ondragstart="return false" onselectstart="return false"

Thursday, December 8, 2011

မြန်မာအစိုးရ ပညာရေး ဥပဒေသစ် သမိုင်းသင်လျှင် ထောင်ဒဏ်ချမှတ်မည်

တော်တော်ရယ်စရာတော့ကောင်းနေပြီ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်မယ်ပြောပြီး အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုပဲ သင်ရမယ်ဆိုတော့ ဘာနဲ့ သွားတူသလည်းဆိုရင် ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေ ကျွန်ပညာရေးစနစ်ကို အသက်သွင်းထားတယ်လို့ ကျနော်တို့ ပြောကြတယ်။ အခုဟာကော ဘာထူးလည်းဗျား.. တိုင်းရင်းသားတစ်ယောက်မျက်လုံးအနေနဲ့ ကြည့်ရင် မဟာဝါဒီတွေ သက်ဆိုးရှည်ဖို့  စနစ်တကျ အုတ်မြစ်ချထားပြီး တဖက်မှာ တိုင်းရင်းသားတွေကို ရန်သက်ပန်ကျွန်ပြုရာအတွက် ပြင်ဆင်ထားတဲ့ ဗမာပြည်ရဲ့ ပညာရေးစနစ်ကြီးပါ။
xxxxxxxxxxxxxx

မောက္ခ ပြည်တွင်းသတင်း

ဒီဇင်ဘာ ၄ ရက်နေ့ထုတ် မြန်မာအစိုးရသတင်းစာများတွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ခြင်း ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းကြောင်း ဖော်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းလိုက်သော ဥပဒေတွင် ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာအရည်အသွေး မြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနက ပြဌာန်းထားသော သင်ရိုးညွန်းတမ်းနဲ့ သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်းဖြစ်စေ၊ အဆိုပါ ဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် ကျောင်းကို ဆိုလိုသည်ဟု ဖော်ပြထားသည်။

" အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုပဲ သင်ရမယ်ဆိုတော့ ဘာထူးမှာလဲ၊ ဒုံရင်းကဒုံရင်းပဲ။ နိုင်ငံခြား တိုင်းပြည်တွေမှာက ပညာရေးက လွတ်လပ်မှုအပြည့်ရှိတယ်၊ သင်ရိုးညွန်းတမ်းက တစ်ကျောင်းနဲ့တစ်ကျောင်း မတူဘူး၊ သင်ရိုးကောင်းမှ ကျောင်းသားတွေ အရည်အချင်းတက်မယ်၊ အပြိုင်အဆိုင် လုပ်ကြတယ်၊ အစိုးရက သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအရ ဆိုရင် Student Center စနစ်နဲ့သွား လို့မဖြစ်ဘူး၊ ဒီစနစ်အရ ဆိုရင် ကျောင်းသားတွေမှာ လွတ်လပ်စွာ မေးပိုင်ခွင့်ရှိတယ်၊ ဥပဒေနဲ့ မကိုက်ညီတဲ့၊ ပြည်ထောင်စု ပြိုကွဲရေးကို ထိခိုက်စေမယ့် သင်ကြားရေးကို မသင်ရဆိုတော့၊ သင်တဲ့ဆရာကို ဘယ်အချိန်မဆို ထောင်ထဲ ဆွဲထည့်လို့ရတယ် ဆိုတဲ့သဘောပဲ" ဟု မဲဆောက်မြို့ စီဒီစီ အဆင့်မြင့်ကျောင်းတွင် သင်ကြားနေသည့် ဆရာကြီးတစ်ဦးမှ ပြောဆိုသည်။

ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ဆရာများသည် လုပ်သက်ငါးနှစ်ရှိရမည်ပြီး ပညာရေးဌာနတွင် ပုဂ္ဂလိကကျောင်းဆရာလုပ်ကိုင်ရန် လျှောက်ထားရမည်ဖြစ်သည်။ ပုဂ္ဂလိက ကျောင်းဆရာများသည် နှစ်စဉ်ကြေး ပေးသွင်းရမည်ဟု ဖော်ပြထားသည်။

"ကျမက ထိုင်းနိုင်ငံပုဂ္ဂလိကကျောင်းတွေမှာ လုပ်လာတာ ဆယ်နှစ်ကျော်ပြီ၊ မြန်မာနိုင်ငံကနေ အင်္ဂလိပ်စာနဲ့ ဘွဲ့ရတယ် ထိုင်းမှာလည်း အင်္ဂလိပ်စာသင်တယ်၊ ထိုင်းအစိုးရဆီမှာ လက်မှတ်လုပ်စရာမလိုဘူး၊ ဒီကကျောင်းတွေက လွတ်လပ်မှု အပြည့်ရှိတယ်၊ အစိုးရကလည်း ဘာမှဝင်ရောက်စွပ်ဖက်တာ မရှိဘူး" ဟု ဘန်ကောက်နိုင်ငံတကာ ကျောင်းတွင် သင်ကြားနေသည့် ဆရာမ နှင်းဆီ ကလည်း သူ့အတွေ့အကြုံကို ပြောသည်။

ကိုယ်ပိုင်ကျောင်းတည်ထောင်ရာတွင် ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရဟု ပါရှိသည်။ နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင်သော ကျောင်းမဖြစ်စေရ ဟုပါရှိပြီး၊ သာသနာပြုကျောင်းမဖြစ်စေရ ဟုလည်းပါရှိသည်။

"ဘယ်နိုင်ငံမှာမဆို ပုဂ္ဂလိကကျောင်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားတက္ကသိုလ် (သို့) ကောလိပ်တွေနဲ့ ပူးပေါင်းတည်ထောင်ကြတယ်၊ အဲဒီလို ပူးပေါင်း မတည်ထောင်ဘဲနဲ့ မြန်မာနိုင်ငံအနေ အထားအရဆိုရင် ပိုခက်ခဲမယ်၊ အတွေ့အကြုံရှိတဲ့ ကျောင်းတွေရဲ့ ပံ့ပိုးကူညီမှု လိုအပ်တယ်၊ အစိုးရပြဌာန်းထားတဲ့ ဥပဒေအရဆိုရင် သူတို့မကြိုက်တဲ့ တစ်နေ့မှာ အရေးယူလို့ရနေတယ်၊ နိုင်ငံခြားသား ဆရာတွေကို ခေါ်မယ့်ကိစ္စကလည်း ဒီဥပဒေ အရဆိုရင် ဖြစ်နိုင်ခြေသိပ်မရှိဘူး" ဟု စီဒီစီ ကျောင်းမှ ဆရာက ထောက်ပြပြောဆိုသည်။

စီဒီစီ ကျောင်းတွင် နိုင်ငံရေးသိပ္ပံနှင့် သမိုင်းဘာသာရပ်ကို သင်ကြားနေသည့် ဆရာဦးလှရွှေ ကလည်း

" ဒီဥဒေကို ကျနော် လေ့လာကြည့်တယ်၊ ရေးထားတာတော့ ဗလ သုံးတန်ရှိရမယ်ပေါ့၊ အဲဒါနဲ့ပြောင်းပြန် ဖြစ်နေတဲအချက်က သင်ကြားရမယ့် သာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး၊ ဘာသာရေးကို မပို့ချရ ဆိုပြီး ပြောထားတယ်၊ ဒါဆိုရင် သမိုင်းသင်တဲ့ဆရာက သူတို့မကြိုက်ရင် ထောင်ဒဏ် တနှစ်ကနေ သုံးနှစ်နှင့် ကျပ်သုံးသိန်း ထက်မပိုတဲ့ ဒဏ်ငွေကိုပါ ဆောင်ရဦးမယ့် သဘောရှိတယ်၊ သမိုင်းဆိုတာ နိုင်ငံရေးကို သင်တာပဲလေ၊ ဒီ ဥပဒေအရ ဆိုရင် ညံ့ဖျင်းနေတဲ့ ပညာရေးက ကောင်းလာမယ့် အခြေအနေ မရှိဘူး" ဟု မြန်မာအစိုးရ၏ ပညာရေးဆိုင်ရာ ဥပဒေသစ်ကို ဝေဖန်ထောက်ပြခဲ့သည်။

မောက္ခပညာရေးသတင်း
http://www.maukkha.org/index.php?option=com_content&view=article&id=2027:2011-12-06-02-20-42&catid=119:2010-10-11-07-36-06&Itemid=373

No comments:

Post a Comment