ondragstart="return false" onselectstart="return false"

Saturday, August 6, 2011

“8888” ရှစ်လေးလုံး လိပ်ပြာ (သို့ မဟုတ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာ

ဒီကနေ့ ကျနော်တို့ သောသီခိုအဖွဲ့ သားများ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း အသက်ပေးလှူသွားသော ၈၈၈၈ ရှစ်လေးလုံးကျောင်းသားများကို ဂုဏ်ပြုသောအားဖြင့် ကိုထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ သီချင်းကို ဓါတ်ပုံမှတ်တမ်းများဖြင့် တည်းဖြတ်တင်ဆက်ပေးထားပါသည်။

ပို့ စ်တင်သူအနေနဲ့  ရှစ်လေးလုံးကာလမှာ ငယ်ရွယ်နေသေးတဲ့အတွက် ဘာမှမည်မည်ရရသိပ်နားမလည်ခဲ့ပါ။ တစ်နေ့ မှာ အတန်းပိုင်ဆရာမက သားတို့ သမီးတို့ နက်ဖန်က စပြီး ကျောင်းကို လာစရာမလိုတော့ဘူး ဘယ်နေ့ ပြန်ဖွင့်မလည်းဆိုတာလည်း ဆရာမတို့ မသိဘူး လို့ ပြောလိုက်တာနဲ့  နောက်ဆုံးခုံတန်းမှာထိုင်နေတဲ့ ကျနော်တို့ အုပ်စုက ဝေး…..ဆိုပြီးထအော်ပါတော့တယ်.. တိုင်းပြည်မှာဘာတွေဖြစ်နေတာလည်းနားမလည်ခဲ့ ကျောင်းပိတ်တာကို အပျော်ကြီးပျော်ခဲ့တဲ့သူပါ။ အံဆွဲထဲမှာ ထည့်ထားတဲ့ ကိုရဲ့ ဂေါ်လီလုံးတွေကို ကဗျာကယာ သိမ်းကြုံးပြီး လွယ်အိတ်ထဲထည့် တချိုးတဲ့ အိမ်ကို ပြန်ခဲ့တာ အမှတ်ရနေဆဲပါ။ အဲတာက ရှစ်လေးလုံးကာလက တို့ အတွက်ကျောင်းပိတ်ပွဲ့ လေးပေါ့။
အမျိုးသားရေးတို့  နိုင်ငံရေးတို့ ဆို ဘာတစ်ခုမှနားမလည်ခဲ့ပါ။ သို့ ပေသော်လည်း ဘ၀ကိုဖြတ်သန်းရင်း ဗမာ့တပ်မတော်က ပေးတဲ့ သင်ခန်းစာမြောက်များစွာတွေကြောင့် ကိုလည်းစာတတ်လာခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ် တပ်မတော်။ သို့ မဟုတ်ရင် ကျနော်လို ကရင်က နိုင်ငံရေး အမျိုးသားရေးကို စိတ်ဝင်စားခဲ့အုံးမှာမဟုတ်ဘူး… အခုတော့မင်းတို့ ကိုတောင် ပြန်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။ ဗိုလ်ချူပ်မှူးကြီး မောင်အေး ကို ကျနော် ကျေးဇူးအတင်ဆုံးပါ။ အဲတာက တီဗီဖန်သားပြင်မှာ ကရင့်အမျိုးသားအလံကို မိုက်ရိုင်းစွာ နင်းပြခဲ့လို့  ထိုနေ့ ထိုအချိန်ကစပြီး ထိုမြင်ကွင်းလေးက ကျနော်အတွေးအခေါ်တွေ ပြောင်းလည်းသွားစေတယ်ဆိုရင် မမှားဘူးပေါ။ ဒီအကြောင်းတွေကို ကြုံရင် နောင်မှဆက်ရေးမယ်။

အခုဆက်ပြောမှာက ရှစ်လေးလုံး လိပ်ပြာလေးတွေ အကြောင်းပါ။ သူတို့ နဲ့ အတူတိုက်ပွဲမ၀င်ခဲ့ရပေမယ့် စစ်အာဏာရှင်တွေကို တော်လှန်ရင်းအသက်ပေးသွားတဲ့ သူတွေကို ကျနော်တို့ ဂုဏ်ယူမှတ်တမ်းတင်ပါတယ်လို့ ပြောပါရစေ။ ကျနော်ငယ်ငယ်ကပေါ့.. ညနေစောင်းမှာ လိပ်ပြာလေးတစ်ကောင်က အိမ်ထဲကို ၀ဲပျံလာပြီး နံ့ ရံတွေပေါ် ဟိုပြေးကပ်ဒီပြေးကပ်နဲ့ ပေါ့.. ကျနော်က အဖေ့ပုဆိုးကို သွားပြေးဆွဲပြီး ခုန်ဆွခုန်ဆွနဲ့  လိပ်ပြာလေးကို လိုက်ရိုက်ပါတော့တယ်။ ထိုအချိန် မေမေက ဟဲသား လိပ်ပြာလေးကို မရိုက်နဲ့ ဆိုပြီးအမေက လှမ်းတားတော့ ဘာဖြစ်လည်း မိုးမိုး လို့ ကျနော် ပြန်မေးခဲ့ပါတယ်။ မေမေ ပြန်ဖြေလိုက်တာက “သား ဒီကနေ့ ဟာ သားရဲ့ဖွားဖွား ဆုံးသွားတာ ၄ နှစ်ပြည့် နှစ်ပါတ်လည်နေ့ ပါ။ အဲတာ သားရဲ့ဖွားဖွားက သားသားဆီပြန်လာလည်တာနေမှာပါ” လို့ မေမေပြောခဲ့တဲ့စကားကို သွားအမှတ်ရပါတယ်။

ဒီကနေ့  ဂျပ်ဆင်ထိပ်မှာ လိပ်ပြာလေးတွေ ၀ဲပျံနေတယ်။ ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးအောက်မှာ လိပ်ပြာလေးတွေဝဲနေပါတယ်။ တခြားတိုင်းရင်းသားဒေသအပါအ၀င် ကရင်ပြည်နယ် ရှိ မာနယ်ပလော၊ ခွေးအိပ်တောင်၊ မယ်သမီခီး၊ ညောင်လေးပင်ခရိုင်၊ သံတောင်အထူးဒေသ အစရှိသဖြင့် စတဲ့နေရာတွေမှာ ၈၈၈၈ ရှစ်လေးလုံး လိပ်ပြာလေးတွေဝဲနေပါတယ်။ မယုံကြဘူးလား… သွားပြီးကြည့်လိုက်စမ်းပါ။ တကယ်လိပ်ပြာလေးတွေကိုထူးထူးခြားခြားတွေ့ ရမှာပါ။

88 မျိုးဆက်ဟောင်း မျိုးဆက်သစ်များကို တိုက်တွန်းလိုတာက အသက်ပေးသွားတဲ့ အာဇာနည်တွေကို သစ္စာမဖေါက်ဖို့ နဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေ လက်ဆင့်ကမ်းထမ်းဆောင်ဖို့ တိုက်တွန်းလိုပါတယ်။
အာဏာရှင်အစိုးရအောက်မှ ဥပဒေ အမျိုးမျိုး ဘောင်တွေအောက်မှ လွတ်လွတ်ကျွတ်ကျွတ် ဒီသီချင်းကို ရေးသားသီဆိုသွားခဲ့တဲ့ သွားလေသူ အဆိုတော် ထူးအိမ်သင်အား ကျနော်တို့ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ခုချိန်မှာ နိုင်ငံရေးရာသီအပြောင်းအလဲက ၈၈၈၈ စိတ်ဓါတ်အသစ်တဖန်မွေးဖွားပေါ်ပေါက်ဖို့ မီးစိမ်းပြနေပါပြီ။ နိုးထကြလော့ 8888 ရှစ်လေးလုံးမျိုးဆက်များ ခင်ဗျား……

PKD
www.thawthikho.blogspot.com

ကိုထူးအိမ်သင် ရေးသားဖွဲ့ ဆိုထားတဲ့ ၈၈၈၈ လိပ်ပြာလေးတွေ အကြောင်း သီချင်းလေးနားစဉ်လိုက်ပါအုံး။



Type the rest of your post here.

1 comment:

Anonymous said...

တင်ဆက်ထားပုံလေးက ရသမြောက်ပါတယ်။ ကျေးဇူးတင်ပါသည် သောသီခိုအဖွဲ့ သားများခင်ဗျား

ခိုင်သဇင်

Post a Comment