ondragstart="return false" onselectstart="return false"

Friday, April 15, 2011

ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်မှူးချုပ်အောင်ကြီး(၂)

ဒီကိစ္စ သူလုပ်တာ မဖြစ်အောင် သူက သက်သေအနေနဲ့ မေးတာတဲ့ သူတွေကို တိုးတိုးတိတ်တိတ် ပြောနေတာတွေ၊ ကျုပ် ပြန်ကြား နေရတယ်။

ကျုပ် နိုင်ငံခြား သွားနေတုန်းက တိုင်းပြည်ကို သူ့လက်ထဲ အပ်ခဲ့တယ်။ သူက တော်လှန်ရေး ကောင်စီရဲ့ ဥက္ကဋ္ဌဆိုပြီး နိုင်ငံခြား တိုင်းပြည်တွေကို သဝဏ်လွှာ ပို့ခဲ့တယ်။ အဲဒီမှာတင် နိုင်ငံခြားက စာနယ်ဇင်းတွေက ရေးတာပေါ့။ “ဗိုလ်ချုပ်ကြီး နေဝင်းက အရာကျသွားပြီ။ ဗိုလ်မှူးချုပ် အောင်ကြီးက အာဏာသိမ်းလိုက်ပြီ” လို့ အမျိုးစုံပဲ ရေးကြတာ။ သူ မလုပ်သင့် တာပဲ။ တော်လှန်ရေး ကောင်စီမှာ ဒုဥက္ကဋ္ဌ ရာထူးက မရှိဘူး။ သူ သုံးသင့်တာက ခေတ္တ ဥက္ကဋ္ဌ လို့ပဲ။ ကျုပ်ပြန်ရောက်တော့ ဗိုလ်တင်ဖေနှင့် ဗိုလ်ကျော်စိုးတို့က သူ့ကို ခေတ္တ ဥက္ကဋ္ဌလို့ သုံးဖို့ အကြံပေးခဲ့တယ်။ သူက နိုင်ငံခြားပို့တဲ့ သဝဏ်လွှာ တွေမှာ ခေတ္တ ဥက္ကဋ္ဌ ဖြစ်စေကာမူ ဥက္ကဋ္ဌလို့ သုံးရကြောင်း အကြောင်းပြတယ်လို့ ကျုပ် ကြားရတယ်။

ဒါကတော့ ထားပါတော့။ နောက်ဆုံး သမိုင်းက သက်သေခံ မှာပဲ။ ဗိုလ်အောင်ကြီးက ကျုပ်ကို ချောက်ကျအောင် အကြိမ်ကြိမ် လုပ်ခဲ့တယ်။ ပထမ အကြိမ်က ဂျပန်ခေတ်မှာ။ အဲဒီတုန်းက ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်နဲ့ အတူ လုပ်ခဲ့တယ်။ ကျုပ်ကို အစက အသိပေးတာ မဟုတ်ဘူး။ သူတို့ နှစ်ယောက်ကို ကျုပ်သိတာ မဟုတ်ဘူး။ ဂျပန်ကနေ ကျုပ် တိတ်တဆိတ် ပြန်လာတော့ ရန်ကုန် လျှို့ဝှက်စခန်းမှာ ကိုကျော်ငြိမ်း၊ ကိုဗဆွေတို့ကနေ တစ်ဆင့် သူတို့ နှစ်ယောက်ကို သိခဲ့ရတာ။ နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်လာတော့ BIA တပ်ဖွဲ့ပြီး အထက်မြန်မာပြည် ချီတက်တော့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပါးတော်မြဲ အဖြစ် ဗိုလ်မောင်မောင်က လုပ်ခဲ့တယ်၊ ဗိုလ်အောင်ကြီးက ကျုပ်ရုံးမှာ အရာရှိ လုပ်ခဲ့ကြပြီး ရင်းနှီးခဲ့ကြတာ။ ကျုပ် သူတို့ နှစ်ယောက်ကို သဘောကျတာ ပြောရဦးမယ်။ ဗိုလ်အောင်ကြီးက စကားပြော ကောင်းတယ်။ စည်းရုံးရေး မှာလည်း တော်တယ်။ အကင်းပါးတယ်။ လာဘ်မြင်တယ်။ ဗိုလ်မောင်မောင်ကတော့ စာသိပ်ဖတ်တယ်။ စစ်ပညာမှာ တော်တယ်။ မြန်မာလိုရော အင်္ဂလိပ်စာပါ အတော် တော်တယ်။ အထူးသဖြင့် စစ်ရုံးလုပ်ငန်း (Staff Work)မှာ စစ်တက္ကသိုလ် မတက်ရဘဲနဲ့ တော်တာ။ တပ်ဖွဲ့စည်းပုံ၊ ရုံးဖွဲ့စည်းပုံနဲ့ စစ်ဆင်ရေး စီမံကိန်း အရေးမှာတော့ ကျုပ်တို့ အထဲမှာ အတော်ဆုံးလို့ ပြောရမယ်။ ဗိုလ်အောင်ကြီးလို မဟုတ်ဘူး၊ သူက အပေါင်းအသင်း မဆန့်ဘူး။ ဘုကျတယ်။

ဂျပန်ခေတ်မှာ သူတို့နှစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ကိုကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ရာထူး ဝင်ယူကြပြီး မိန်းမတွေလည်း ရနေ၊ တစ်ဖက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂျပန် ဆန့်ကျင်ရေးကို အသံမမြည်ဘဲ လုပ်နေ ကြတာကို သူတို့ နှစ်ယောက်က မကျေနပ်၊ အားမရ ဖြစ်နေကြတယ်။ ကျုပ်က သူတို့ကို စိတ်ရှည်ဖို့၊ ခေါင်းဆောင်တွေကို ယုံကြည်ဖို့ ပြောပြီး ထိန်းနေရတယ်။ ခေါင်းဆောင်တွေ ခုလို အေးတိအေးစက်၊ နှေးနှေးကွေးကွေး လုပ်နေကြတော့ သူတို့လူတွေ တဖြည်းဖြည်းနဲ့ ကွန်မြူနစ် ဖြစ်ကုန်ပြီ။ တပ်ထဲက ဗိုလ်သိန်းတန်၊ ဗိုလ်လင်းယုံတို့၊ အာရှလူငယ်က ကိုမောင်မောင်တို့ ကြည့်ပါလို့ ပြောတယ်။ သူတို့က ကျုပ်တို့တောင် မတိုင်ပင်တော့ဘူး။ သူတို့ ခေါင်းဆောင်ပြီး ဗိုလ်ဝင်း၊ ဗိုလ်သိန်းမောင်၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သူရ၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ကြည်ဝင်းတို့နဲ့ ဂျပန်ဆန့်ကျင်ရေး လူငယ်အစု (Young Resistance Group) ဆိုပြီး တပ်ထဲမှာ လျှို့ဝှက်အဖွဲ့ ဖွဲ့ကြတယ်။ တပ်ထဲမှာ သာမက အပြင်က အာရှလူငယ်နဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ သခင်တွေကိုပါ ဆက်သွယ် စည်းရုံးပြီး ဖက်ဆစ်တွေကို တော်လှန်ဖို့ စီစဉ်ကြတယ်။ ကျုပ် ရခိုင်ဘက်က တပ်ကို သွားစစ်ပြီး ကျုပ်ရဲ့ ရှေ့တန်း စစ်ဌာနချုပ် ရှိတဲ့ အောင်လံကို ပြန်ရောက်တော့ သူတို့လူစု အစည်းအဝေး လုပ်ဖို့ ပြင်နေတာ တွေ့ရတယ်။ ကျုပ် အဲဒီတုန်းက တပ်မတော်ရဲ့ စစ်သေနာပတိပဲ။ အဲဒီမှာ တပ်က သူတို့ သာမက အပြင်နယ် အသီးသီးက အာရှလူငယ် စည်းရုံးရေးမှူး တွေလည်း ပါတယ်။ ကျုပ်က သူတို့ကို “ဘာလုပ်နေကြ တာလဲ” မေးတော့ ဗိုလ်အောင်ကြီးက “ဗိုလ်ချုပ်ကို စောင့်နေတာ၊ ကျွန်တော်တို့ ဂျပန်ကိုချဖို့ ပြင်ဆင်မှု အစည်းအဝေး လုပ်တော့မလို့….၊ အဲ…. ဗိုလ်ချုပ်အောင်ဆန်းက သူသွားလေရာ ဂျပန်အကြံပေး အရာရှိချုပ် တကောက်ကောက် လိုက်နေလို့ သူ့ကိုယ်စား ဒီ အစည်းအဝေးကို ဗိုလ်ချုပ်ကို ခေါင်းဆောင်တင်ပြီး မင်းတို့ လုပ်ကြလို့ မှာလိုက်တဲ့ အကြောင်း၊ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်ပြီးရင် သူ့ကို အစီရင်ခံစာ (Report) လုပ်ဖို့ မှာလိုက်ပါတယ် ဗိုလ်ချုပ်” လို့ ပြောပါတယ်။ ကျုပ်ကလည်း သူပြောတာကို ယုံလိုက်မိတယ်။ အစည်းအဝေးမှာ ကျုပ် သဘာပတိ လုပ်ပြီး ဆွေးနွေးကြ၊ အစီအစဉ်တွေ ရေးဆွဲကြ ဆုံးဖြတ်ကြပေါ့။ အဲဒီ အစည်းအဝေးက ၁၉၄၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ဂျပန်ကို ထချဖို့ ဆုံးဖြတ်ကြတယ်။ ကျုပ်က ပြင်ဆင်ဖို့ အချိန်ပိုရအောင် ဇွန်လအစား ဇူလိုင်လ ၂၂ ရက်နေ့ပြောင်းဖို့ ကျုပ်ကပြောတော့ သူတို့ လက်ခံကြတယ်။ ကျုပ် ဗိုလ်ချုပ်အောင်ဆန်းဆီ သွားပြီး ဆုံးဖြတ်ချက်တွေကို အစီရင်ခံဖို့ ပြင်နေတုန်း ဗိုလ်ချုပ်ဆီက ကျုပ်ကို သူ့ရုံးခန်းမှာ လာတွေ့ဖို့၊ ဗိုလ်မောင်မောင် ကိုလည်း ခေါ်ခဲ့ဖို့ မြင်းဗိုလ်ကျော်က လာပြောတယ်။ ကျုပ်လည်း ဗိုလ်မောင်မောင် နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ရုံးခန်းမှာ သွားတွေ့ခဲ့တယ်။

ဗိုလ်ချုပ်က ကျုပ်ကို တွေ့တွေ့ချင်း “ခင်ဗျား လူကြီးတစ်ယောက် လုပ်ပြီး သူတို့ပြောတာ လျှောက်လုပ်နေ၊ ဂျပန် အဖမ်း ခံရပြီး အကုန် အသတ်ခံရမယ်။ ဘာအစီအစဉ်မှလည်း မရှိ၊ အချိန်လည်း မကျသေး၊ ဘယ်အဖွဲ့နဲ့မှလည်း မညှိဘဲနဲ့ သောက်ရမ်း ထချလို့က အောင်မြင်မှာလား၊ ဒီလောက်မှ မသိကောင်းလား” ဆိုပြီးတော့ ကြိမ်းတော့တာပဲ။ အဲဒီနောက် ဗိုလ်အောင်ကြီးက သူ မရှိဘူး၊ မသိဘူး၊ သူက မန္တလေး ဗိုလ်ဗထူးဆီ ရောက်နေတယ်လို့ ပြောတယ်။ ဒါနဲ့ ကျုပ်နဲ့ ဗိုလ်မောင်မောင် ဖိ အကြိမ်းခံနေရတယ်။ ကျုပ်လည်း ဒီတော့မှ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့ ကျုပ်ကို ပရိယာယ် ဆင်ပြီး ချောက်ချလိုက်တာမှန်း သိတော့တယ်။ ကျုပ်က အဖြစ်မှန်ကို ဖွင့်မပြောတော့ပါဘူး။ ကျုပ်နောက်မှ သိရတာက သူတို့ အစီအစဉ် အားလုံးကို စီစဉ်ပြီး ဂျပန်ကို ထချခါနီးမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဖွင့်ပြောမယ်၊ သဘော မတူရင် ဗိုလ်ချုပ်ကို ဖမ်းချုပ်သွားမယ် ဆိုတဲ့အထိ ကြံစည်ထားတာကိုး။

ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း ဘာမှ ပြန်မပြောသာဘူးပေါ့။ ဗိုလ်ချုပ်က ကျုပ်ကို “ခင်ဗျားကို ယုံလို့ တပ်အပ်ထားတာ မဖြစ်တော့ဘူး။ ခင်ဗျား စစ်သေနာပတိထွက်၊ စစ်ဦးစီးပဲ သွားလုပ်တော့”လို့ ပြောပြီး ကျုပ်ကို စစ်သေနာပတိ ရာထူးက ဖြုတ်ပစ်လိုက်တယ်။

ကျုပ်က ဘာမှ စောဒက မတတ်တော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း အမိန့်နဲ့ အပြစ်ပေး ခံရတာကို ကျေကျေနပ်နပ်ကြီး ခံလိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်း အိမ်မှာနေတဲ့ ဗိုလ်ရဲထွဋ်ကို ကျုပ်ရှေ့မှာပဲ “ဟေ့ - ရဲထွဋ် ခုချက်ချင်း မင်း မန္တလေး ဗထူးဆီသွား၊ ဇူလိုင် ၂၂ ရက်နေ့ အစီအစဉ် ဖျက်လိုက်ကြောင်း သွားပြောချေ။ နောက် ငါ့ဆီက အမိန့်မရဘဲ ဘာမှ မလုပ်ဖို့ ပြောခဲ့လို့” အမိန့် ပေးလိုက်တယ်။

ကျုပ်က ကြားဖြတ်ပြီး “ဟေ့ - ရဲထွဋ်၊ မင်းကားစုတ်နဲ့ဆိုရင် တော်တော်နဲ့ ရောက်မှာမဟုတ်ဘူး။ ငါ့ကားယူပြီး ငါ့ ဒရိုင်ဘာလည်း ခေါ်သွား” လို့ ပြောလိုက်တယ်။ (နောင်အခါ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို ဗိုလ်မှူးရဲထွဋ် (ရဲဘော် သုံးကျိပ်)က အောက်ပါအတိုင်း ပြောပြပါတယ်။ “ဗိုလ်မှူးကြီး နေဝင်းရဲ့ ကားက ချက်ပလက်၊ ပစ္စတင် ခြောက်လုံးဆွဲ၊ အနီရောင်ကားကြီး၊ စက်ကလည်း အားကောင်းတယ်။ ဒရိုင်ဘာကလည်း သူ့ ဒရိုင်ဘာပဲ။ ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း အမိန့်အရ ချက်ချင်း ခရီးထွက်ခဲ့တယ်။ ကားပေါ်မှာ ကျွန်တော်၊ ကျွန်တော့် ဒရိုင်ဘာ၊ ဗိုလ်မှူးကြီး နေဝင်းရဲ့ ဒရိုင်ဘာ၊ လမ်းမှာ သုံးယောက် တစ်လှည့်စီ မောင်းခဲ့ကြတယ်။ ဓါတ်ဆီထည့်၊ ကားတိုင်ကီ ရေထည့်၊ သေးပေါက် ချီးယိုတာက လွဲရင် ကားမရပ်ဘူး။ ကျောက်ဆည်ရောက်ပြီး ဆက်ထွက်ခဲ့ကြတယ်။ မြစ်ငယ်တံတား ကျိုးနေတော့ တံတားဦးကို ဒွေးလှလမ်းကနေ လှည့်မောင်းပြီး တံတားဦးမှာ ကားထားခဲ့၊ မြစ်ငယ် (ဒုတ္ထဝတီ) မြစ်ကို ဖောင်နဲ့ကူးပြီး မန္တလေး ဘုရားကြီးအရောက် မြင်းလှည်းနဲ့ သွားခဲ့ရတယ်။ ဘုရားကြီးမှာ ဗိုလ်မှူးဗထူးရဲ့ အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ် ရောက်တာနဲ့ ဗိုလ်မှူးဗထူးနဲ့ နှစ်ယောက်ချင်း တွေ့ပြီး ဗိုလ်ချုပ်မှာတာကို ပြော၊ “ဗိုလ်ချုပ်အောင်ဆန်း အမိန့်ကို ဗိုလ်မှူးရဲထွဋ် ပြောတာ နားလည်ကြောင်း၊ အမိန့်အတိုင်း ဆောင်ရွက်ပါသည်” ဗထူးဆိုပြီး လက်မှတ်ထိုးထားတဲ့ စာတစ်စောင် ပေးလိုက်ပါတယ်။

အဲဒီကနေ ချက်ချင်း ပြန်ထွက်ခဲ့ပြီး နောက်တစ်နေ့ ညနေလောက်မှာ ရန်ကုန် ပြန်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော် သတင်းပို့ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ဆက်ပြောပါသည်။

“ဗိုလ်အောင်ကြီးက ကျုပ်ကို အဲဒီ တစ်ကြိမ်တည်း ချောက်ချတာ မဟုတ်ဘူး၊ နောက်တစ်ခါလည်း လုပ်သေးတယ်။ ၁၉၄၅ ခုနှစ် မေလ ရန်ကုန်သိမ်း အပြီးမှာပေါ့။ ဧပြီလကုန် လောက်မှာ ထင်တယ်။ ကျုပ်တို့ရဲ့ တိုင်းအမှတ် (၂) ဌာနချုပ် တွံတေးကို ရောက်ရောက်ချင်းပဲ ဗြိတိသျှ ထောက်လှမ်းရေး တပ်ဖွဲ့ (၁၃၆)က ကြိုးမဲ့ ကြေးနန်းတစ်စောင် ဝင်လာတယ်။ ‘မေလ ၁ ရက်နေ့ ရန်ကုန်အရောက်၊ ရန်ကုန်မြစ်ဝ သခွတ်ဝ (Elephant Point)ကို ကြိုးမဲ့ ကြေးနန်းစက်နဲ့ တပ်စုတစ်စု တာဝန်ခံ တစ်ဦး အုပ်ချုပ်ပြီး အမြန်လွှတ်ပါ” ဆိုတဲ့ အကြောင်းကြားစာ ရတယ်။ ကျုပ်လည်း ဗိုလ်အောင်ကြီးကို တာဝန် ပေးလိုက်တယ်။ ဒေးဒရဲ ချောင်းဖျားရွာ အနီးမှာ လေထီးဆင်းခဲ့တဲ့ ကိုဘသောင်းကိုလည်း ဗိုလ်အောင်ကြီး နဲ့အတူ ထည့်လိုက်တယ်။ ကြိုးမဲ့ ကြေးနန်းစက်ကိုင် ချင်းကလေး ချာလီလည်း ပါသွားတယ်။ တပ်စုကို အုပ်ချုပ်သွားတဲ့ သူကတော့ တပ်စုမှူး ဗိုလ်ကြည် ဖြစ်တယ်။

ဗိုလ်အောင်ကြီး ခေါင်းဆောင်တဲ့ အဲဒီအဖွဲ့ဟာ မေလ ၁ ရက်နေ့ နံနက် သခွတ်ဝမှာ လေထီးနဲ့ ဆင်းလာကြတဲ့ ဂေါ်ရခါး ကွန်မင်ဒို တပ်ရင်းကို ကြိုဆိုခဲ့ကြရတယ်။ ဂျပန်နဲ့ တိုက်ပွဲ အနည်းငယ် ဖြစ်ပြီး ဗြိတိသျှ ရေတပ်က ရန်ကုန်မြစ်ဝကို ဝင်လာတယ်။ အဲဒီ ရေတပ်နဲ့ ဗိုလ်အောင်ကြီးဟာ နောက်နှစ်ရက် အကြာ မေလ ၃ ရက်နေ့မှာ ရန်ကုန်ကို ဗြိတိသျှတပ် နဲ့အတူ ရောက်ခဲ့တယ်။ အဲဒီလို ရန်ကုန် ရောက်တာနဲ့ ဗိုလ်အောင်ကြီးဟာ ကိုကျော်ငြိမ်း၊ ကိုဗဆွေ (ထားဝယ်) တို့နဲ့ အဆက်အသွယ် ရခဲ့တယ်။ ကိုထွန်းစိန် (မိတ္ထီလာ)၊ ဦးခင်မောင်လတ် (ဒေါ်ခင်မျိုးချစ်၏ ခင်ပွန်း)၊ ကိုထင်ဖတ် (စာရေးဆရာ မောင်ထင်)တို့ အကူအညီနဲ့ ဗိုလ်အောင်ကြီး ဘာလုပ်သလဲ ဆိုရင် ‘မေလ ၁ ရက်နေ့မှာ’ ဗမာ့ တော်လှန်ရေး တပ်မတော်က ရန်ကုန်ကို သိမ်းလိုက်ပြီ ဆိုတဲ့ ကြေညာချက် တစ်စောင်ကို ရိုက်ပြီး အဲဒီ ကြေညာချက်တွေကို ရန်ကုန် တစ်မြို့လုံးမှာ လိုက်ကပ်ကြတယ်။ သတင်းစာမှာလည်း ထည့်တယ်။ အင်္ဂလိပ်လို ဦးခင်မောင်လတ်ကို ဘာသာပြန်ခိုင်းပြီး ဗိုလ်အောင်ကြီးက အဲဒီ ကြေညာချက်ကို အသံလွှင့်ခဲ့တယ်။ အဲဒီ ကြေညာချက်ကို ဗိုလ်အောင်ကြီးဟာ ကိုကျော်ငြိမ်းတို့နဲ့ တိုင်ပင်ပြီး ရေးတယ်လို့ ပြောတယ်။ ပြဿနာက ကျုပ်အမည်ကို တပ်ပြီး ‘ဗမာ့ တော်လှန်ရေး တပ်မတော် စစ်ဦးစီးချုပ်’ ဆိုတာပဲ။ ကျုပ်ကို အသိမပေးဘဲ သူလုပ်လိုက်တာ။

၁၉၄၅ ခုနှစ် မေလ ၁၈ ရက်နေ့ မိတ္ထီလာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ အမှတ် (၁၄) တပ်မတော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး ဆလင်းနဲ့ တွေ့ကြတော့ ရန်ကုန်သိမ်းတဲ့ ကိစ္စ အမေးခံရ၊ အပြောခံရတယ်လို့ ပြောတာပဲ။ ဆလင်းကတော့ မမေးဘူး၊ သူ့ရဲ့ စစ်ဦးစီး ဗိုလ်ချုပ် တစ်ယောက်က မေးတယ်။ ‘ရန်ကုန်သိမ်းဖို့ ဗြိတိသျှ ဗိုလ်တပ်သားတွေ အသက်ပေါင်း များစွာ သေကြေ ဒဏ်ရာရအောင် တိုက်ခဲ့ရတယ်။ မေလ ၁ ရက်နေ့မှာ ရန်ကုန်ကို ဗမာ့တပ်မတော်က သိမ်းလိုက်တယ် ဆိုတာ မမှန်ဘူး။ ဗိုလ်မှူးကြီးနေဝင်း ဆိုတာ ခင်ဗျားရဲ့ စစ်ဦးစီးချုပ်လား’လို့ ဗိုလ်ချုပ်ကို မေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်ရဲ့ စစ်ဦးစီးချုပ်ဟာ ဗိုလ်မှူးကြီးနေဝင်း မဟုတ်ပါ။ သူဟာ အမှတ် (၂) ဒေသရဲ့ တိုင်းမှူးသာ ဖြစ်တယ်။ ကျုပ်ရဲ့ စစ်ဦးစီးချုပ် ကတော့ ဗိုလ်မှူးကြီးဇေယျ ဖြစ်တယ်။ ကျုပ် ဒီ ထွက်လာတော့ ကမ္မမြို့နယ်မှာ ကျန်ရစ်ခဲ့တယ်။’ ဗြိတိသျှ ဗိုလ်ချုပ်က ‘ဒါဟာ တာဝန်မဲ့တာပဲ၊ တပ်စည်းကမ်းအရ အရေးယူသင့်တယ်’ လို့ ပြောတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျုပ် ရန်ကုန် ပြန်ရောက်တာနဲ့ ဒီကိစ္စ စုံစမ်းပြီး အရေးယူပါ့မယ်’ ကတိ ပေးခဲ့ရတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မေလ ၁၉ ရက်နေ့မှာ ရန်ကုန် ပြန်ရောက်ပြီး ကျုပ်ကို တွေ့တာနဲ့ ‘ခင်ဗျား ရန်ကုန်ကို သိမ်းတယ်ဆိုတဲ့ ကြေညာချက်ကို အသံလွှင့်ခဲ့တယ်။ ဗမာ့ တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဆိုပြီး ခင်ဗျားရဲ့ နာမည်နဲ့ အသံလွှင့် ခဲ့တယ် ဟုတ်လား’လို့ မေးခဲ့တယ်။ ကျုပ်လည်း အဖြစ်အပျက်ကို ရှင်းပြမယ် လုပ်တုန်း ဗိုလ်ချုပ်အောင်ဆန်းက ‘ခင်ဗျား တပ်က ထွက်တော့ဗျာ’ လို့ စိတ်ဆိုးဆိုးနဲ့ ပြောခဲ့တယ်။ ကျုပ်လည်း ပြန်ရှင်းမနေတော့ဘဲ ‘ဟုတ်ကဲ့ ဗိုလ်ချုပ်’ ဆိုပြီး ထွက်လာခဲ့တယ်။ အဲဒီနေ့ နေ့လယ်မှာ ဗိုလ်အောင်ကြီးနဲ့ တွေ့တော့ ‘ကဲ - ဗိုလ်အောင်ကြီး၊ ကိစ္စကတော့ ရှုပ်ကုန်ပြီ၊ ခင်ဗျားတို့ ကျုပ် မသိဘဲ ကျုပ်ကို ရာထူးတိုးပေးပြီး စစ်ဦးစီးချုပ်လို့ ဆိုကာ ရန်ကုန်ကို သိမ်းတယ်လို့ ကြေညာချက်ထုတ်၊ အသံလွှင့်တဲ့ ကိစ္စကြောင့် ဗိုလ်ချုပ်က ကျုပ်ကို တပ်က ထွက်ခိုင်းလိုက်ပြီ။ ခင်ဗျားပဲ သွားရှင်းတော့၊ ကျုပ်တော့ စိတ်ကုန်ပြီ၊ တပ်က ထွက်ပြီး အေးအေးပဲ နေတော့မယ်’ လို့ ပြောလိုက်တယ်။

ဗိုလ်အောင်ကြီး မျက်စိ မျက်နှာပျက်ပြီး ကျုပ်ကို ‘ဒီကိစ္စ ကျွန်တော်နဲ့ ကိုကျော်ငြိမ်းနဲ့ တိုင်ပင်ပြီး ကောင်းမယ် ထင်လို့ လုပ်ခဲ့ကြတာပဲ။ ကျွန်တော် တာဝန်ယူပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဆီ သွားပြီး ရှင်းပြပါ့မယ်’ လို့ ပြောပြီး ဗိုလ်အောင်ကြီး လည်း ဗိုလ်ချုပ်အောင်ဆန်း ဆီကို ထွက်သွားတယ်။

နောက် မကြာဘူး၊ ဗိုလ်အောင်ကြီး မျက်နှာရွှင်ရွှင်နဲ့ ပြန်ရောက်လာတယ်။ ‘အဲဒီ ကိစ္စက ပြီးသွားပြီ၊ တပ်က ထွက်ဖို့ မလိုတော့ဘူး’ လို့ ပြောပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘သူ့ကို ကျုပ်ဆီ လွှတ်လိုက်လို့ မှာလိုက်ပါတယ်’ လို့ ပြောလာပါတယ်။ အဲဒီကိစ္စက ဒီမှာတင် မပြတ်သေးဘူး။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) ကန္ဒီ အစည်းအဝေးမှာ အရှေ့တောင်အာရှ မဟာမိတ် တပ်ပေါင်းစုရဲ့ စစ်သေနာပတိ ရေတပ် ဗိုလ်ချုပ်ကြီး မောင့်ဘတ်တန်နဲ့ တွေ့တွေ့ချင်း ဗိုလ်ချုပ်အောင်ဆန်းက ကျုပ်ကို လက်ညှိုးထိုးပြပြီး ရယ်ရွှန်းပတ်ရွှန်းနဲ့ ‘ရန်ကုန်သိမ်းတယ် ဆိုတာ ဒီလူပေါ့’ လို့ ပြောလိုက်တယ်။ အားလုံးကလည်း ဝါးကနဲ ရယ်လိုက်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ‘ဗိုလ်မှူးကြီး နေဝင်းဟာ တမင် ကိုယ့်တပ်ကို ဂုဏ်ဖော်ပြီး ဗြိတိသျှတပ်ကို နှိမ့်ချတာ မဟုတ်ပါ’ လို့ ရှင်းပြလိုက်တယ်။ မောင့်ဘက်တန် ကလည်း ဒီကိစ္စကို ရေးကြီးခွင်ကျယ် ပြောမနေတော့ဘဲ ‘ဒီကိစ္စဟာ အရေးမကြီးပါ’ လို့ ပြောခဲ့တယ်။

( ဒါကတော့ နှစ်ဦးကြား ပြဿနာများနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ အပြောဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးရဲ့ အပြောများကိုတော့ အောင်စုတင် ကွဲပြီးနောက် ထုတ်ဝေခဲ့တဲ့ ဦးအောင်ကြီးရဲ့ သမိုင်းဝင်ပေးစာများ ဆိုတဲ့ စာတမ်းမှာ ဖတ်နိုင်ပါတယ်။ ပိတောက်မြေ)
စစ်အစိုးရ အာဘော်တွေ အမြဲတင်ဆက်နေတဲ့ ပိတောက်မြေဘလောက်မှ ပြန်လည်ကူးယူဖေါ်ပြသည်။
http://padaukmyay.blogspot.com/

No comments:

Post a Comment