ondragstart="return false" onselectstart="return false"

Tuesday, August 16, 2011

မျှော်၊ မျှော် ကာ စောင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေး

နှင်းပန်းအိမ် | အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ကြတဲ့ လူငယ်လူရွယ်တိုင်းဟာ ဘိုးဘွားမိဘများရဲ့ နယ်ချဲ့ကို တော်လှန်တဲ့ တိုက်ပွဲ၊ တမျိုးသားလုံးရဲ့ လွတ်လပ်ရေး တိုက်ပွဲ၊ အလုပ်သမားထု ဘဝရပ်တည်မှု အတွက် ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲဂယက်တွေ
ကို အပြည့်အဝမဟုတ်သည့်တိုင် အငွေ့အသက်တော့ ခံစားကြမယ်ဆိုတာ ကျမယုံကြည်ပါတယ်။

ပြည်တွင်းစစ်မီး မငြိမ်းသေးတဲ့ ကျမတို့မြန်မာပြည်မှာ စစ်ပွဲကိုမြင်ဖူးတဲ့ စစ်ပွဲကြောင့် ခံစားနေရတဲ့ ဝေဒနာတွေကို ရင်နဲ့ထမ်းလာရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေနဲ့ ကျမတို့အတူတကွနေထိုင်ရတာ အကျီစားသန်တဲ့ ကံကြမ္မာကြောင့် မဟုတ်ရင်၊ စနစ်ကြောင့်ပါပဲ။

မွေးစကနေ အရွယ်ရောက်တဲ့အထိ ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေက ကျမအတွက် အတွေ့အကြုံအသစ် ခံစားမှုအသစ်တွေကို ပေးခဲ့တယ်။ စစ်ပွဲတွေကို ကြုံတွေ့ခံစားခဲ့ရတဲ့ သူတို့ကိုဘဝက တုန်လှုပ်
ခြောက်ခြားစရာမှန်သမျှကို ယဉ်ပါးအောင်သင်ကြားပေးလိုက်တယ်။ လောကဓံဆိုးရဲ့ ရိုက်ပုတ်မှုကို ခံနိုင်အောင် သင်ကြားပေးလိုက်တယ်။ သူတို့ ပိုင်ဆိုင်တာဆိုလို့ နာမည်ပဲရှိပါတယ်။

“ဖော်ဟဲဆေး” ဆိုတဲ့ ကရင်အမျိုးသမီး ကျောင်းသူလေးက ကျမကို ၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်း
အနားကို လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရိုးသားသန့်စင်တဲ့ တိုင်းရင်းသူလေးရဲ့ နာမည်ကို ကျမမေးကြည့်တယ်။ “ဖော်”ဆိုတာ ပန်းလို့ အဓိပ္ပါယ် ရတယ် “ဟဲ” ဆိုတာ လောကကြီးထဲကို လာတဲ့အချိန်မှာ ဘာမှမရှိဘဲ ရှင်းရှင်း လင်းလင်း မွေးဖွားလာခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဝမ်းဆွဲဆရာမ မပြောနဲ့ လက်သည်တောင် မရှိဘဲ သူ့ကို
မွေးဖွားခဲ့တာ။ “သမီးက ဘယ်ဇာတိလဲ” လို့ ကျမမေးတော့ ဖော်ဟဲဆေးက ခုလိုဖြေတယ်။ သူ့အဖြေစကားက ကျမရင်ကို ထိခိုက်စေတယ်။

“ကျမကိုယ်ကျမ ဘယ်ဇာတိလဲ ပြောရမယ်မသိဘူး ကျမကိုမွေးပြီး နောက်နေ့ အမိုးတို့ စစ်ပြေးရတာပဲ ကျမတို့ စစ်ပြေးရင်း တနှစ်တရွာ နေရတော့ ဘယ်ဟာက ဇာတိလဲ မသိတော့ဘူး။ အမိုးနဲ့ အပါးက ထိုးစစ်တိုက်စစ်မရှိ တဲ့အချိန် တောတိုးတယ်။ တောင်ယာစိုက်တယ်၊ သီးနှံထွက်ချိန် စစ်ပြေးရင်းထားခဲ့ရတာပဲ။ စစ်ပြေးရင်း စပါးသီးနှံ
တွေကိုပဲ မြင်ရတယ်လို့ အပါးက ပြောတယ်”

“ကျမက ကျောင်းတက်ချင်တယ်။ ဒုက္ခသည်စခန်းမှာ စစ်မပြေးရဘဲ ကျောင်းတက်ရတာ ကိုတော့ ပျော်ပါတယ်၊ ဒါပေမယ့် ရိက္ခာနဲ့ ဘယ်လောက် မလဲ။ အမိုးက ရက္ကန်းယက်တယ်။ ကျမတို့ မောင်နှမသုံးယောက်က ကျောင်းတက် တယ်။ အမိုးက ပြောတယ်။ ပိုက်ဆံမနိုင်ရင် ကျောင်းမတက်ဘဲ တခုခုလုပ်ရမယ်တဲ့”

ဖော်ဟဲဆေးရဲ့ ဖိတ်ခေါ်မှုနဲ့ အ.ထ.က (၁) ကျောင်းကို ကျမ ရောက်တော့ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ ဆရာမတွေက ဝမ်းပန်းတသာ ကြိုကြတယ်။

ကျောင်းဝတ်စုံ အဖြူအပြာကို ဝတ်ဆင်ထားတဲ့ ကျောင်းအုပ်ဆရာကြီး စောကာလက်က အင်းစိန်ဇာတိ။
တော်လှန်ရေးထဲ ရောက်လာတာ အနှစ် ၃ဝ ရှိပြီလို့ ဆိုပါတယ်။ ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စောဘဦးကြီးရဲ့ နောက်ဆုံးရက်ကို ပြဇာတ်ကမယ်လို့ ပြောတယ်။

သြဂုတ် ၁၂ ရပ်နေ့လည် ၁ နာရီမှာတော့ ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို စတင် ကျင်းပတယ်။
မြေကြီးပေါ်မှာ ဝါးတန်းလျားရှည်ကြီး ထိုးထားတယ်။ ကျောင်း ခေါင်းလောင်းသံကြားတော့ အဖြူအပြာဝတ်
ကျောင်းသား လူငယ်တွေ ဝါးတန်းလျားပေါ် ဆောင့်ကြောင့် ထိုင်လိုက်ကြတယ်။ စိုနေတဲ့ မြေကြီးဓာတ်က
ကျောင်းသားတွေ စိတ်ဓာတ်ကြောင့် နွေးသွားတယ်။

၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့အတွက် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကို ကရင်လို ဗမာလို နှစ်မျိုးဖတ်ပြတယ်။

“ကရင့်အမျိုးသားများအနေနဲ့ အာဇာနည်နေ့ကို ကျင်းပရခြင်းမှာ ကရင်တမျိုးသားလုံးအတွက် အသက်ပေးလှူခဲ့ရတဲ့ အာဇာနည် စောဘဦးကြီးနဲ့ အခြားသော တပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်၊ ပြည်သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့
ပေးဆပ်မှုတို့ကို အောင်းမေ့သတိရ ဂုဏ်ပြုခြင်းဖြစ်တယ်။ ကျွန်ုပ်တို့အနေဖြင့် ကရင်အမျိုးသားများ အတွက် အသက်
ပေးလှူခဲ့သော အာဇာနည်တို့အပေါ် သစ္စာစောင့်သိပြီး သူတို့ရဲ့ယုံကြည် ချက်နဲ့ ဆောင်ရွက်ချက်များကို ပြီးဆုံးအောင် ဆက်လက် ထမ်းဆောင်ရမှာဖြစ်တယ်”

“ကရင်အမျိုးသားများဟာ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားသော်လည်း ယနေ့အထိ အောင်မြင်မှု ပန်းတိုင်သို့ မရောက်ရှိသေးဘဲ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်းမှာသာ ရှိနေပါသေးတယ်။ အခက်အခဲမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံတို့နဲ့အတူ ရန်သူရဲ့ နည်းမျိုးစုံ သပ်လျှိုဖြိုခွဲမှုတွေကို ရင်ဆိုင်ရပေ
မယ့် ကရင်အမျိုးသား အစည်းအရုံးဟာ ဒီနေ့အချိန်ထိ ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိပါတယ်”

“ဒါဟာ ခေါင်းဆောင် ရဲဘော်ရဲဘက်များ၊ ကရင်ပြည်သူတို့ရဲ့ ရည်မှန်းချက်၊ အမျှော်အမြင် ယုံကြည်ချက်၊ အာဇာနည်
စောဘဦးကြီးရဲ့ မူ(၄) ချက်ကို တော်လှန်းရေးလှုပ်ရှားမှုအတွင်း နိုင်ငံရေးမူ (၄)ချက် အဖြစ် စွဲကိုင်လှုပ်ရှား တိုက်ပွဲ ဝင်ခဲ့တာကြောင့် ဖြစ်တယ်”

“ တော်လှန်ရေးသမားများနဲ့ တော်လှန်ရေးကို အားပေး ထောက်ခံနေသော ကရင်ပြည်သူတရပ်လုံး တော်လှန်ရေး သတိ၊ နိုင်ငံရေး သတိ ထားရှိကာ အတိတ်က ဖြတ်သန်းခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး
ရန်သူရဲ့ လုပ်ဆောင်မှုတွေ၊ တော်လှန်ရေး ပြိုကွဲအောင် စိတ်ဓာတ်ရေးရာ ဖြန့်ချိမှုတွေနဲ့ ကရင်ပြည်သူလူထုကို ထိပါးစေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဝိုင်းဝန်းတော်လှန်သွားရမှာ ဖြစ်တယ်”

“ ဘဝတူ တိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲ မဖြုတ်ကြဘဲ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင်သွားကြပါစို့” တဲ့။
မိန့်ခွန်းအပြီးမှာ ကရင့်အာဇာနည် စောဘဦးကြီး ပြောစကားနဲ့
ပြဇာတ်ကို စတင် ဖွင့်လှစ်လိုက်ပါတယ်။

“ကရင်ပြည်ရဖို့ နည်းလမ်းသုံးသွယ် ရှိတယ်။ (၁) ရန်သူက
စေတနာသန့်သန့်နဲ့ ပေးမယ် (၂) ရန်သူကို တိုက်နိုင်တဲ့
အတွက် (၃) ပတ်ဝန်းကျင် အခြေအနေအရ ဖိနှိပ်မှုကြောင့်ပဲ”

“ တော်လှန်ရေးရဲ့အဓိက အင်အားဟာ လူထုပဲ။ ကျနော်တို့ကို ချစ်လည်းချစ်ရမယ်၊ ကြောက်လည်း ကြောက်ရမယ်၊ ရိုလည်း ရိုသေရမယ်၊ ကျနော်တို့ရဲ့ ပျော့ညံ့မှုတွေကို ရှာပြီး ပြန်လည် ပြုပြင်ရမယ်။ (၁) လက်နက်ချစကား အလျဉ်း မပြောရ။ (၂) ကရင်လက်နက် ကရင့်လက်ထဲရှိရမယ်။ (၃) ကရင့် ကံကြမ္မာ ကရင်ဖန်တီးမယ်။ (၄) ကရင်ပြည်နယ် အသိအမှန်ပြုခြင်း ပြီးပြည့်စုံရမယ်”တဲ့။

ကျောင်းအုပ်ဆရာကြီး စောကာလက်ရဲ့ အောင်မြင်ခန့်ညားတဲ့ အသံကို နားထောင်ပြီး စောဘဦးကြီး ကိုယ်တိုင် အနားမှာလာပြောသလို ခံစားရတယ်။

ပြဇာတ်မှာ တောကားတောင်ကားမရှိဘူး။ ဇာတ်ဝင်ခန်းအတွက် ပစ္စည်းမရှိဘူး။ စကားပြောခန်းမရှိဘူး။ အမူအရာနဲ့
ပဲ သရုပ်ဆောင်ကြတယ်။ ဆရာကြီးကတော့ ဇာတ်ကြောင်း ပြောသူအဖြစ်နဲ့ ပြောပြတယ်။

ကန့်လန့်ကာ အနီနောက်ကနေ ကရင့်တော်လှန်ရေးသီချင်းသံ ထွက်ပေါ်နေတယ်။ ကျောင်းသားကျောင်းသူ ဆရာ ဆရာမတွေကိုယ်တိုင် သီဆိုနေကြတာပါ။ တေးဂီတသံ မပါပေမယ့် ရင်ထဲက လှိုက်လှိုက်လှဲလှဲ သီဆိုကြတဲ့သီချင်းမို့ သိပ်ကိုနားထောင်လို့ ကောင်းပါတယ်။

“ကျနော်ဟာ ရဲရင့်တဲ့ ကရင်စစ်သားတဦး။ ဘာမှမကြောက်ဘူး။ အသက်စွန့်သွားမယ်။ သင့်အတွက် ငါအသေခံခဲ့
တယ်” လို့အဓိပ္ပါယ်ရတယ်။ တောတောင်ထဲမှာ ဆင်းရဲပင်ပန်းစွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ခုခံစစ်ကို ဆင်နွှဲေ၏
နေတဲ့ ကရင့်တော်လှန်ရေးသမားတွေကို မြင်ယောင်လာတဲ့အထိပါ။

ကော့ကရိတ်မြို့နယ် ထိုကော်ကိုးရွာမှာ စောဘဦးကြီးရဲ့ တပ်ခွဲမှူးက လူထုဆန့်ကျင်ရေးလုပ်တယ်။ လူထုက တပ်ခွဲမှူးကို အယုံအကြည်မရှိဘူး။ ရွာသား ဟာအဲက တပ်ခွဲမှူးက ဒီလောက်နှိပ်စက်ရင် ခေါင်းဆောင်ဆို ပိုဆိုးမယ်လို့ တွေးမိတယ်။ စောဘဦးကြီး ရောက်လာတဲ့အချိန်မှာ စိန်လွင်ကို သွားသတင်းပေးတယ်။

စိန်လွင်က စောဘဦးကြီးနေတဲ့ လယ်တဲလေးကို ဝိုင်းထားတယ်။ မိုးလင်းတဲ့အချိန်မှာ စောဘဦးကြီးကို လက်နက်ချ ခိုင်းတယ် စောဘဦးကြီးက လက်နက်မချတော့ သေနတ်နဲ့ ဝိုင်းပစ်ကြတယ်။ စောဘဦးကြီးနဲ့ ဗိုလ်ချုပ် စိုင်းကေ ကျဆုံးသွားတယ်။

စောဘဦးကြီး ရုပ်အလောင်းကို မော်လမြိုင်ကို ယူသွားတယ်။ သင်္ဘောနဲ့ လေးနာရီလောက် ကြာအောင် မောင်းပြီး ပင်လယ်ထဲ စောဘဦးကြီး အလောင်းကို ပစ်ချလိုက်တယ်။

ဒီအဖြစ်အပျက်ကို ပြဇာက်နဲ့ ကပြကြတဲ့အခါ သေနတ်တွေအစား ထီးကောက်လေးတွေကိုင်ပြီး စောဘဦးကြီးကို ဝိုင်းထားတယ်။ ဗိုလ်စိန်လွင်အဖြစ် သရုပ်ဆောင်ပေးသူက ဗမာကျောင်းဆရာပါ။ စောဘဦးကြီးအဖြစ် သရုပ်ဆောင်
သူ ကျောင်းဆရာကို ထီးကောက်နဲ့ ချိန်ပြီး ပါးစပ်သေနတ်နဲ့ ဝိုင်းပစ်ကြတော့ ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရတာ
လေ။

ပြဇာတ်ကို သီချင်းနဲ့ အဆုံးသတ်ကြတယ်။

“ ငါ့ရဲ့လူမျိုး၊ ငါ့တို့ရဲ့စောဘဦးကြီး ကရင့်လူမျိုးအတွက် အသက်ပေးလှူခဲ့တယ်။ ငါတို့ကိုထားခဲ့ပြီး။ ကရင်ပြည်နယ်
တောတောင်ရေမြေ သွေးနီရဲခဲ့ပြီ။ ပြည်တွင်းစစ်အလိုမရှိ။ အိုး ... ကော်သူလေး”
http://mizzimaburmese.com/edop/songpa/8146-2011-08-16-06-18-34.html

No comments:

Post a Comment