ondragstart="return false" onselectstart="return false"

Tuesday, April 5, 2011

နယ်ခြားစောင့်တပ် - အပိုင်း (၁) နှင့် အပိုင်း (၂)



ဗိုလ်သိုးထိန်း

Wednesday, 06 April 2011

အကြောင်းမသင့်လို့ နယ်ခြားစောင့်တပ် အကြောင်း မရေးဖြစ်ခဲ့ပါ။ အခု စစ်အာဏာရှင်တွေက အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့တချို့ နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလို့ ဒေါတွေခီးနေရတယ် ကြားတာနဲ့ နယ်ခြားစောင့်တပ် အကြောင်း ရေးမိတာပါ။

စစ်အာဏာရှင်တွေ ဒေါခီးမယ်ဆိုလည်း ခီးချင်စရာ၊ အသေအချာ အစီအစဉ်ဆွဲ အချိန်ပေးလုပ်ခဲ့ရတဲ့ ထောင်ချောက်ထဲကို လိုချင်တဲ့ သားကောင်က မဝင်တာကိုး။ ဝင်တဲ့သားကောင်ကလည်း စစ်အာဏာရှင်တွေ အတွက် စားမလောက် သောက်မလောက်၊ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာ။

စစ်အာဏာရှင်တွေက ထောင်ချောက်ထဲဝင်လာမဲ့ သားကောင်ကို ဝင်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်မပေးတဲ့အပြင် လွတ်ရာလွတ်ကြောင်း မပြဘဲ တခါတည်း အပိုင်ကိုင်ဖို့ ကြံတယ်လေ။ ဒါကိုအားလုံးက ရိပ်မိကုန်ပါတယ်။ တယ်လဲလောဘကြီးတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကိုး။

အမှန်တော့ စစ်အာဏာရှင်တွေက အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လေးစားသင့်တယ်။ တော်လှန်ရေးသမားများသည် ဓါးပြများမဟုတ်၊ လူဆိုးသူခိုးများမဟုတ်။ ခံယူချက်အတွက်၊ ယုံကြည်ချက်အတွက်၊ ကိုယ့်လူမျိုးများအတွက် တိုက်ပွဲဝင်နေကြသူတွေသာ ဖြစ်တယ်။ စနစ်တစ်ခုကို ကိုယ်စားပြုသည့်သူတွေ လူမျိုးတစ်မျိုးကို ကိုယ်စားပြုသည့်သူတွေကို စစ်အာဏာရှင်တွေ အနေနဲ့ လေးစားသင့်သည်က အမှန်။

သူတို့နဲ့ဆွေးနွေးညှိနှိုင်း၊ အပေးအယူလုပ်ရာမှာ သူတို့ရဲ့အဆင့်တန်းနဲ့ လျော်ညီစွာ အပေးအယူပြုပြီး ညှိနှိုင်း ဆွေးနွေးသင့်တယ်။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ငြိမ်းချမ်းရေးအဖွဲ့များ၊ အပစ်ရပ်အဖွဲ့များ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို မဟာအာဏာရှင်ကြီးများက ကလေးကို ချိုချဉ်ပြသလို စည်းရုံးတာမျိုးနဲ့ အကွက်ထွင်တယ်လေ။ အားလုံးကို နလပိန်းတုံးပုံစံနဲ့ ဆက်ဆံချင်တယ်။ ခက်တာက ဒီဘက်ကလည်း နလပိန်းတုံးတွေ မဟုတ်ကြတာဘဲ။

ကိုယ့်ဒေသ ကိုယ့်လူမျိုးအတွက် တိုက်ပွဲဝင်နေသူတွေကို နယ်ခြားစောင့်တပ် ပေးမယ် ဆိုပြီးတော့ မဲဆွယ်တယ်။ အမည်ကိုက “နယ်ခြားစောင့်တပ်” တဲ့။ မသိရင် စစ်အာဏာရှင်တွေ ပြည်တွင်းမှာ မတရားလုပ်ချင်သမျှ လုပ်နေတာကို နယ်ခြားစောင့်တပ်က ပြည်ပရန် ကာကွယ်ပေးရမဲ့ ပုံစံမျိုးနဲ့၊ (Body Guard) ပေါ့ဗျာ..။ အတော်ကို တရားကျဖို့ကောင်းတဲ့ နအဖပါ။ ငြိမ်းချမ်းရေးအဖွဲ့တွေ၊ အပစ်ရပ်အဖွဲ့တွေခများ ကိုယ့်လူမျိုးအကျိုးအတွက် စစ်အာဏာရှင်တွေနဲ့ ညှိနှိုင်းရမလား အောက်မေ့တယ်။ စစ်အာဏာရှင်တွေ မတရားလုပ်သမျှ ကာကွယ်ပေးရမဲ့ဘ၀ကို ရောက်သွားတော့တယ်။

ဦးနေ၀င်းကြီးက အိမ်စောင့်အစိုးရတဲ့၊ မြန်မာပြည်ဆိုတဲ့ အိမ်ကြီးကို စောင့်ရှောက်ရတဲ့ အစိုးရပေါ့ဗျာ။ အခု နယ်ခြားစောင့်တပ် ဆိုတာကလည်း နယ်ခြားလေးကို စောင့်ရတဲ့တပ်ပေါ့။ ဘုရင့်နောင် မင်းတရားကြီး လက်ထက်တုန်းက အယုဒ္ဓယမြို့လေးကို တက်သိမ်းလိုက်၊ မြို့စောင့်တပ်လေးပဲ ထားပြီးပြန်လာလိုက်၊ ပြန်အတိုက်ခံရလိုက်နဲ့ မြို့စောင့်တပ်လေးရဲ့ သေးနုပ်ပုံကို အားလုံး သဘောပေါက်ကြမှာပါ။

ဒီလိုသေးနုပ်ပေမယ့်လို့ အဲဒီမြို့စောင့်တပ်လေးမှာ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်ဗျ။ တရားစီရင် ပိုင်ခွင့်ရှိတယ်။ ကုန်စည်ကူးသန်းမှုကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်။ ဥပဒေ ထုတ်ပိုင်ခွင့် ရှိတယ်။ အင်အားနည်းပါးလို့သာ အတိုက်ခံရပေမယ့် အဲဒီ အယုဒ္ဓယမြို့မှာတော့ မြို့စောင့်တပ်က လုပ်ပိုင်ခွင့် အပြည့်ပဲဗျာ။ အခု နယ်ခြားစောင့်တပ်က မြို့စောင့်တပ်လောက်တောင် အဆင့်မရှိတာ အားလုံးအသိဘဲလေ။

ကဲ ရှိစေတော့။ ဒါက အမည်နာမနဲ့ ပတ်သက်လို့ ဆွေးနွေးတာပါ။ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါအုံး။ အမြင့်ဆုံးအဆင့်က ဗိုလ်မှူး (major)၊ ပင်မစစ်တပ်ကြီးရဲ့ အကိုင်းအခက်အနေနဲ့ တည်ရှိနေတဲ့ နယ်ခြားစောင့်တပ်။ မြန်မာစစ်တပ်ကြီးမှာ ဗိုလ်မှူးအဆင့်က ဘယ်လိုမျိုးလဲဆိုတာ စစ်တပ်က လူတွေ အားလုံးသိကြမှာပါ။ မသိသေးတဲ့ အရပ်သားများကို ရှင်းပြရမယ်ဆိုရင် ဗိုလ်မှူးအဆင့်ရဲ့ရာထူးက တပ်ခွဲမှူး၊ တပ်ခွဲ (၄) ခွဲကို တပ်ရင်း (၁) ရင်း၊ တပ်ရင်း (၃) ရင်းကို တစ်ဗျူဟာ၊ ဗျူဟာ (၃) ခုကို တပ်မ တစ်မ။ ကဲ အထက်မှာ စစ်တိုင်းကြီးတွေ ရှိသေးတယ်နော်။

ဆိုတော့ လူမျိုးတစ်မျိုးကို ကိုယ်စားပြုရမယ့် ငြိမ်းချမ်းရေး အဖွဲ့များအနေနဲ့ ဗိုလ်မှူးဆိုတဲ့ ရာထူးနဲ့ ဘယ်လိုအဆင့်ကို ရင်ဘောင်တန်း ဆွေးနွေးနိုင်မလဲ။ ဗိုလ်မှူးထက် တဆင့်ကြီးတဲ့ ဒုဗိုလ်မှူးကြီးကိုတောင် “အဘ” ခေါ်နေရတဲ့ အဆင့်က တိုင်းရေးပြည်ရေးနဲ့ ကိုယ့်လူမျိုးအတွက် ညှိနှိုင်းဆွေးနွေးဖို့ နေနေသာသာ ကိုယ့်တပ်ခွဲအတွင်းက ကိစ္စတောင် “အဘ” မျက်နှာကြည့်ပြီး တင်ပြနေရတာပါ။

ဒီကြားထဲ အသက် (၃၀) လောက်သာရှိသေးတဲ့ စစ်ဦးစီး (ဒုတိယတန်း) (G-2) ဗိုလ်မှူးက အကြောင်းမသင့်လို့ ခေါ်ဆူရင် ဗိုလ်မှူးအိုကြီးများ သတိဆွဲပြီး ငြိမ်ခံနေပေတော့ဘဲ။ မကျေနပ်လို့များ ပြန်ပြောမယ်မကြံနဲ့။ စစ်တပ်ပုန်ကန်မှုနဲ့ ထောင်ထဲတန်းရောက်ပြီသာမှတ်။ ဗိုလ်မှူးအဆင့်က သေးသေးလေးဆိုလို့ ဘယ်အဆင့်ကများ ကြီးသလဲဆိုတော့ တပ်ချုပ်ကြီးကလွဲလို့ စစ်တပ်မှာ ဘယ်အဆင့်ကမှ မကြီးပါဘူး။

တပ်ရင်းမှာ တပ်ရင်မှူးကို အောက်က အရာရှိများ တုန်နေအောင် ကြောက်ရတယ်။ တပ်ရင်းမှူးက အဆင့်မြင့် အရာရှိလားဆိုတော့ မဟုတ်ပြန်။ တစ်ပတ်တခါ တပ်ရင်းမှူးကတော်တွေ တပ်မမှူးကတော်ထံ သွားပြီးတော့ ချက်ပြုတ် ကျွေးမွေး အလုပ်အကြွေး ပြုကြရတယ်။ ဒါဆို တပ်မမှူးက အရာရှိကြီးပေါ့။ သူ့အဆင့်လောက်ဆို နေပျော်ပြီပေါ့။ ဒါလဲမဟုတ်ပြန်ဘူး။ တပ်မမှူးကတော်တွေလဲ တစ်ပတ်တခါ စစ်တိုင်းမှူး အိမ်မှာ အောက်ခြေသိမ်း သွားလုပ်ရပါတယ်။

စစ်တိုင်းမှူး ဗိုလ်ချုပ်များ အေးအေးဆေးဆေး နေရပြန်သည်လား။ ဒါလည်းမဟုတ်။ စစ်တိုင်းမှူးနှင့် ကတော်များက ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးတွေလာရင် တုန်နေအောင် အလုပ်ရှုပ်ပြရတယ်။ ကစထမှူးများက စစ်ရုံးမှ အဘများကို အမြဲလက်အုပ်ချီ ကန်တော့နေရတယ်။ စစ်ရုံးက အဘများထဲကတော့ တပ်ချုပ်ကြီးက အာဏာအပြင်းဆုံးပေဘဲပေါ့။ မှားမှား မှန်မှန် သူ့ကိုပြန်ပြောခွင့် တင်ပြဆွေးနွေးခွင့် မရှိဘူး။

နယ်ခြားစောင့်တပ် - အပိုင်း (၂)
တပ်ချုပ်ကြီးဇနီး ဒေါ်ကြိုင်ကြိုင်က သူ့ဖိနပ်ကို ချွတ်တဲ့အချိန် အပြေးလေး လုကောက်ပြီး ထီးမိုးပေးရတာ ဘယ်အဆင့်ဖြစ်မယ် ထင်သတုန်း။ ဦးထုပ်မှာ အနီပတ် ခန့်ခန့်ကြီးနဲ့ ဗိုလ်မှူးကြီးအဆင့်ပါဗျာ။

စစ်တပ်ရဲ့ ညစာစားပွဲတွေမှာ တပ်ချုပ်ကြီးက လက်ဆောင်တွေ ဘာတွေဝေရင် စစ်တိုင်းမှူး၊ ကစထမှူးများနဲ့ ဦးရွှေမန်းပါမကျန် အားလုံးဟာ ကလေးတွေ မုန့်ဝေတာကို တန်းစီသလို တန်းစီပြီး ယူကြရတာပါ။ ဝေတာက ပုဆိုးလေး၊ အင်္ကျီလေးပါဘဲ။ ဒါကိုဘဲ ရတဲ့သူက ကလေးတွေ ပျော်သလို ခုန်ပေါက်ပြီး ပေါတောတော ပျော်ပြရသေးသဗျာ။ ဒီလိုလေး ပျော်ပြမှ ရွှေဘောတော် ခွေ့မည်ကိုး။

ယခင် အတွင်းရေးမှူး (၃) လုပ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်ရဲ့ အာဏာ ဖယ်ရှားခံရပုံလေးကိုလည်း ပြောပြပါမယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် ခမျာ သူ့ရုံးခန်းမှာ သူ့ဟာသူ အလုပ်လုပ်နေတာပါ။ ဒါကို စစ်ရုံး အပေါ်ဆုံး အထပ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ မင်းတို့အဘ ဦးဝင်းမြင့်ကို အိမ်ပြန်ပို့လိုက် ” လို့ ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်မှူးတစ်ဦးကို ပြောလိုက်ရော၊ အဲ့ဒီ အရာရှိ နှစ်ယောက်က ဗိုလ်ချုပ်ကြီးဝင်းမြင့် အခန်းထဲဝင်ပြီး “ အဘကို တပ်ချုပ်ကြီးက အိမ်ပြန်ခိုင်းလိုက်ပါတယ်” ဆိုပြီး နှစ်ယောက်ညှပ် အိမ်ပြန်ပို့ပေးလိုက်တာပါဘဲ။
အဲ့ဒါ ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်ကို ရာထူးက ဖယ်လိုက်တာပါ။ ဒါ ဒုတိယဗိုလ်ချုပ်ကြီးနော်။ ဗိုလ်မှူး အဆင့်လောက်ကတော့ တပ်ချုပ်ကြီးရဲ့ ဘယ်အတွေးထောင့်မှာမှ ရှိမနေတာ သေချာပါတယ်။

အခုလောက်ဆိုရင် စစ်တပ်မှာ ဗိုလ်မှူး (Major) ဆိုတဲ့ အဆင့်က ဘယ်နေရာမှာလည်းဆိုတာ ခန့်မှန်းလို့ ရလောက်ပြီ ထင်ပါတယ်။ စစ်တပ်မှာ ဆိုရိုးစကား ရှိပါတယ်။ “ အနေကြာ မေဂျာ (Major) ဖြစ်တယ်” တဲ့။ ဘယ်လောက်စုတ်ပြတ်တဲ့ အရာရှိဖြစ်နေပါစေ ၊ (Service Cut) တွေ ဘယ်လောက်ပဲ ထိနေပါစေ အနေကြာလာရင်တော့ ဗိုလ်မှူးအဆင့်တော့ ဖြစ်ကြောင်း ပြောတာပါ။ ဘာအရည်အချင်းမှ မရှိလည်း ဗိုလ်မှူးအဆင့်ကို ရနိုင်ပါတယ်။ ဒီထက်တော့ ပိုမရနိုင်တော့ပါဘူး။ စစ်တပ်မှာ ဗိုလ်မှူး အဆင့်ထိက အရာရှိငယ် ဘဝပါ။ ဒုဗိုလ်မှူးကြီးကနေ အထက်မှသာ အရာရှိကြီးဘဝ ဖြစ်တာပါ။ နောက်ပြီး နယ်ခြားစောင့်တပ်ရဲ့ ဖွဲ့စည်းပုံမှာ အင်အားတိုးချဲ့ပိုင်ခွင့်နဲ့ ရာထူးတိုးတက်နိုင်မှု အခွင့်အရေးများ ပေးမထားပါဘူး။

(အတည်ပြုဆဲသတင်းအရ) ဥပမာ - ကရင်လူမျိုးတစ်ဦးက သူ့ရဲ့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်မှာ တာဝန် ထမ်းဆောင်ချင်ရင် သူသွားမဲ့ နယ်ခြားစောင့်တပ်ကတစ်ဦး ပင်စင်ယူမှ တပ်ကထွက်မှ ဝင်လို့ ရပါလိမ့်မယ်။ အင်အား တိုးပွားလို့ မရပါဘူး။ အလားတူ နယ်ခြားစောင့်တပ်က ဗိုလ်ကြီးတစ်ယောက်ဟာ ဘယ်လောက်တော်တော် ဗိုလ်မှူး မဖြစ်ပါဘူး။ သူ့အထက်က ဗိုလ်မှူး အနားယူမှ ဗိုလ်မှူး ဖြစ်ပါလိမ့်မယ်။

ဒီလို အဖက်ဖက်က ထိန်းချုပ်မှုတွေ ပြုလုပ်ထားတဲ့ နယ်ခြားစောင့်တပ် ဆိုတာကြီးနဲ့ ဘာကြောင့်များ ငြိမ်းချမ်းရေး အဖွဲ့တွေကို မျှားခေါ်နေရသလဲဆိုတာ ဒီနေ့ဒီအချိန်ထိ စဉ်းစားမရနိုင်သေးပါဘူး။ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ အပေးအယူလုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေ အနေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာတွေများ ပေးလိုက်လဲ။ စစ်အာဏာရှင်တွေ တပ်တဲ့ ခေါင်းစဉ်ကိုကကြည့်ပါဦး၊ “ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခြင်း” တဲ့။ လက်နက်ကျတော့ နအဖ ကယူ။ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုတော့ ငြိမ်းချမ်းရေး အဖွဲ့တွေကယူ။ ပြီးရော။ မငြိမ်းချမ်းလို့လည်း မရတော့ဘူးလေ။ လက်နက်တွေကို နအဖက ယူသွားပြီကိုး။ နအဖကပေးတဲ့ ငြိမ်းချမ်းရေးက မစစ်မှန်ဘူးဆိုတာသိပြီး ပြန်ပေးတော့ရော နအဖက လက်နက်နဲ့ ငြိမ်းချမ်းရေး ပြန်လဲပေးမှာတဲ့လား။ လက်နက်နဲ့ မတော်လှန်ဘဲ ပါးစပ်နဲ့ တော်လှန်မယ် ဆိုလို့ကတော့ အင်းစိန်ထောင် အလွတ်ကြီိး ကျန်သေးတယ် လို့ဘဲ ပြောလိုက်ချင်ပါတယ်။

နယ်ခြားစောင့်တပ်ဆိုတာရော အလကား ထလုပ်တာလား။ မဟုတ်ပြန်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများရဲ့ အင်အားအလုံးစုံကို လျော့ချဖို့ရာနဲ့ ပင်မစစ်တပ်ကြီးရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံ ရောက်ရှိဖို့က အဓိက ရည်ရွယ်ချက်ပါ။

လွတ်မြောက်နယ်မြေမှာရှိတဲ့ အကြမ်းမဖက် တော်လှန်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ယူမယ်ဆိုရင်ရော နယ်ခြားစောင့်တပ် ဖွဲ့ပေးပါ့မလား။ နအဖ စိတ်မဝင်စားပါ။ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းများကိုဘဲ အင်အားလျော့ချလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာကို ငြိမ်းချမ်းပါပြီဆိုတာ ပြနိုင်ဖို့သာ နယ်ခြားစောင့်တပ် ဖွဲ့ပေးခြင်း ဖြစ်ပါတယ်။

ဂျပန်လက်ထက်က အင်အားကြီးထွားလှတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို လူ၊ လက်နက်၊ အင်အား လျော့ချပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) အဖြစ် အသွင်ပြောင်းပေးလိုက်သည့် ခေတ်ဟောင်း လူလည်ကျ နည်းဗျူဟာများသုံးကာ မျက်လှည့်ပြခြင်းသာ ဖြစ်ပါတယ်။

ယခု ဗိုလ်မှူးအဆင့်ရဲ့ သေးနုပ်ပုံ၊ ထိန်းချုပ်မှုများနဲ့ ပြည့်နေပုံတွေကို တင်ပြလို့ ငြိမ်းချမ်းရေးအဖွဲ့တွေ၊ အပစ်ရပ်အဖွဲ့တွေ အနေနဲ့ ဗိုလ်မှူး အဆင့်ထက်မြင့်တဲ့ ဗိုလ်မှူးကြီးဆိုတဲ့ အဆင့်နဲ့ရော ယောင်ပြီးစိတ်ကူး မတမ်းတလိုက်ပါနဲ့၊ ထီးမိုး ဖိနပ်ဆွဲ ဘ၀က လွတ်မြောက်မယ့်လမ်း မရှိရုံမက ကျောပိုးအိတ်ပိုးပြီး တောင်တက်ရဖို့သာ ရှိပါတယ်။ နိုင်ငံတကာက Professional Solider အဆင့် မမှီပါ။
တကယ်တော့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် ခံယူချက်ပြင်းပြင်းနဲ့ တိုက်ပွဲ ဝင်နေကြသူများပါ။ အင်အား မမျှတာကို လူတိုင်းသိပါတယ်။ ဘာကြောင့် ယနေ့ အချိန်ထိ တောင့်ခံပြီး တိုက်ပွဲ ဝင်နေနိုင်ပါသလဲ။ အဲဒါဟာ ခံယူချက်ကြောင့်ဘဲ ဖြစ်ပါတယ်။ ဒီလို ခံယူချက်မျိုးနဲ့ တိုက်ပွဲဝင်နေသူများဟာ သူတို့အဆင့် ဘယ်လောက်ဆိုပြီး တိုင်းတာသတ်မှတ်လို့ မရနိုင်ပါဘူး။ တပ်ချုပ်ကြီး ဦးသန်းရွှေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်တဲ့အဆင့် သူတို့မှာ ရှိသလို ကမ္ဘာ့ခေါင်းဆောင်များနဲ့လည်း ဆွေးနွေးနိုင်တဲ့ အဆင့်အတန်း ရှိသူများ ဖြစ်ရပါမယ်။

ဒါကို နအဖက အညွန့်ချိုးကာ ဗိုလ်မှူးအဆင့်နဲ့ နှိမ်ထားပြီး လက်နက်ပေးရုံ အမြတ်ထုတ်ဖို့ ကြံနေတာ ဖြစ်ပါတယ်။ အဲ့ဒီ ထောင်ချောက်ထဲ ဝင်သွားမိလို့ကတော့ အနေကြာ မေဂျာဖြစ် (MAJOR) ဆိုတဲ့ စာချိုးလေးအတိုင်း လူမလေး ၊ ခွေးမခန့် အဆင့်လောက်နဲ့သာ ဇာတ်သိမ်းသွားရမှာ အသေအချာပါဘဲ။

စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ စဉ်းစားနေသူတွေ ငြိမ်းချမ်းရေး ယူထားသူတွေ အနေနဲ့ ပြန်လည်စဉ်းစား သုံးသပ်စေလိုတာကတော့ ကိုယ့်ရဲ့ပေးဆပ်ခဲ့တဲ့ နှစ်ကာလနဲ့ ခံယူချက်တွေကို နယ်ခြားစောင့်တပ် ဆိုတဲ့ နအဖကို အလုပ်အကျွေး ပြုရမဲ့နေရာမှာ မြုပ်နှံကြတော့မှာလား၊ မြုပ်နှံဖို့အတွက် တန်ပြီလားဆိုတာကို အလေးအနက် စဉ်းစားစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။

လူသားအားလုံး အလိမ်အညာ အလှည့်အပတ်များမှ ကင်းဝေးကြပါစေ။

စည်းလုံးခြင်းရဲ့အင်အားဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment