအသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက်သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ရပါရဲ့၊ အခုတော့ ဘာမှမရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်ကဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူးဆိုတာလိုပါပဲ။
http://www.khitpyaing.org/index.php?route=detail&id=3907

No comments:

Post a Comment