ondragstart="return false" onselectstart="return false"

Tuesday, April 26, 2011

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား

ဒီဆောင်းပါးကို Arakan Review သတင်းစာမျက်နှာမှ ပြန်လည်းကူးယူဖေါ်ပြပါသည်။
xxxxxxxxxxxxxxxxx

ခိုင်လင်း (မေဃ၀တီ)

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ငြင်းဆန် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာ နိုင်ငံအဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ မြန်မာ (ဗမာ) စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။ ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံခဲ့တယ်။

(၁၉၇၄) ဖွဲ့စည်းပုံရော၊ (၂၀၀၈) ဖွဲ့စည်းပုံပါ တပါတီအာဏာရှင်စနစ်ကို အခြေခံထားတယ် ဆိုတာထက် မဟာလူမျိုးကြီးဝါဒ ကြီးစိုးရေးကို အခြေခံထားတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ တချို့က အဲဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်စနစ် တည်တံ့ရေး၊ စစ်တပ်လွှမ်းမိုးရေး၊ လူတချို့ ကောင်းစားရေး စသည် အားဖြင့် သုံးနှုန်း ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ တကယ့် အနစ်သာရက မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးသာ ဖြစ်တယ်။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်တယ်ဆိုတာကို ကွဲပြားစွာ မြင်ဖို့လိုတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေဟာ တပ်မတော်ထဲမှာ ရှိသလို အတိုက်အခံတွေ ထဲမှာလည်း ရှိကြတယ် ။ ထို့အတူ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ သာမန်လူထုတွေထဲမှာလည်း ရှိကြတယ်။ ရှမ်း ၊ ရခိုင် ၊ မွန် ၊ ကရင် ၊ မြန်မာ (ဗမာ) အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ ယုံကြည်ထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေ ရှိသလို လက်မခံတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေလည်း ရှိတယ်ဆိုတာ (၁၉၄၈) လွတ်လပ်ရေးရသည်မှ ယနေ့ကာလအထိ နိုင်ငံရေး အခင်းအကျင်းတွေက သက်သေပြနေတယ်။ ဒါကြောင့် တပ်မတော် လွှမ်းမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးလွှမ်းထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒ (မဟာလူမျိုးကြီးဝါဒ) လွှမ်းမိုးရေးအယူအဆကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ် ဆိုတာကို ပြောလိုတယ်။

ဆိုတော့ မဟာလူမျိုးကြီးဝါဒဆိုတဲ့ဝေါဟာရကို သုံးစွဲခြင်းဟာ မြန်မာ (ဗမာ) အမျိုးသားတွေကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာ နားလည်စေ ချင်တယ်။ ထို့အတူ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာကိုလည်း ကွဲပြားစွာ သိဖို့လို ပါတယ်။ ဒီလို ကွဲကွဲပြားပြားသိမှ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ရှိနေတဲ့ အဖုအထစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။ မြန်မာ (ဗမာ) အမျိုးသား အပါအ၀င် အခြားသော မွန်၊ ကရင်၊ ရှမ်း၊ ရခိုင် စတဲ့ အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ပြောဆို တိုက်ပွဲဝင်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ်လို့  ၀ါဒဖြန့် နေသူတွေ ယုံကြည်နေသူတွေဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ယုံကြည်သူတွေ ဖြစ်တယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်။ တနည်းအားဖြင့် ပြောရရင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ ရှိနေတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေရဲ့ ပန်းတိုင်ဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးထက် မဟာလူမျိုး ကြီးဝါဒ လွှမ်းမိုးရေးဝါဒ အမြစ်ပြတ်ရေးက ပိုလို့ အရေးကြီးပါတယ်။

ဒီလို ဘာကြောင့် ပြောရသလဲဆိုတော့ (၁၉၄၇) ခု ပင်လုံညီလာခံရဲ့ သဘောတူညီမှုတွေကို ခေတ်သစ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းက ငြင်းပယ်ထားလို့ ဖြစ်တယ်။ ပင်လုံ ညီလာခံရဲ့ သဘောတူညီချက်တွေဟာ သီးခြားတည်ရှိခဲ့တဲ့ သမိုင်း ဖြစ်စဉ်တွေ အရ ပေါ်ပေါက်လာသလို အနာဂတ်ရဲ့ ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သီးခြား တည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ချန်လှပ်ထားလို့ မရဘူး။ အနာဂတ် နိုင်ငံတော်ဟာ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုး စေချင်တယ်ဆိုရင် မြန်မာ (ဗမာ) အပါအ၀င် တိုင်းရင်းသား ပေါင်းစုံဟာ နိုင်ငံရေးအရ တန်းတူဖို့လိုသလို ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလိုတည် ဆောက်ဖို့ ဘာကြောင့် လိုအပ်သလဲဆိုတော့ (၁၉၄၈) လွတ်လပ်ရေး မတိုင်ခင်က သီးခြားဖြစ်တည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်တွေကို ချပြရသလို ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကိုလည်း ချပြရတယ်။ ဒီနေရာမှာ အလျဉ်းသင့် ပြောချင်တာ တခုရှိတယ်။ ကျနော့် ဆောင်းပါးတွေမှာ အနာဂတ်အကြောင်းတွေ ပြောရင်း အတိတ်က အခြေအနေတွေကို ချပြတော့ အဖွဲ့အစည်းတခုက ခေါင်းဆောင်ဟောင်းက သူ့ဆောင်းပါးမှာ ယဉ်ကျေးမှု ရှေးကျခြင်း ဘာညာတွေ ပြောနေခြင်းဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမှာ အရေးမပါကြောင်း တုန့်ပြန်ပြီး ရေးတာ ဖတ်လိုက်ရပါတယ်။ ကျနော့်နာမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကျနော့် ဆောင်းပါးကို တုန့်ပြန်တယ်ဆိုတာ ကျနော် သဘောပေါက်တယ်။ ဆိုတော့ အထက်က ကျနော်ပြောသလိုပဲ ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကို ချပြရသလို မသိသေးတဲ့ မျိုးဆက်သစ်တွေကိုလည်း ချပြရတယ်။ တဖက်မှာလည်း အတိုက်အခံလို့ ပြောပေမယ့် တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ပုံစံမျိုးကို မလိုလားတဲ့ လူတွေ ရှိတယ်ဆိုတာ ကျနော် ပြောဖူးတယ်။ အဲဒီလို လူတွေကိုလည်း နားလည် အောင်ပြောရပြန်တယ် ။

မြန်မာ (ဗမာ) အမျိုးသားတွေထဲမှာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ် ထားတဲ့သူတွေ ဆိုပြီး ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရေး၊ မြန်မာ (ဗမာ) အမျိုးသားတွေဟာလည်း ပြည်နယ်တခု ဖွဲ့စည်းရေး၊ အဲဒီပြည်နယ်တွေနဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး၊ တနည်း အားဖြင့် ပင်လုံမူတွေကို အခြေခံရေး စသည်ဖြင့် ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် ဒါတွေဟာ ဗမာ မုန်းတီးရေးကို ရှေ့ရှုတယ်။ ဗမာမုန်းတီးရေးကို လှုံ့ ဆော်တယ်။ ဗမာမုန်းတီးရေးဝါဒီတွေ ဖြစ်တယ်လို့  အမြဲ အပြောခံရတယ်။ အမှန်က မဟုတ်ဘူး။ အဲဒီလို မြင်တဲ့လူတွေ ကိုယ်၌က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လိုလားတဲ့သူတွေ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။ တဖက်မှာလည်း မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လုံးဝလက်မခံဘဲ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေကလည်း ရှိပြန်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရရှိရေး သက်သက် မဟုတ်ဘဲ မတူညီတဲ့ အမျိုးသားတွေ ပေါင်းစည်းရေး၊ ညီညွတ်ရေးနဲ့ နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်လာခဲ့ခြင်း၊ လုပ်နေခြင်းဟာ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို နားလည်လို့ ဖြစ်တယ်။ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို လက်ခံနိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သင့်တယ်၊ တည်ဆောက် ရမယ်လို့ မြင်မယ်၊ ယုံကြည်ကြမယ်။

(၂၀၀၈) ဖွဲ့စည်းပုံဟာ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ချိုးနှိမ်ထားတာ ဖြစ်တယ်။ ထို့အတူ နိုင်ငံရေးအရ တန်းတူမှုကင်းမဲ့ပြီး မြန်မာ (ဗမာ) အမျိုးသားဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည် ဖြစ်စေရေး၊ ဒီဖွဲ့စည်းပုံ အတိုင်း တက်လာတဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ရေး စတဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် စစ်တပ်ကို အသုံးချရခြင်း ဖြစ်တယ်။ ဒီလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာက ဘယ်သူတွေလည်း ဆိုတော့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ မြန်မာ (ဗမာ) တွေဖြစ်တယ်။ ဆိုတော့ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ် လို့ပြောကြ ဆိုကြခြင်းဟာ ဘယ်အချက် အလက်တွေအပေါ်မှာ အခြေခံပြီး ခေါ်သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အငြင်းပွားစရာတွေ၊ မသေချာမှုတွေနဲ့ အလှမ်းဝေးနေမယ် ထင်တယ်။ အဲဒီအမျိုးသားတွေဟာ နိုင်ငံရေးအရ တန်းတူရေး ရှိပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းကြခြင်း၊ တိုက်ပွဲဝင်နေကြခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ စစ်စစ်ဟာ ဘယ်သူတွေလည်း ဆိုတော့ မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေသာ ဖြစ်တယ်။ ဒီနိုင်ငံမှာ မြန်မာ (ဗမာ) တွေသာ လွှမ်းမိုးရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ အဖြစ် ညွန်းဆို ချက်တွေဟာ ပြောင်းလဲသွားရခြင်း ဖြစ်တယ်။

ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးတယ်။ အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကိုသာ ရှေ့ ရှုရေးဆွဲထားတာ ဖြစ်တယ်။ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်စတဲ့ အမျိုးသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆိတ်သုဉ်းခဲ့မှု အပေါ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ထပ်တူ ပြည်တွင်းစစ်ကို မွေးဖွားခဲ့တယ်။ ဒီပြည်တွင်းစစ်ကို အလွန် ကျဉ်းမြောင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒီတွေက မျိုးဆက် အဆက်ဆက် ကိုလိုနီဆိုးမွေလို့ ကမ္ပည်း ထိုးခဲ့ကြတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိတ်သုဉ်းမှု အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တော်လှန် စစ်ပွဲတွေကို ချိုးနှိမ် လိုက်တာဖြစ်တယ်။ ဆိုတော့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေက (၁၉၈၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်စတဲ့ အမျိုးသားတွေ ကတော့ (၁၉၄၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆို ကြပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်းတွေ အရ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိတဲ့ မြန်မာ (ဗမာ) တွေမှ အပ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ)၊ မွန်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အတွက်ကတော့ တော်လှန်ရေးဟာ မပြီးဆုံး သေးပါဘူး။ စစ်တပ် လွှမ်းမိုးရေးကို အရေခြုံထားတဲ့ မဟာဗမာ လွှမ်းမိုးရေးအယူအဆဟာ နက်ရှိုင်းစွာ တည်ရှိနေတယ် ဆိုတာ သဲကွဲစွာ မြင်ဖို့ လိုမယ် ထင်ပါတယ်။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်လည်း ပေါ်ထွက်လာပြီ ဆိုတော့ ဒီအောင်ပွဲဟာ တတိယအောင်ပွဲ (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အဲဒီအမေးရဲ့ အဖြေဟာ အချိန်ကာလတခုကို ဖြတ်သန်း ပြီးတဲ့အခါ အဖြေဟာ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပါ။ ပြီးတော့ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ စတဲ့ အမျိုးသားတွေနဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအယူအဆကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ) တွေကတော့ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေ ကြမှာပါ။ ။

ခိုင်လင်း (မေဃ၀တီ)
ကွာလာလမ်ပူ
(၄ ၊ ၄ ၊ ၂၀၁၁)
မူရင်းလင့် - http://arakanreview.net/?p=3098#commentlist

No comments:

Post a Comment