ondragstart="return false" onselectstart="return false"

Tuesday, January 31, 2012

ဖားကန့် ကျောက်စိမ်း မှော်သစ်ဖွင့်ပွဲ KIO ကျင်းပ

by KNG

စစ်ဖြစ်နေသည့် အထက်မြန်မာပြည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပန်မားဆွတ်ကြိုင် ကျောက်စိမ်းမှော်သစ်ဖွင့်ပွဲကို ဇန်န၀ါရီလ (၂၄) ရက်၊ အင်္ဂါနေ့တွင် ကျင်းပခဲ့သည်။

ကျောက်စိမ်းလုပ်ကွက်သစ်များကို စီးပွားရေးကုမ္ပဏီများထက် သာမန်အရပ်သားပြည်သူများသို့ ခွဲဝေချပေးရန် အဓိက ရည်ရွယ်ချက်ဖြင့် ပန်မားဆွတ်ကြိုင်မှော် (Pangma Sut Chyai Maw)အား KIO မှ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

မှော်သစ်ဖွင့်ပေးရန် သာမန်အရပ်သားပြည်သူများ ဖားကန့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ သို့ အကြိမ်ကြိမ် တောင်းဆိုထားမှုရှိပြီးနောက် KIO ဗဟိုဌာနချုပ်၏အစီအစဉ်ဖြစ် မှော်သစ် ဖွင့်ပေးခြင်းဖြစ်သည်ဟု ဖွင့်ပွဲတက်ရောက်သူတစ်ဦး ကချင်သတင်းဌာန သို့ပြောသည်။

မှော်သစ်တွင် လုပ်ကွက် တစ်ဧကလျှင် ကျပ်ငွေ ၅၀၀၀၀၀ နှုန်းဖြင့် ချပေးသွားရန်နှင့် လူမျိုးဘာသာ ဆင်းရဲ ချမ်းသာ လူတန်းစားမရွေး ကျောက်တူးဖော်နိုင်ကြောင်းကို KIA တပ်ရင်း ၆ ကျောက်စိမ်းမှော် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ကြီး မဂျီနော်ရင်း (Maji Naw Rin)က ဖွင့်ပွဲအခန်းအနားတွင် ဖိတ်ခေါ်ခဲ့သည်။

အထက်မှော်ဟုလည်းခေါ်သည့် ပန်မားဆွတ်ကြိုင်မှော်သစ်သည် ဖားကန့်မြို့နယ် ဥရုချောင်းဖျား ဂင်ဆီကျေးရွာ အရှေ့တောင်ဘက် အူရာချောင်းအနီးတွင်ရှိပြီး KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆) ထိန်းချုပ်နယ်မြေထဲတွင် တည်ရှိသည်။
pangma-jade-mine

ပန်မာဆွတ်ကြိုင်မှော်သစ် ဖွင့်ပွဲ ကျင်းပနေပုံ။

တရားဝင်မှော်သစ် ဖြစ်မလာမည်ကတည်းက ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများ တွင် အထက်မှော်မှ ထွက်သည့် ကျောက်စိမ်း အမျိုးမျိုး ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ကျောက်ကုန်သည်များ ဆိုသည်။

မှော်သစ်ဖွင့်ပွဲသို့ ကျောက်တူးသမားများ၊ လောပန်းများ၊ ဈေးသည်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ကာ နံနက် (၁၁) နာရီတွင် ၀တ်ပြုဆုတောင်းခြင်းဖြင့် ဖွင့်ပွဲစတင်သည်ဟု သိရသည်။

သိက္ခာတော်ရ ဆရာ ဘောင်တူးဂျာ၊ ဆရာတော် ပက်ထရစ်အင်ဘင်နော်ဒီး၊ သိက္ခာတော်ရ ဆရာ ဇခုန်ယော်တိန့်၊ သိက္ခာတော်ရ ဆရာ ခိန်နော် တို့ အနုမောဓနာပြု ဦးဆောင်ဆုတောင်းကြသည်။

ယခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှ KIO က ဖားကန့်ကျောက်စိမ်းမှော်နှင့် ပြင်ပဆက်သွယ်သည့်ကားလမ်း အားလုံးကို ပြည်သူများ၏လုံခြုံရေးကိစ္စကြောင့် လုံးဝပိတ်ထားရာမှ ဇန်န၀ါရီလ ၁၃ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

၁၉၉၄ ခုနှစ် မြန်မာစစ်အစိုးရနှင့် KIO အပစ်အခတ်ရပ်ဆိုင်းပြီးနောက် ဖားကန့်ဒေသသည် KIO ထိန်းချုပ်မှုမှ အစိုးရ ထိန်းချုပ်မှုသို့ ရောက်ရှိသွားရာ ယမန်နှစ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ၍ မူလအနေအထားသို့ ပြန်ရောက်လာသည်။

မြန်မာအစိုးရသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်စိမ်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ မေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ကျော်ဖြစ်၍ နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိသည်။

တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တောင်းဆိုနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းနေသည့် အရပ်ဝတ်လဲမြန်မာအစိုးရသစ်ကြား ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈-၁၉ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံပွဲကာလအထိ နိုင်ငံရေးအဖြေရှာနိုင်ခြင်းမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွား နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆက်တွဲဇယား-၂ အရ ကချင်ပြည်နယ် အစိုးရသည် ပြည်နယ်တွင်း ကျောက်မျက် ရတနာဖြတ်တောက်ခြင်းနှင့် သွေးခြင်း ကဏ္ဍတွင်သာ အာဏာသက်ရောက်သည်။
http://burmese.kachinnews.com

1 comment:

Anonymous said...

Ha ha ha ha ha see?eventhought Kachin has a war in their state they has a chance to doing business.they has so different situation with other ethnic

Post a Comment