ondragstart="return false" onselectstart="return false"

Saturday, December 31, 2011

ငြိမ်းချမ်းရေးလား ၊ ဝေစုခွဲကြမှာလား ၂၀၁၂

ဆောင်းပါး - လှရွှေ

မကြာမီနာရီပိုင်းအတွင်းတွင် ၂၀၁၂ နှစ်သစ်ကိုရောက်တော့မည်။ ၂၀၁၂ ကိုမရောက်မှီ ၂၀၁၁ တွင်ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာတလွှားတွင် အဘယ်အရာတို့ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာ့အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတို့ ချိတ်ဆက်နေသော်လည်း ကမ္ဘာတခုလုံးနှင့်ပတ်သတ်၍ စဉ်းစားရန် ဥာဏ်မမှီဟုပင် ၀န်ခံရ ပေမည်။

တက္ကသိုလ်ကျောင်းသား၊ တော်လှန်ရေးသမား၊ သတင်းစာဆရာ၊ ကျောင်းဆရာ စသည့်ဘ၀အချိုးအကွေ့ များကို ကျော်ဖြတ်လာလိုက်သည်မှာ နှစ်မနည်းတော့။ ဒီဇင်္ဘာ ၂ နှစ်ရက်နေ့တွင် အသက် ၄၀ တင်းတင်းပြည့်ခဲ့ပြီ။ လောကဓံ လှိုင်းဂယက်ထဲတွင် ဆက်လက်စီးမျောနေဆဲ။ ကျောင်းဆရာတဦးအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စား သည်မှာ မဆန်းပေ။ အထူးသဖြင့်မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုစိတ်ဝင်စားသည်။ မြန်မာ့ နိုင်ငံရေးစနစ် ပြောင်းလဲမှုသည် သန်း (၆၀) နီးပါးသော မြန်မာလူထုအတွက် အရေးအကြီးဆုံးသော အရာမဟုတ်ပါလော။

၂၀၁၁ နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည်ဟု အချို့သော နိုင်ငံရေးသမား၊ ၀ါရင့်သတင်းစာ ဆရာများက ရေးသားသည်ကို ဖတ်ရသည်။ ရှုထောင့်ပေါင်းစုံမှ တင်ပြကြသည်ကို ဖတ်ကြည့်သည်။ လေ့လာကြည့်သည်။ လက်လှမ်းမှီသလောက် တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ ပညာရေးတွင် ဦးဆောင်ဦးရွက်ပြုသူများနှင့် ဖုန်းဖြင့်တမျိုး၊ အီးမေးလ်ဖြင့်တဖုံ၊ စကားဝိုင်းဖွဲ့ကာတမျိုး ပြောဖြစ်ကြသည်။

အချို့သော ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အရွေ့ဟု ပြောဆို ကြသည်။ မှန်သင့်သလောက် မှန်သည်ဟု ကောက်ချက်ချမိသည်။ သို့ရာတွင် အရွယ်ရောက်လာစဉ်ကတည်းက ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး အောက်တွင်ကြီးပြင်းခဲ့ရသော၊ တသက်လုံး အစိုးရဆန့်ကျင်ရေး လုပ်လာခဲ့သူ တဦးအနေဖြင့် လက်ရှိအစိုးရ၏ မြှုပ်ကွက် ရွှေ့ကွက်ကို စိတ်ပျက်မိသည်။

ဒီမိုကရေစီ အဓိက ၀ါဒီများ အဖို့ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အစိတ်အပိုင်းဖြစ်သည်။ သို့ရာတွင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာသူများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဒီမိုကရေစီသည် အစိတ်အပိုင်း တရပ်သာဖြစ်ပြီး၊ တိုင်းရင်းသားတို့၏အရေးသည် ပို၍အရေးပါသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်တို့အနေဖြင့် တိုင်းရင်းသားအရေးကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ လွန်ခဲ့သော ၁၉၉၀ ကျော်ခုနှစ်များအတွင်းက ဖြေရှင်းခဲ့သော ဖြေရှင်းနည်းအတိုင်းသာ ဖြေရှင်းပါက နောက်ထပ် မြန်မာနိုင်ငံ နယ်စပ် တလျှောက်တွင် စစ်ဘုရင်များ အမြောက်အများ ပေါ်ပေါက်လာပေဦးမည်။

၁၉၉၀ ကျော် ခုနှစ်များအတွင်း KIO၊ UWSA၊ SSA-N၊ NDAK၊ MNSP စသည့်တိုင်းရင်းသား လက်နက်ကိုင်တို့ နှင့်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ အစိုးရသတင်းစာများတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု ဖေါ်ပြထားသည်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက် စစ်ခေါင်းဆောင်များမှ တိုင်းရင်းသားများကို မျက်နှာချို သွေးကာ တရားဝင်သော စီးပွားရေးလုပ်ငန်းနှင့် တရားမ၀င်သော စီးပွားရေုးလုပ်ငန်းမျာကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။

တိုင်းရင်းသားတို့ ထိမ်းချုပ်ရာနေရာသို့ စစ်တပ်အရာရှိများ သွားလိုပါက ပါလာသော လက်နက်များကို အပ်ပြီးမှ ၀င်ခွင့်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စီးပွားရေးလုပ်ငန်းများ ထိုးအပ်ပြီး တော်လှန်ရေးကို ဖျက်ဆီးပစ်မည့် မဟာဗျူဟာ ကိုချမှတ် အကောင်အထည် ဖေါ်ခဲ့သည်။ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟု ဆိုရပေမည်။

သို့ရာတွင် နှစ် ၂၀ နီးပါးကြာသောအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ချိနဲ့မသွားဘဲ လူသူလက်နက် အင်အား ပိုမိုတောင်းတင်း လာသည် ကိုတွေ့ရသည်။ စစ်ဘုရင်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ စစ်ဘုရင်အုပ်စု နှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရသည်။ လက်ရှိအုပ်ချုပ်နေသာ စစ်အစိုးရ၏ တိုင်းမှူး၊ တပ်မမှူး စစ်ဘုရင်များနှင့် တိုင်းရင်းသား စစ်ဘုရင်များ ဖြစ်သည်။

ကမ္ဘာ့သမိုင်း ဖြစ်စဉ်တလျှောက်တွင် စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ တည်ဆောက်နိုင် ခြင်း မရှိသည်ကို တွေ့ရသည်။ စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို တည်ဆောက်ရိုးထုံးစံမရှိ။ တရုတ်နိုင်ငံ စစ်ဘုရင် အုပ်ချုပ်သော ခေတ်ကိုကြည့်ပါ။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်ဘုရင်တို့ အကြောက်ဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသော နယ်မြေတွင် စစ်ဘုရင်များ ပေါ်ပေါက်ခြင်း သမိုင်းတွင် မရှိခဲ့။

မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် တိုင်းရင်းသား ပြည်သူတို့၏ ဘ၀ပျက်စီးရသည်။ အထူးသဖြင့် လူမမယ် ကလေးငယ်များနှင့် အမျိုးသမီးတို့၏ ဘ၀ထိခိုက် ပျက်စီးကြရသည်။ စစ်ကြောင့် ထွက်ပြေးနေရသော ကလေးငယ်များ တိုင်းတပါးတွင် မျက်နှာငယ်လေးနှင့် နေထိုင်ကြရသည်။ အနာဂတ်ပျောက်နေရသည်။ တိုင်းရင်းသူများမှာ စစ်ကြောင့်ဘ၀ပျက်ကြရသည်။ မိသားစုဘ၀ ပျက်ခဲ့ရသည့် သားသည်မိခင်တို့ကား နယ်စပ်တစ်လျှောက်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မရေမတွက်နိုင်။

မျိုးမစစ်သော ငြိမ်းချမ်းရေး ယခုတဖန် ပေါ်ပေါက်လာပြန်သည်။ ဗမာစစ်ဘုရင်များက တိုင်းရင်းသား စစ်ဘုရင်များကို နယ်မြေများအပိုင်စားပေးကာ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသည်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို နေ့စဉ်ရက်ဆက် ကြားနေရသည်။ တိုင်းရင်းသားစစ်ဘုရင် တို့ကလည်း တိုင်းရင်းသူတို့၏ ဘ၀လုံခြုံမှု အတွက် အာမခံချက်မရှိမှီ လက်နက်ကို စွန့်လွှတ်မည် မဟုတ်။

နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့် ဗိုလ်ကျမှုများကို ကိုယ်တွေ့ခံစားခဲ့ရသော တိုင်းရင်းသား စစ်ဘုရင်များ ဘက်မှလည်း ငြိမ်းချမ်းရေးကို အရင်းတည်ကာ လူသူလက်နက်တပ်ဆင်မည်။ ဗမာစစ်ဘုရင်များဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကို အခြေခံကာ လျှိုသတ်၊ ခွဲသတ် လုပ်ဦးမည်။

ယခုအခါ ငြိမ်းချမ်းရေးစကား၊ အပစ်အခတ်ရပ်စဲရေး စကားကို ဗမာစစ်ဘုရင်နှင့် တိုင်းရင်းသားစစ်ဘုရင်များ အကြား ကြားခံပွဲစားများကလည်း ဝေစုခွဲရန် နှစ်ဦးနှစ်ဘက် မျက်နှာချိုသွေးကာ ရွှေလမ်းငွေလမ်း ဖေါက်နေ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာကား ၊ မိဘ ဆွေမျိုး၊ အသိုင်းအ၀ိုင်းကင်းမဲ့သော မိန်းမပျိုလေးတဦး တရားဥပဒေနှင့် လူ့ကျင့်ဝတ် မရှိသည်နေရာတွင် စော်ကားမော်ကားပြုကျင့်ခံနေရသည်နှင့်တူပေသည်။

မြန်မာ့ သယံဇာတများကို ဝေစုခွဲစားသောက်နေသူများတွင် ဗမာစစ်ဘုရင်များ ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊လွှတ်တော်အမတ်များ၊ တရုတ်၊ ကုလား စီးပွားရေး ကုမ္ပဏီများနှင့် တိုင်းရင်းသား စစ်ဘုရင်များပါဝင်ကြသည်။

မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် သေနတ်သံများ အခိုက်အတန့် တိတ်ဆိတ်နေခြင်းသာဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်တွင် အဓိကခံစားရသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်သည်။ ကမ္ဘာ တ၀ှမ်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကလေးငယ်များ ပညာရေးနှင့် ဝေးနေကြရသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ကမ္ဘာတ၀ှမ်း ကလေးငယ်ပေါင်း ၂၈ သန်းသည် ကျောင်းပြင်ပရောက် နေကြရသည်ဟု UNESCO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ အသက်အိုးအိမ် မည်မျှ ဆုံးရှုံးခဲ့သည်ကို စာရင်းဇယား တိတိကျကျ စာရင်းကောက်ယူထားခြင်း မရှိပေ။

ယခုအချိန်တွင်ပင် စစ်ဒဏ်ကြောင့် ထွက်ပြေးနေရသည့် ကလေးငယ်များအရေအတွက် မည်မျှရှိသည်ကို အတိအကျ စာရင်းဇယား မရှိ။ စစ်ကြောင့် ပြည်တွင်း၌ အိုးအိမ်ပစ်ကာ ထွက်ပြေးနေရသူ ပေါင်း ၄၀၀၀၀၀ လေးသိန်းခန့် ရှိမည်ဟု Displacement continues in context of armed conflict အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းကိုးခုတွင် မြန်မာနိုင်ငံသားဒုက္ခသည် (၁၅၀၀၀၀) တသိန်းခွဲရှိနေဆဲ။

မြန်မာ့ ဓနဥစ္စာကို ဝေစုခွဲယူနေကြသူများအနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ အာဂတိ လိုက်စားမှု အများဆုံးနိုင်ငံ၊ ပညာရေးအနိမ့်ဆုံးနိုင်ငံ၊ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးနိုင်ငံ၊ အာရှတွင် ဒုက္ခသည် ထုတ်လုပ်သော နိုင်ငံ၊ အာရှတွင် စစ်တပ်အင်အား အကြီးဆုံးနိုင်ငံဖြစ်နေသည်ကို စဉ်းစားစေချင်သည်။

စစ်တပ်အင်အား ငါးသိန်းခန့်၊ တိုင်းရင်းသားလက်နက်ကိုင်အရေ အတွက် (၇၀၀၀၀-၁၀၀၀၀၀) ခုနှစ်သောင်းနှင့် တသိန်း၊ သာသနာ့ဝန်ထမ်း အရေအတွက်က (၅၀၀၀၀၀) ငါးသိန်းနီးပါး စုစုပေါင်း (စစ်၊ တိုင်းစစ်၊ သာသန ) တသန်းနီးပါး၏ ၀န်ကို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူများက တာဝန်ယူနေကြရသည်။ စစ်တပ်အင်အားစုစုပေါင်း ( စစ်တပ်၊ တိုင်းရင်းသား) ခြောက်သိန်း၊ သာသန၀န်ထမ်း ငါးသိန်းတို့၏ ၀န်ကို ထမ်းဆောင်နေရသော အမိမြန်မာပြည်သူများမှာ ခါးကျိုးကာ အိပ်ရာထဲ လဲနေသည့် လူမမာနှယ်။

အမိမြန်မာနိုင်ငံကြီး၏ ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။ ဒီမိုကရေစီသည် အမိမြန်မာနိုင်ငံအတွက် တခုတည်းသော အဖြေမဟုတ်။ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင် နိုင်သည့် စနစ်သည်သာလျင် အဖြေဖြစ်ပေမည်။

လာမည့် ၂၀၁၂ နှစ်သစ်ကို မြန်မာပြည်သူတို့၏ မင်္ဂလာအပေါင်းနှင့် ခညောင်းသောနှစ်အဖြစ် မည်ကဲ့သို့ဖော်ဆောင်ကြမည်ကို ၀ိုင်းဝန်းကြိုးစား အကောင်အထည် ဖော်ရပေဦးမည်။

လှရွှေ
http://www.maukkha.org/index.php/feature-article/1686-maukkha-2012-and-myanmar-future

No comments:

Post a Comment