ondragstart="return false" onselectstart="return false"

Friday, January 20, 2012

ကရင့်အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းချက် (အင်တာဗျူး) ပထမပိုင်း

အဲခေါင်သောင့်ဘလော့မှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်သည်။ http://ehkhaungthaunt.blogspot.com/2012/01/blog-post_19.html

စောသစ္စာထူး။ ။KNU ခေါင်းဆောင်တချို့ အပစ်ခတ် ရပ်စဲတာကို အဖူး စောဘဦးကြီး အားရ ကျေနပ်မှု ရပါသလား။

စောဘဦီးကြီး။ ။ အားရ ကျေနပ်မှု ရလား၊ မရလား မပြောခင် KNU ခေါင်းဆောင်တွေကို အရင်ဦးဆုံး ပြောချင်တာကတော့ အဖူးဟာ မိသားစုနဲ့တကွ စည်းစိမ် ချမ်းသာတွေကို စွန့်လွတ်ပြီးတော့ ကရင့် တော်လှန်ရေး လုပ်ခဲ့တာပါ။ အဖူး မိသားစု ချမ်းသာဖို့ သူဌေးဖြစ်ဖို့ အတွက် တော်လှန်ရေး လုပ်ခဲ့တာ မဟုတ်ဘူး။ ချမ်းသာဖို့ အတွက် တော်လှန်ရေး လုပ်ရင်တော့ ရှင်းရှင်းပဲ ပြောလိုက်မယ် လမ်းမှားနေပြီး။ အခု စစချင်း လှမ်းတဲ့ ခြေတလှမ်းဟာ မမှားဖို့ အရေးကြီးတယ်။ “ခြေလှမ်းမှားခြင်း အားလုံးထဲမှာ နိုင်ငံရေး ခြေလှမ်းမှားခြင်းဟာ အဆိုးဆုံးပဲ။” အဖူးလည်း ခြေလှမ်း မှားခဲ့သလို ဖြစ်ခဲ့ရတယ်။ ဒါကို အမျှော်အမြင် ကောင်းတဲ့ မန်းဘဇန်နဲ့ ကရင်ခေါင်းဆောင် တချို့ ပြင်လို့သာပေါ့။ သူတို့သာ မပြင်ခဲ့ဘူးဆိုရင် အဲဒီအချိန်တုန်းကပဲ ကရင့် တော်လှန်ရေးဟာ အသက်ထွက်သွားပြီး။ အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ လမ်းမှားဘက် ရောက်ဖို့ ပိုများ နေတဲ့အတွက် အားရ ကျေနပ်မှု မရှိပါဘူး။

စောသစ္စာထူး။ ။အားရကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုကို အဖူးစောဘဦးကြီး ဘယ်လိုမြင်ပါသလဲ။

စောဘဦီးကြီး။ ။အားရ ကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုဆိုတာ တစ်ဦးနဲ့ တစ်ဦး စိတ်ထဲမှာတောင် မတိုက်ရဘူး။ ဗမာနယ်မြေမှာ ကရင် လက်နက်ကိုင် မရှိရသလို ကရင် နယ်မြေမှာလည်း ဗမာ လက်နက်ကိုင် မရှိရပါဘူး။ ဒီလို အာမခံ ချက်မျိုးတွေ ရှိရမယ်။ အပစ်အခတ် ရပ်စဲတဲ့ အချိန်မှာ KNUထိမ်းချုပ် ထားတဲ့ နယ်မြေ အတွင်း လက်နက် ရိက္ခာတွေကို မဟားတရား ဖြည့်တင်းလာတာကို ကြည့်ခြင်းအားဖြင့် အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်တယ်လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ အခု အပစ်အခတ် ရပ်စဲလိုက်တာကို အဖူးစောဘဦးကြီး ထောက်ခံပါသလား။

စောဘဦီးကြီး။ ။အခုလက်ရှိအခြေအနေကို ပြောမယ်ဆိုရင် ၁၀၀ မှာ ၂၀ရာခိုင်နှုန်းပဲ ထောက်ခံပါတယ်။

စောသစ္စာထူး။ ။ဘာကြောင့် ၁၀၀ရာခိုင်နှုန်း အပြည့်အ၀ မထောက်ခံတာလဲ

စောဘဦီးကြီး။ ။အခု ကရင့် တော်လှန်ရေးကို စက်မှုဇုန်နဲ့ လဲရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဘယ်လိုမှ အပြည့်အ၀ ထောက်ခံလို့ မရဘူး။

စောသစ္စာထူး။ ။ကရင် ဒေသတွေမှာ စက်မှုဇုန်တွေ ဖြစ်လာမယ်ဆိုရင် ကရင် လူမျိုးတွေရဲ့ လူနေမှု ဘ၀ တိုးတက်လာမယ် မဟုတ်ဘူးလား။

စောဘဦီးကြီး။ ။အပေါ်ယံ ကြည့်ရင်တော့ ဟုတ်ပါတယ်။ တကယ် အတွင်း ကျကျကို ၀င်ကြည့်မယ်ဆိုရင် ဒီမိုကရေစီလည်း မရသေး၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုလည်း ဖြစ်မလာသေးဘူး။ ဘာနိုင်ငံရေး အာမခံချက်မှ မရှိသေးပဲနဲ့ စက်မှုဇုံတွေ တည်ထောင်မယ်ဆိုရင် တရုတ်၊ ကုလား၊ ဗမာတွေကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြမယ်။ အဖူးတို့ ကရင် လူမျိုးတွေကတော့ အလုပ်သမား ဘ၀ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ နယ်မြေတွေလည်း အများကြီး ပျက်စီး ဆုံးရှုံးနိုင်တယ်။ ဗမာပြည် အထက်ပိုင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေကို တရုတ်တို့ ၀ါးမြိုထားသလို အဖူးတို့ ကရင်တွေလည်း အခြားလူမျိုး ပေါင်းစုံတို့ရဲ့ ၀ါးမြိုမှုကို ခံရမယ်။ ကရင်ဒေသမှာ ထွက်တဲ့ တွင်းထွက် သဘာဝ သယံဇာတ ပစ္စည်းတွေလည်း အမျိုးပြုတ် သွားနိုင်တယ်။ ကချင်ဒေသက ထွက်တဲ့ ကျောက်စိမ်းတွင်းတွေ တိမ်ကောသလို ဖြစ်သွားနိုင်တယ်။ ပိုပြီး ရင်နာစရာ ကောင်းတာကတော့ အဖူးရဲ့ မျိုးဆက်သစ် မြေးနဲ့ မြစ်လေးတွေဟာ မူးယစ် သမားတွေနဲ့ ပြည့်တန်ဆာတွေ ဖြစ်ဖို့ ရှိတယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ လူနေမှုဘ၀ တိုးတက်မှု အစစ်အမှန် မဖြစ်နိုင်တော့ဘူး။

စောသစ္စာထူး။ ။ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများ အပစ်အခတ် ရပ်စဲတာကိုရော အဖူး ဘယ်လိုမြင်သလဲ။

စောဘဦီးကြီး။ ။ယခုချိန်မှာ ၀၊ မိုင်းလား၊ ရှမ်း၊ ချင်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အာဏာရှင်တွေ အပစ်အခတ် ရပ်စဲလိုက်တာဟာ KIAကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက် လိုက်တယ်လို့ အဖူးမြင်တယ်။ ဒါကို ပြန်လည် သုံးသပ်ကြပါ။ KIAသာ အမြစ်ပြတ်ထွက် သွားရင် အပစ် ရပ်စဲထားတဲ့ အဖွဲ့တွေလည်း အမြစ်ပြုတ် ထွက်ဖို့သာ ပြင်ထားပါ။ KIAရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးထဲမှာ စံပြအဖွဲ့ပဲ။ ဘာနိုင်ငံရေး အာမခံချက်မှ မပေးနိုင်ဘူးဆိုရင် ဘာမှ မလုပ်သေးတာ အကောင်းဆုံးပဲ။ မွန်ပြည် သစ်ပါတီလည်း KIAရဲ့ လမ်းစဉ်ကို လိုက်မယ်လို့ပဲ အဖူး မျှော်လင့်တယ်။ ဒီလမ်းစဉ်ဟာ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ပဲလို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ ဒါဆိုရင် KNUအနေနဲ့ ဘာဆက်လုပ် သင့်တယ်လို့ ထင်ပါသလဲ။

စောဘဦီးကြီး။ ။အခုအချိန်မှာ KNUဘာလုပ်သင့်သလဲ မပြောခင် ဒေါ်အောင်ဆန်းစုကြည် အခုဘာလုပ် နေသလဲဆိုတာ အရင်ဦးဆုံး ပြောမယ်။ အကျဉ်းထောင်က ထွက်လာပြီး ဒုတိယပင်လုံ ညီလာခံ လုပ်မယ်လို့ ပြောတယ်။ ဒီလုပ်ရပ်ကို အတိုက်အခံနဲ့ တိုင်းရင်းသားတွေက ထောက်ခံတယ်။ အာဏာရှင်တွေက မထောက်ခံဘူး။ ဒီလုပ်ရပ်ကို ဆက်လုပ်မယ်ဆိုရင် ဖမ်းဆီး ထောင်ချ လုပ်ကြံသတ်ဖြတ် ခံရဖို့ပဲ ရှိတယ်။ ဧရာဝတီတိုင်း စည်းရုံးရေးမှာ တကြိမ် ဒီပဲယင်းမှာ တကြိမ် လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါဟာ ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသား အားလုံး ပြန်လည်စည်းလုံးဖို့ အတွက်ဆိုရင် အသက်ကိုပင် စွန့်လွတ်ဝံ့သူလို့ အဖူး မြင်တယ်။ အခုချိန်မှာတော့ စည်းလုံးမှု ပြိုကွဲပြီး ရန်သူတွေ ဖြစ်နေကြတဲ့ ဗမာ အချင်းချင်းကို ပြန်ပြီး စည်းလုံးအောင် လုပ်နေတယ်။ အခုချိန်မှာ တိုင်းရင်းသား ကိစ္စတွေကို ဦးစား မပေးဘဲနဲ့ ဗမာ အချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး၊ ဗမာလူထု တရပ်လုံးနဲ့ ကမ္ဘာက အသိအမှတ်မပြုတဲ့ ဦးသိန်းစိန်တို့ အဖွဲ့ကို အသိအမှတ်ပြုအောင် လုပ်ပေးနေတယ်။ ဘယ်သူမှ မျှော်လင့် မထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် လက်အောက် ငယ်သားတွေကို ပြန်လွတ်ပေးတာကို ကြည့်ခြင်းအားဖြင့် သင်ပုန်ချေရေးကို လုပ်နေတယ်။ ဒီလိုပဲ ဖြစ်ရမယ်။ အဖူးတို့ ကရင်တွေလို ဗမာအချင်းချင်း ပြန်တိုက်ကြတာကို အဖူး မမြင်ချင်ပါဘူး။ ကဲ--ဒါဆိုရင် KNUက အခုချိန်မှာ သူတို့ ဘာလုပ် သင့်သလဲဆိုတာ သိလောက်ပါပြီး။ ဆက်ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်။

စောသစ္စာထူး။ ။နိုင်ငံရေးအမြင် အားကောင်းတဲ့ လူတွေက သိပေမယ့် နိုင်ငံရေး အမြင် အားနည်းတဲ့ လူတွေက အဖူးရဲ့ ဆိုလိုချက်ကို ကောင်းကောင်း မသိဘူး။ ကေအဲန်ယူ ဘာလုပ်သင့်လဲ ဆိုတာကို ကျေးဇူးပြုပြီး အသေးစိတ် ဖြေကြားပေးပါ။

စောဘဦီးကြီး။ ။နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေး အမြင် အားကောင်းတဲ့ လူမျိုးတွေက သခင်ဖြစ်မယ်၊ နိုင်ငံရေး အမြင် အားနည်းတဲ့ လူမျိုးတွေက ကျွန်ဖြစ်မယ်။ ဒါကို အရင်ဦးဆုံး သိစေချင်တယ်။ အခုချိန်မှာ ကေအဲန်ယူ လုပ်ရမှာက နှဖူးတွေ့ ဒူးတွေ့ စေ့စေ့စပ်စပ် သေသေချာချာနဲ့ အချိန်ပေးပြီး အချင်းချင်း သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးရမယ်။ တချို့ အတွေးအခေါ် အယူအဆ တွေဟာ မှားနေတဲ့အတွက် နားလည် ခွင့်လွတ်ပေးပြီး ဆွေးနွေး တင်ပြကြပါ။ ကရင့် တော်လှန်ရေးအတွက် ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း ကရင်ပြည်သူ တရပ်လုံးရဲ့ ထောက်ခံ အားပေးမှု အများဆုံး ရမှပဲ ဆုံးဖြတ်ပါ။ နောက်ထပ် အရေးကြီးဆုံး လုပ်ရမယ့် အလုပ်ကတော့ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး အပြုသဘော ဆောင်တဲ့ ဆွေးနွေးပွဲ ကြီးတခု အမြန်လုပ်ပါ။ KNUကို ထောက်ခံတဲ့ ကရင်ပြည်သူတွေ ရှိတယ်။ DKBAကို ထောက်ခံတဲ့ ကရင် ပြည်သူတွေ ရှိတယ်။ KPC ကရင် ငြိမ်းချမ်းရေး ကောင်စီကို ထောက်ခံတဲ့ ကရင်ပြည် သူတွေ ရှိတယ်။ ဒါကို KNU ခေါင်းဆောင်တွေ သိထားဖို့ လိုလာပြီး။ အခုအချိန်မှာ ကရင် တော်လှန်ရေးဟာ လမ်းဆုံ လမ်းခွကို ရောက်နေပြီး။ နည်းနည်းလေးမှ အမှားခံလို့ မရဘူး။ အခုအချိန်မှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို
၁။ ပူးပေါင်းမှုရအောင်
၂။ ညီညွတ်မှုရအောင်
၃။ တန်းတူ အခွင့်အရေး ရအောင် လုပ်ဆောင်နိုင်တဲ့ အဖွဲ့ကတော့ ကရင် သမိုင်းမှာ ရာဇ၀င် တင်ခံရမှာပဲ။ ပူးပေါင်းမှု မလုပ်နိုင်တဲ့ အဖွဲ့ကတော့ ကရင်ပြည်သူတွေရဲ့ ပစ်ပယ်ခြင်းကို ခံရမှာပဲ။ ဒါကို ၂၀၁၂ ဇန်န၀ါရီလ အတွင်းမှာပဲ လုပ်ပါ။ ဖေဖော်ဝါရီလ ၅ရက် ကရင်အမျိုးသား အစည်းအရုံးနေ့မှာ အားလုံး သဘောတူ လက်မှတ် ရေးထိုးနိုင်အောင် အပြီးသတ် လုပ်ဆောင်ဖို့ လိုတယ်။ ဗမာစစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း ရှိတယ်။ သူတို့လည်း ကရင်တွေပဲ။ ဒီဆွေးနွေး ပွဲကြီးမှာ သူတို့ကို လေ့လာ သူများအဖြစ် ဖိတ်ကြားရမယ်။ အခုချိန်မှာ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း လမ်းဆုံလမ်းခွ ရောက်သွားပြီး။ သူတို့သမိုင်း သူတို့ ဘယ်လို ရေးမလဲဆိုတာ အဆုံးအဖြတ် ပေးရမယ့် အချိန်ရောက်လာပြီး။ ပါဝင် ပူးပေါင်းမှု မလုပ်နိုင်ဘူး ဆိုရင်တော့ ကရင်ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ပိုပြီး ထပ်ခံရဖို့ပဲ ရှိတယ်။ ဒီဆွေးနွေးပွဲကြီးဟာ ကရင် လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးမယ့် ဆွေးနွေးပွဲပဲ။

စောသစ္စာထူး။ ။ ကရင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးမှာ ဘယ်သူတွေ တွေ့ကြရင် အကျိုးများ နိုင်မလဲ။

စောဘဦီးကြီး။ ။တချို့ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေဟာ အသက်ကြီးလာ လေလေ အာဏာမာန် ကြီးလာ လေလေပဲ။ ဥပမာ-KNU, DKBA, KPC ဒီခေါင်းဆောင်ကြီးတွေ တွေ့ကြရင် KNU ခေါင်းဆောင် တချို့က KPCခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်ကို သစ္စာဖောက်လို့ ပြောနိုင်တယ်။ ဗိုလ်ချုပ် ထိန်မောင်ကလည်း KNU ခေါင်းဆောင် တချို့ကို KNUကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး အတ္တသမားလို့ ပြန်ပြောနိုင်တယ်။ သူ့ကို ကိုယ်အပြစ်မြင် ကိုယ့်ကို သူအပြစ်မြင်နဲ့ ဘယ်လိုမှ အကျိုးမရနိုင်တော့ဘူး။ ကရင့် တော်လှန်ရေးမှာ ငယ်ရွယ်တုန်းက ဆက်ဆံရေးတွေ အဆင်ပြေခဲ့ပေမယ့်လည်း အသက်ကြီးလာတော့ အာဏာ မာန်မာနတွေကြောင့် ကွဲသွားကြတဲ့အထိပဲ မဟုတ်လား။ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။ ဒါကြောင့် ဆွေးနွေးပွဲ မဖြစ်ပဲ လက်ဝှေ့ပွဲဖြစ်သွားရင် DKBAဗိုလ်ချုပ် စောလားပွယ် ဖြန်ဖြေရမယ့် အခြေအနေ မျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် လူကြီးတွေ တွေ့တာထက် လူငယ် ခေါင်းဆောင်တွေ တွေ့တာက ပိုအကျိုးများပါတယ်။ ဥပမာ-KNUမှာဆိုရင် ဗိုလ်မှူးစောလှငွေတို့လို DKBAမှာဆိုရင် ဗိုလ်မှူး စောဆန်းအောင်တို့လို KPCမှာဆိုရင် ဗိုလ်မှူးစောဝင်းတင်တို့လို လူငယ် ခေါင်းဆောင် တပ်မှူးတွေ ဆွေးနွေးရမယ်။ နောက်ထပ် ပါဝင်ရမယ့် သူတွေကတော့ ကရင့်တော်လှန်ရေးအပေါ် သစ္စာရှိတဲ့ ကရင်ပညာတတ် လူငယ်တွေပဲ။ ဥပမာ-နန့်ဇိုယာဖန်းတို့လို လူငယ်တွေ ပါဝင်ဆုံးဖြတ်ရမယ်။ ကရင့်တော်လှန်ရေးရဲ့ အနာဂတ်ဟာ ဒီလူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ လူကြီးတွေကတော့ ၀န်းရံပေးဖို့ပဲ။ ဒီဆွေးနွေးပွဲမှာ ကရင် တပ်မတော်ကို တခုတည်း ဖြစ်အောင် ပြန်လုပ်ရမယ်။ ဥပမာ KULA(Karen Unity and liberation Army) ကရင် ညီညွတ်ရေး နှင့် လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းရမယ်။ ဒီတပ်မတော်မှာ မူဝါဒ ၃ခု ချမှတ်ရမယ်။
၁။ ဒီမိုကရေစီ တပ်မတော် ဖြစ်ရမည်။
၂။ ခေတ်မှီလက်နက်ကိုင် တပ်မတော် ဖြစ်ရမည်။
၃။ ကရင်လူထုအပေါ် သစ္စာရှိရမည်။
အခုချိန်မှာ ဒီဆွေးနွေးပွဲကို မဖြစ်ဖြစ်အောင် လုပ်ရတော့မယ်။ ဒီဆွေးနွေးပွဲ မဖြစ်အောင် စစ် အာဏာရှင်တွေက နည်းမျိုးစုံနဲ့ ဖျက်စီးလိမ့်မယ်။ ဘယ်လိုပဲ ဖျက်ဖျက် မဖြစ်ဖြစ်အောင် ဒီဆွေးနွေးပွဲကို လုပ်ရမယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာပဲ။ ခုချိန်မှာ အိပ်လို့ မအားအောင် ဆွေးနွေးရမယ့် အချိန်၊ အသက်ရှူလို့ မအားအောင် ဆွေးနွေးရမယ့် အချိန်ပဲ။ “ ညီညွတ်မှု တစ်လမ်း နောက်ကျသွားရင် တစ်သက်လုံး ကျွန်ဖြစ်သွားနိုင်တယ်။”

စောသစ္စာထူး။ ။ခုချိန်မှာ ကရင့်တော်လှန်ရေးကို ကရင်ပြည်သူတွေက ဘယ်လို မြင်ချင်သလဲ။

စောဘဦီးကြီး။ ။ ပြည်တွင်း ပြည်ပ ကရင်ပြည်သူတွေက ကရင့်တော်လှန်ရေးမှာ ကရင်အချင်းချင်း ပြန်တိုက်ကြတာကို မမြင်ချင်ဆုံးအရာပဲ။ စစ်အာဏာရှင်တွေက KNUကို တိုက်လို့ အမြစ်ပြတ်သွားရင် DKBAနဲ့ KPCတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ DKBAကို တိုက်လို့ အမြစ်ပြတ်သွားရင် KNUနဲ့ KPCတို့လည်း အမြစ် ပြုတ်ထွက်သွားမယ်။ KPCကို တိုက်လို့ အမြစ်ပြတ် ထွက်သွားရင် KNUနဲ့ DKBAတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ ဒါကို ကရင်ပြည်သူတွေ ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် ကရင့်တော်လှန်ရေးမှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပြန်လည် ပေါင်းစည်းပြီး တခုတည်းသော ကရင့် တပ်မတော်ကို ဖွဲ့စည်းနိုင်ဖို့ဟာ ကရင်ပြည်သူတွေ အမြင်ချင်ဆုံး အရာပဲ။

စောသစ္စာထူး။ ။ KNUခေါင်းဆောင်တွေကို အဖူး စောဘဦးကြီး အပြောချင်ဆုံး စကားက ဘာလဲ။

စောဘဦီးကြီး။ ။ဗမာပြည်မှာ လွတ်လပ်ရေး မရခင်တုန်းက ဗမာတွေနဲ့ နိုင်ငံရေး စကားပြောမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြောရတယ်။ လွတ်လပ်ရေးရပြီး ယခုလက်ရှိ အချိန်မှာ ဗမာတွေနဲ့ နိုင်ငံရေး စကား ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောရတယ်။ ဗမာ စစ်အာဏာရှင်တွေနဲ့ နိုင်ငံရေး စကား ပြောမရလို့ ပြည်တွင်း စစ်ကြီး နှစ်ပေါင်း ၆၀ကျော်က သက်သေပြ သွားခဲ့ပြီး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ကျော်က ကရင့် တော်လှန်ရေးဟာ သွေးပူ လေ့ကျင့်ခန်းပါ။ အခုချိန်မှာ KNU ခေါင်းဆောင်တွေကို အဖူး အပြောချင်ဆုံး စကားက”ကရင့် တော်လှန်ရေးဟာ အခုမှ အစပဲ ရှိသေးတယ်။” လို့ ပြောချင်တယ်။

စောသစ္စာထူး။ ။ တချို့KNU ခေါင်းဆောင်နဲ့ တချို့ ကရင်လူငယ်တွေက အဖူးစောဘဦးကြီးရဲ့ မူ (၄)ချက်ဟာ ခေတ်မမှီ တော့ဘူးလို့ ပြောကြတယ်။ ဒါကို အဖူးဘယ်လို ပြောမလဲ။

စောဘဦးကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲကွာ။ ဒီလိုကောင်းတဲ့ မေးခွန်းတွေကို မေးနိုင်တဲ့အတွက် စောသစ္စာထူးကို အဖူးအရမ်း လေးစားသွားပြီး။ ကျေးဇူးလည်း အထူးတင်တယ်။ အဖူး ချမှတ်ခဲ့တဲ့ မူ (၄)ချက်ကို ပြန်ကြည့်လိုက် -- လောလောဆယ် ၂ချက်ပဲ အရင် ထောက်ပြမယ်။ ကရင့်လက်နက် ကရင့် လက်ထဲ မရှိရင်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးခွင့် မရှိရင် ကရင်ကျွန် ဖြစ်တာက လွဲပြီး တခြား ဖြစ်စရာ မရှိဘူး။ သခင်ဆိုတာ ထည့်တောင် စဉ်းစားလို့ မရတော့ဘူး။ အဖူးရဲ့ မူ (၄)ချက်ကို ခေတ်မမှီတော့ဘူးလို့ ပြောတဲ့ သူတွေဟာ -----

၁။ အကြမ်းဖက် စစ်အာဏာရှင်တွေ
၂။ စိတ်ဓါတ်ပျော့ညံ့တဲ့ ကရင့်တော်လှန်ရေးသမားတွေ
၃။ နိုင်ငံရေး အမြင်အားနည်းသေးတဲ့ ကရင်လူငယ်တွေ
၎။ ကျွန်စိတ်ရှိနေသေးတဲ့ ကရင်တွေ
၅။ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ မှိုင်းတိုက်မှုကို ခံလိုက်ရတဲ့ ကရင်တွေပဲ။

ဒါကြောင့် တချို့ KNUခေါင်းဆောင်တွေနဲ့ ကရင် လူငယ်တွေကို အဖူး ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်စစ်ကြပါ။ ငါဟာ ဘယ်အချက်ထဲမှာ ပါနေလဲ။ ပါနေရင် ဆွဲနှုတ်ပစ်လိုက်ပါ။ ဒီမူ (၄)ချက် မရှိခဲ့လို့ အဖူးတို့ ကရင်လူမျိုးတွေ တရုတ်နိုင်ငံ တိဘက်မြေကို အပြီးအပိုင် စွန့်လွတ်ခဲ့ရတယ် မဟုတ်လား။ အဲဒီ အချိန်တုန်းက ဒီမူ (၄)ချက်သာ ရှိခဲ့မယ်ဆိုရင် တိဘက် လူမျိုးတွေနဲ့ ပေါင်းပြီး တရုတ်တွေကို ပြန်တော်လှန်မှာ အသေအချာပဲ။ ဒီသမိုင်းကြောင့်ပဲ ဒီမူ (၄)ချက်ကို အဖူး ချမှတ်ခဲ့တာပါ။ ဒီမူ (၄)ချက်ကို မချမှတ်ခဲ့ဘူးဆိုရင် ဗမာတွေ တိုက်ထုတ်လို့ ဗမာပြည်မှာ ကရင် လူမျိုးတောင် ရှိတော့မှာ မဟုတ်ဘူး။ နောင်ဆိုရင် "ကရင် လူမျိုးတွေကို ပြတိုက်မှာပဲ တွေ့ရမယ်"လို့ ဗမာစစ် အာဏာရှင်တွေ ပြောခဲ့တယ် မဟုတ်လား။ ဒီစကားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးရွာ ကရင် လူထုတွေကို ဗိုလ်ချုပ်မောင်လှ ကိုယ်တိုင် ထုတ်ဖော် ကြေညာခဲ့တယ်။ မြပတိုင်ကျေးရွာမှ ကရင်ပြည်သူတွေနဲ့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အခိုင်အမာဆုံးသော သက်သေတွေပါပဲ။ အခုလည်း ကြည့်လေ ကရင်လူမျိုးတွေ ဗမာပြည်ကနေ အများကြီး ထွက်ပြေးကြပြီ မဟုတ်လား။ ဒီမူ (၄)ချက်ကို ကရင့် အာဇာနည် တော်လှန်ရေး သမားတွေ ဆုပ်ကိုင်ထားလို့ အခုချိန်ထိ ဗမာပြည်မှာ ကရင်လူမျိုးတွေ ရှိနေတုန်းပဲပေါ့။ ဒါကြောင့် အဖူးရဲ့ မူဝါဒကို ခေတ် မမှီတော့ ဘူးလို့ ပြောကြတဲ့ တချို့ KNU ခေါင်းဆောင်တွေနဲ့ တချို့ ကရင် လူငယ်တွေကို အဖူးက မေးခွန်းတခု မေးချင်တယ်။
“တရုတ်နိုင်ငံ တိဘက်မြေမှာ ကရင်လူမျိုးတွေ ရှိသေးလား”
အတိတ်သမိုင်းကို ထင်ထင်ရှားရှား ပြန်မြင်သွားရင် အဖူးရဲ့ မူ (၄)ချက်ဟာ ခေတ်မှီတုန်းပဲလို့ ပြန်ပြီး လက်ခံသွားမယ်။

စောသစ္စာထူး။ ။ KNUနဲ့ ဦးသိန်းစိန်တို့ အဖွဲ့ ထပ်တွေ့ဖို့ ရှိသေးတယ်။ KNUကို အဖူး ဘာမှာချင်သလဲ။

စောဘဦီးကြီး။ ။ နောက်ထပ်တွေ့မယ့် ပွဲမှာ KNUကို ဗမာ ပြည်ထောင်စုကနေ ခွဲမထွက်ဖို့ လက်မှတ် ထိုးခိုင်းမယ်။ ကရင်တွေ ဗမာပြည်ထောင်စုကနေ ခွဲထွက် မခွဲထွက်ဆိုတာ KNU,DKBA, KPCတို့ ဆုံးဖြတ်ရမယ့် အလုပ်မဟုတ်ဘူး။ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ ကရင်ပြည်သူ တရပ်လုံး ဆုံးဖြတ်ရမယ့် အလုပ်ပါ။ အနာဂတ် ဗမာ့နိုင်ငံရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် ပြန်မလာနဲ့လို့ပဲ မှာချင်တယ်။

စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

2 comments:

Anonymous said...

good idea, eh khaungthaunt.

Anonymous said...

to, pu ba oo gyi who answered every question.
i accept that some of your answer and idea.but don't forget about KNU was fighting when KIO was made ceasefire with burma and working for kachin state deploment in peace about more than twenty five years.and still fighting.you can't compare KNU with KIO.And we can't trust anyone to meet.it meant including the person who you want KNU to meet.i think you will understand what i meant.our non salery soldier and a million of karen villgers are already tired,suffering because of sixty three years of civile war.there are serious hell.you might know how diffcult to became a karen soldier.uniform,food ,living,supply ,everytyhing is poor.villger is the same too.we don't like to fight.but we need peace,freedom.so we are fighting for that.when we see the way to peace or freedom without fighting ,we have to test it.but one thing i WANT to tell to our leader is please be carefull with every step you are trying to step forword.know your enemy,know your self. KNOW AND REMEMBER THAT OUR KAREN PEOPLE ARE SO SO WORRY FOR OUR MOTHER OGANIZATION KNU.NEVER OVER TRUST YOUR ENEMY.AND LISTENING TO YOUR PEOPLE,YOUR GENERALS WHO STANDING AT FRONT LINE AND MEASURE WHAT YOU NEED TO DO AND WHAT YOUR GENERAL AT FRONT LINE NEED TO DO.

Post a Comment