ondragstart="return false" onselectstart="return false"

Tuesday, January 10, 2012

ဘုရားသုံးဆူမြို့နယ်ခွဲ အနန်းကွင်းဘုရားပွဲတွင် ဗုံးပေါက်၊ ၄ ဦးသေဆုံး

အာကာ - ဇန္နာဝါရီ ၁၀၊ ၂၀၁၂

ဘုရားပွဲတော် ပွဲခင်းအတွင်းဗုံးပေါက်ကွဲခြင်းကြောင့် စနေနေ့ည ၁၀ နာရီကျော်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲအနန်းကွင်းကျေးရွာ၌ လူ၎ ဦးသေဆုံးပြီး၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ရှိကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအင်အယ်လ်အေ) တပ်မဟာ ၆ ၏ အဆိုအရအစိုးရတပ် စကခ (၅) လက်အောက်ခံစစ်ဗျူဟာ (၁) မှ တပ်သားတဦးထံမှ ဗုံးသီးပြုတ်ကျကာပေါက်ကွဲခြင်း ဖြစ်သည်ဟုဆိုသည်။

“ကရင်နဲ့ ဗမာပဲဒီနယ်မှာလက်နက်ကိုင် လှုပ်ရှားနေတယ်။ ကရင်တွေပဲထိတယ်။ ကရင်တွေ သေတဲ့အလုပ်ကိုကရင်တွေ မလုပ်ဘူး။ ဆိုတော့ ဘယ်သူ့လက်ချက်လည်းဆိုတာပြောစရာတောင် မလိုဘူး” ဟုကေအင်အယ်လ်အေတပ်မဟာ ၆ မှ ဗိုလ်ကြီးစောထက်နေကပြောသည်။

ကေအင်အယ်လ်အေမှ ကောက်ခံရရှိထားသည့် စာရင်းအရသေဆုံးသူ ၄ ဦးတွင် အသက် ၁၆ နှစ် အရွယ် ခုံခံရွာသားတဦး၊ ဝင်းခဏကျေးရွာမှ အသက် ၁၀ နှစ်အောက် ဒုတိယတန်းကျောင်းသူတဦးနှင့် တညင်ရွာမှ အသက် ၂၀ ကျော် အမျိုးသမီးတဦးအပြင် အခြားကျေးရွာမှ တဦးပါဝင်သည်ဟုဆိုသည်။

ဒဏ်ရာရသူများတွင် ခုံခံရွာမှ ၁ ဦး၊ ဆင်ပြေးရွာမှ ၂ ဦး၊ တောင်စွန်းရွာမှ ၂ ဦး၊ ကျောက်ဖလူးရွာမှ ၃ ဦး၊ တညင်ရွာ ၂ ဦး၊ ဝင်းခဏရွာမှ ၄ ဦးနှင့် သံပုရာရွာမှ ၁၃ ဦး ဖြစ်ပြီး၊ ကျန် ၂၄ ဦး၏ စာရင်းများကိုမရရှိသေးကြောင်းဗဒိုစောထဲနေကပြောသည်။

ကေအင်အယ်လ်အေတပ်မဟာ ၆ မှ ကြားဖြတ် ရရှိသည့် သတင်းအရတိုက်ပွဲဖြစ်ပွားခြင်းကြောင့် သူပုန် ၃ ဦးကျဆုံးပြီး၊ ၃၈ ဦးဒဏ်ရာရရှိသည်ဟုအစိုးရတပ် စကခ (၅) လက်အောက်ခံစစ်ဗျူဟာ (၁) က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသတင်းပေးပို့ထားသည်ဟုဆိုသည်။

“ဘယ်လိုပဲသတင်းထုတ်ထုတ်ပေါ့၊ နှစ်တန်းကျောင်းသူဆိုတာဘယ်လိုမှ သူပုန် မဖြစ်နိုင်ဘူး” ဟုဗိုလ်ကြီးစောထက်နေကပြောသည်။

ဒဏ်ရာရသူများအနက် ပြင်းထန်သူ ၁၄ ဦးအားတနင်္ဂနွေနေ့ ညနေ ၂ နာရီတွင် သံဖြူဇရပ်မြို့ ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူရန် ပို့ဆောင်ခဲ့ပြီး၊ ကျန်သူများကိုအနန်းကွင်းတိုက်နက်အတွင်းရှိကျေးရွာကျန်းမာရေးဆေးပေးခန်းတွင်လည်းကောင်း၊ ကျန်သူများမှာတိုင်းရင်းဆေးဆရာများဖြင့်လည်းကောင်းကုသမှု ခံယူလျက် ရှိသည်ဟုရွာခံများကပြောသည်။

ဝင်းယော်ချောင်းဖျားရှိအနန်းကွင်းဘုရားပွဲသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ဝန်းကျင်ကတည်းကကျင်းပလာခဲ့သည့် ဘုရားပွဲ ဖြစ်ပြီးဒေသခံကရင်၊ မွန်၊ လောရှမ်းစသည့်တို့ဖြင့် အလွန်စည်ကားသည့် ပွဲတော်ဖြစ်သည်။

ဇန်နဝါရီလလယ်တွင် အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန်အတွက် ကေအင်ယူနှင့် အစိုးရကိုယ်စားလှယ်များကရင်ပြည်နယ် ဘားအံမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် ရှိပြီးယခုဖြစ်ရပ်ကိုတင်ပြလိမ့်မည်ဟုဗဒိုစောထက်နေကပြောသည်။
အနန်းကွင်းကျေးရွာသည် ၁၀၅ ကီလိုမီတာကျော် ရှည်လျားသည့် ထိုင်းနယ်စပ် ဘုရားသုံးဆူနှင့် သံဖြူဇရပ် မော်တော်ကားလမ်းမပေါ်တွင် ရှိပြီးဘုရားသုံးဆူမြို့မှ အနောက်ဘက် ကီလိုမီတာ ၅၀ တွင် တည်ရှိသည်။
http://www.kaowao.org/b/2012news-January-10.php

No comments:

Post a Comment