ondragstart="return false" onselectstart="return false"

Monday, May 16, 2011

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေသော တရုတ်ပြည် - အပိုင်း (၂)

ဆောင်းပါးရှင် - မောင်တင့်တယ်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံမှ
ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ General Xu Caihou အား နေပြည်တော်တွင် တွေ့ဆုံစဉ်


တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေ

တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေကတော့ သမိုင်းကြောင်းနဲ့ချီပြီး ပြန်ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံးရေသောက်မြစ် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ ထောက်ပံ့သလိုဘဲ ဗဟိုအစိုးရက ထောက်ပံ့တဲ့ပုံစံ၊ ဗဟိုဘဏ်မှတဆင့် အတိုးမဲ့ချေးငွေပုံစံ၊ အထူးလျှော့ပေးတဲ့ အတိုးနှုန်းချေးငွေပုံစံ၊ ကြွေးမြီလျှော့ပေါ့တဲ့ပုံစံ၊ ကုမ္ပဏီများကတဆင့် ချေးငွေတွေနဲ့ ပုံသဏ္ဍန်အမျိုးမျိုး ကူညီထောက်ပံ့နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက စိတ်ရင်းစေတနာကောင်းဟန်ပြသော်လဲ နောက်ကွယ်တွင် သြဇာလွှမ်းမိုးမှု အကြံအစည် ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ အခြေပြုထားကြောင်း ရှင်းလင်းလှပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ် အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေးအထောက်အကူတွေ အများကြီးပေးအပ်ခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြူပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်က စမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းဟာ ဒေါ်လာ ၂၀ ဘီလျံကျော် ရှိပါပြီ။ ဒီအထဲမှာ ၁၂.၃၂ ဘီလျံဟာ တရုတ်ပြည်ကလာပြီး ထိုင်းနိုင်ငံက ၉.၅၆ ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင် ရင်းနှီးမြုပ်နှံလျက်ရှိတဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၇၃ ခု ရှိလာပြီး အဲဒီကုမ္ပဏီတွေရဲ့ စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၂၄ ထရီလီယံ အထိ ရှိနေပါတယ်။ ဒါကြောင့် အခုဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၃၈ ဒသမ ၅၆ ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပမာဏ အများဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့ပြင် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေပုံစံနဲ့ ဘဏ္ဍာရေးအကူအညီပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝသယံဇာတပစ္စည်း ရှာဖွေရေး ဘက်တွေမှာလဲ အကြီးအကျယ်ရင်းနှီးမြုပ်နှံလာခဲ့တယ် ဆိုတာ တွေ့ရပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ စီးပွားရေးမြုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့နိုင်ငံရေး ပင်မအသက် သွေးကြော နေရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ၁၉၈၈ နှောင်းပိုင်ကစလို့ စစ်အစိုးရဟာ လွတ်လပ်တဲ့ ကုန်သွယ်ရေးမူဝါဒကို စတင်ပြောင်းလဲခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ ချုပ်ကိုင်မှုတွေကို လျှော့ချလိုက်လို့ ကုန်သွယ်ရေး ပမာဏဟာ အဆမတန် တိုးတက်ခဲ့ပါတယ်။

ဒါ့ပြင် အမျိုးသား စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍ ပါဝင်တာကိုအားပေးတဲ့ ဈေးကွက်စီးပွားရေး ကို ပြဋ္ဌာန်းလိုက်တဲ့အတွက် တရုတ်လုပ် စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေဟာ မြန်မာ့ဈေးကွက်ထဲ ဒလဟောလှိမ့်ဝင်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး တရုတ်ပြည်ဟာ မြန်မာပြည်စားသုံးသူတွေအတွက် အဓိကထောက်ပံ့သူ ဖြစ်လာပါတော့တယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ကိုပို့တာတွေက သစ်၊ ကျွန်း၊ ကျောက်မျက်၊ ပင်လယ်စာ၊ စကျင်ကျောက်၊ မီးသွေးနဲ့ နီကယ်တွေဖြစ်ပြီး တင်ပို့တဲ့ပစ္စည်းတွေထဲမှာ သစ်တင်ပို့မှုက ထိပ်ဆုံးကဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်က ဒေါ်လာသန်း ၂၅၀ ဖိုးနဲ့ ၂၀၀၅ ခုနှစ်မှာ ဒေါ်လာသန်း ၃၅၀ ဖိုးဝယ်ယူခဲ့ပါတယ်။ မြန်မာပြည်ကို သွင်းတဲ့ကုန်တွေကတော့ အီလက်ထရောနစ်ပစ္စည်းတွေ၊ အကြီးစားဆောက်လုပ်ရေးစက်တွေ၊ ဓါတ် အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ လယ် ယာသုံးစက်တွေ၊ နည်းပညာတွေဖြစ်ပါတယ်။ မြန်မာပြည်ကလဲ တရုတ်ပြည်ကို အသား၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုး ရေးထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ ရာဘာ၊ ကျွန်းသစ်နဲ့ အဖိုးတန် ကျောက်မျက်ရတနာအပါအ၀င် ပစ္စည်း ၅၉၆ မျိုး တင်ပို့ဖို့ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် အများစုမှာလဲ တရုတ်စက်ရုံ အများအပြား ရှိနေပြီး အများစုက အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ပစ္စည်းလုပ်ငန်းနဲ့ အခြားဓာတုပစ္စည်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၄၂၇ သန်း အထိ ရှိလာပြီး ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ ၅၄ ရာခိုင်နှုန်းကျော် တိုးလာနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာနေပါတယ်။ ပုံမှန်ကုန်သွယ်ရေးပမာဏဟာ ဒုတိယအဆင့်မှာ ရှိပြီး နယ်စပ်ကုန်သွယ်ရေးကတော့ ပထမအဆင့်မှာ ရှိလာနေပါတယ်လို့ ဒီဇင်ဘာလ တတိယအပတ်အတွင်း ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံထုတ် စက်မှုထုတ်ကုန်စည်ပြပွဲ(မြန်မာ) ဖွင့်ပွဲအခမ်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဖွံ့ဖြိုးမှုဗျူရိုက ဒုတိယညွှန်ကြားရေးမှူးချုပ် ကျားကိုးယုံ ကိုယ်တိုင် အတည်ပြု ပြောကြားခဲ့ပါတယ်။

အပိုင်း ( ၃ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
မူရင်း - စည်းလုံးခြင်းရဲ့အင်အား သတင်းစာမျက်နှာမှ

No comments:

Post a Comment