ondragstart="return false" onselectstart="return false"

Monday, March 12, 2012

အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး


လောအယ်စိုး။ မတ် ၁၂၊ ၂၀၁၂

“ဆရာ ထမင်းစားနေပါတယ်။ ခဏစောင့်ပါဦး”

“ဟုတ်ကဲ့.. ဟုတ်ကဲ့ ရပါတယ်အမ ။ ကျမစောင့်ပါ့မယ်”

“ဟေ့..လူနာကို မစောင့်ခိုင်းပါနဲ့ ။ ငါဆင်းလာခဲ့မယ်”

ထမင်းစားဖို့ ကျနော်တို့ စားပွဲပေါ်တွင် ထိုင်စရှိသေးသည် အန်ကယ်တို့ ဇနီးမောင်နှံ ဓါတ်ပုံကို ကျနော်

ရိုက်ပေးပြီး ၀တ်ထားသော ကရင်အမျိုးသားအင်္ကျိနှင့် ခေါင်းပေါင်းတို့ကိုပင် မချွတ်ရသေး ထမင်းဝိုင်း အဆင်

သင့် ဖြစ်ပြီဟု ၄င်း၏ တူမဖြစ်သူက ပြောသောကြောင့် ကျနော်တို့ ထမင်းစားကြရန် ဖြစ်သည်။

အားလုံးကလဲ အရမ်းဆာနေကြပြီလေ။ ဒေါက်တာစောဝါးထူးတယောက် ထမင်းစားခန်းမှ အိမ်ဘေး

ကပ်လျှက်ရှိ ဆေးခန်းသို့ အပြေးကလေး ဆင်းသွားသည်။

“သမီးတို့ ဘယ်မှာနေကြလဲ”

“မုဒုံနားက ရွာကပါ”

“ဒီ အနာကို ဆေးမလိမ်းခင် ဂွမ်းကို ရေနွေးဆွတ်ပြီး ဖွဖွလေး အရင် ဆေးနော်”

“ဟုတ်ကဲ့ပါ ဆရာ”

“သူတို့ခမြာ အဝေးကြီးက လာရတာကွ။ ငါထမင်းစားနောက်ကျလို့ ဘာမှ မဖြစ်ပါဘူး” ဟု ပြောရင်း

လက်ကို တခါပြန်ဆေးကာ သူ ထမင်းဝိုင်း ပြန်ဝင်လာပါသည်။

တစ်ခါ ၄င်း၏ အိမ်ရှေ့ဧည့်ခန်း၌ မွန်လူမျိုး ဗုဒ္ဓဘာသာရဟန်းတပါးက သူ့အား ရင်းနှီးခင်မင်စွာဖြင့် ပုခုံး

ကို ဖက်ထားပြီး အလွန်ကျေးဇူးတင်ကြောင်း နှုတ်ကလဲ မွန်သံဝဲ၀ဲဖြင့် ပြောနေတာ တွေ့ရပြန်သည်။

“ ဘုန်းဘုန်း အနာကျက်ပြီဆိုပြီး ဒီအတိုင်း မနေနဲ့ ။ ဆေးကို ဆက်စားပါ”

“အေးပါ..ဒကာ ဆရာဝန်ကြီးရယ်”

၎င်း တို့ ပုဂ္ဂိုလ်နှစ်ဦး ပြုံးရွှင်စွာဖြင့် မြင်ရသော မြင်ကွင်းသည် အလွန်ကြည်နူးစရာ ကောင်းလှပေစွ။

“ဘာပဲလုပ်လုပ် ချစ်ခြင်းမေတ္တာ စေတနာနဲ့ လုပ်ရတယ် ငါ့မောင်ရ”

“ဟုတ်ကဲ့ပါ အန်ကယ်”

၎င်း၏ နေအိမ်မှ ကျနော်တို့ နှစ်ဦး သူ၏ ဆေးခန်းရှိရာ မော်လမြိုင်မြို့ထဲ သို့ အသွား

“ငါဒီဆေးရုံကြီး ရောက်ပြီး နှစ်ပေါင်း အစိတ်ကျော်မှ ဒီကားကို ရတာ”

လို့ အန်ကယ်ထူးဝါးက ကားမောင်းရင်း ပြောပြသည်။ အန်ကယ်ထူးဝါး ပြောပြတာကို နားထောင်ရင်း ကျနော်လမ်းဘေး ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ကျနော်တို့ ကားဘက်သို့ ဦးခေါင်းညွန့်၍ အရိုအသေပြုနေသော သူတောင်းစားအဖိုးကြီးတဦး။ ကျနော်က ထို သူတောင်းစား အဖိုးကြီးကို ကြည့်နေသည်ကို အန်ကယ်ထူးဝါးက ရိပ်မိသွားပုံရသည်။

“ အော်…အေးအေး ငါ့ကား ဖြတ်သွားရင် ဒီလိုပဲ သူတို့ တတွေ လုပ်ကြတယ် ဒီလမ်းဘေး တလျှောက်မှာရှိတဲ့ သူတောင်းစားတွေ ငါ ခြေထောက်ဆေး မပေးသေးဘူးတဲ့ သူတောင်းစားတယောက်မှ မရှိဘူး ကွ”

အမှန်ပါ ၄င်းသည် လူအများ ရွံရှာသော အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ခြေထောက်ဆေး၍ ပြုစုပေးခဲ့သော၊ ကျနော် ရင်ထဲမှ ချစ်ခင်လေးစားသော မိတ်ဆွေ ဒေါက်တာ စောဝါးထူး ဖြစ်ပါသည်။ မိတ်ဆွေဟု ခေါ်လိုက်သည်ကို ရိုင်းသည်ဟု မထင်ပါနှင့်။ အန်ကယ်သည် ကျနော်၏ ဖခင်ထက် ငါးနှစ်ခန့်သာ ငယ်ပါသည် သို့သော် အန်ကယ်သည် ကျနော့်အား ၄င်း၏ သားပမာ ချစ်သလို မိတ်ဆွေ တဦးကဲ့သို့လဲ လွန်စွာရင်းနီးသော သူ တဦးပါ။

“ငါတို့ ကရင်တွေ ကြိုးစားရမယ်ကွ ။ လူတွေကို လူမျိုး ဘာသာ မခွဲပဲ များများလူတွေ အကျိုးပြုနိုင်

အောင်လုပ်ရမယ်ကွ”

ဟူ၍ ကျနော့်ကို ပြောလေ့ရှိသည်။

“မောင်နှမကလည်းများ ။ အဖေကလည်း ကျောင်းဆရာဆိုတော့ ငါတို့ တတွေ လွိုင်လင်မှာပဲ ဆင်းဆင်းရဲရဲနဲ့ပဲ ကြီးခဲ့ကြတယ်။ အေး..ဒါပေမဲ့ ငါကတော့ ကြီးလာရင် ပညာတတ်ကြီးတယောက် ဖြစ်ချင်တာ အမှန်ပါပဲ။ ဆယ်တန်းအောင်တဲ့အထိ ဘယ်လိုလူမျိုးဖြစ်ချင်တယ် ဆိုတာ ပြင်းပြင်းထန်ထန် စိတ်ထဲမှာ မရှိခဲ့သေးပါဘူး။

ငါ ဆယ်တန်းအောင်ပြီး မကြာခင် တနေ့ လွိုင်လင်နားက ရွာလေးတရွာကို ငါသွားလည်တယ်။ အင်မတန်မှ ခင်စရာကောင်းတဲ့ ပအိုဝ်မိသားစု တစုရဲ့ အိမ်မှာ တည်းတာပေါ့။ သူတို့ ဇနီးမောင်နှံမှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ အမွှာ သမီးလေး နှစ်ယောက်ရှိတယ်။ ဒီကလေးလေး နှစ်ယောက်က ငါ့ကိုခင်တယ်။ ငါလဲ သူတို့ နှစ်ယောက်ကို အရမ်းချစ်တယ်။

အဲ့ဒီ အိမ်မှာ တည်းနေတုန်း အမွှာညီမလေးထဲက တဦး ညဦးပိုင်းမှာ အပြင်းအထန်ဖျားတယ်။ မိဘတွေခမျာ အရမ်းစိုးရိမ်ပြီး ဆေးမြီးတိုတွေနဲ့ ကုတယ်။ မြို့နဲ့လည်း အတော့်ကို လှမ်းတာကိုး။ ငါလည်း ဒီလိုပဲ လူးလှိမ့်ပြီး ညည်းညူနေတဲ့ ကလေးမလေးကို ကြည့်နေရတာပေါ့ ။

အဲ့ဒီည အိပ်ယာဝင်ပြီး မနက် ငိုသံတွေကြားတာနဲ့ ငါ အိပ်ယာကနိုးလာတော့ အရမ်းချစ်စရာကောင်းတဲ့ ကလေးမလေး အလောင်းကို ငါမြင်လိုက်ရတယ်။

ငါ အရမ်းကို ကြေကွဲ ၀မ်းနည်းမိတယ်။ ဒီ ကလေးမလေး အတွက်ရော သူမိဘတွေ အတွက်ရောပေါ့ အဲ့ဒီမှာ ငါ ဘယ်လို ခံစားမိသလဲ ဆိုရင် … အော်..ငါသာ ဒီအချိန်မှာ ဆရာဝန်တယောက်သာ ဖြစ်ခဲ့ရင် ဒီကလေးမလေးရဲ့ အသက်ကို ကယ်နိုင်ခဲ့မှာပါ … လို့ ငါတွေးမိ ခံစားမိသွားတယ်”

ဟူ၍ သူ ဆရာဝန်တယောက် ဖြစ်ချင်ခဲ့ပုံကို ကျနော်အား မှတ်မှတ်ရရ နှစ်ခါ ပြောခဲ့ဘူးသည်။

ဘ၀မုန်တိုင်း ဂယက် လောကဓံ အမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြားမှ အန်ကယ်စောဝါးထူး တယောက် သူ အလွန်ဖြစ်ချင်လှသော ဆရာဝန်ဘ၀ကို ရရှိခဲ့ပြီး တဖန် သာမာန်မဟုတ်သော မွန်မြတ်လှသည့် အစေခံခြင်းအလုပ် သို့မဟုတ် အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ပြုစု ကုသပေး နိုင်ခဲ့သည်။ မေတ္တာ စေတနာ ဆရာဝန်ကြီးတယောက် အမှန်ပင် ဖြစ်ခဲ့ပါသည်။

“သာမန် ဆေးရုံ ဆေးခန်းတွေကတော့ လူနာတွေ သူတို့ တတွေရဲ့ ဝေဒနာတွေကနေ သက်သာ ပျောက်ကင်းပြီးရင် အိမ်ပြန်ကြတာပဲ။ ဒါပေမဲ့ ငါ့လူနာတွေကတော့ သူတို့ တတွေရဲ့ ဝေဒနာတွေ သက်သာသွား

ကြရင်တောင်မှ လူ့ပတ်ဝန်းကျင်ထဲ မပြန်ရဲကြတော့ဘူး။ ယုတ်စွအဆုံး သူတို့ မိသားစုဝင်တွေကတောင် အိမ်မှာမထားချင်ကြဘူးကွ။ အဲ့ဒါကြောင့် ငါ့လူနာတွေ ကို ဒီဆေးရုံက ဆင်းပြီး နေထိုင်စားသောက်နိုင်ရေး အတွက် အတတ်နိုင်ဆုံး စီမံပေးရတာပေါ့” ဟု ပြောပြပါသည်။

ကျနော် မော်လမြိုင် တောင်ဝိုင်း အရပ်ရှိ အနာကြီး ဆေးရုံကို ရောက်တိုင်း သတိထားမိသည်က ဆေးရုံ အနီးပတ်ဝန်းကျင်တ၀ိုက် ဝေဒနာသည်များနှင့် ၄င်းတို့ မိသားစုဝင်တို့ နေထိုင်ရာ တဲ့ငယ်ကလေးများ …

နယ်မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့သော ဒေါက်တာစောဝါးထူးတွင် ပညာဂုဏ် မာန်မာန မရှိပါ အရေပြားရောဂါများကို ကုသရာတွင် ၄င်း၌ ဘုရားပေးသည့် အထူးဆု ကျေးဇူးရှိသည်။

“ တခြားဆရာဝန်တွေကလည်း ဒီဆေးပဲ သူနဲ့ လာပြရင်လဲ ဒီဆေးပဲ ပေးလိုက်တာပဲ။ ဒါပေမဲ့ သူစမ်းသပ်ပြီးမှပဲ ဒီဆေးတွေ ပေးလိုက်ရင် တကယ်ကို အပျောက်မြန်တာပဲ အဲ့ဒါကိုက ထူးခြားတာ”

အန်ကယ်စောထူးဝါးနှင့် နှစ်ပေါင်း အတော်ကြာ နေထိုင်လုပ်ကိုင်ဘူးခဲ့သော လုပ်ဖေါ်ကိုင်ဘက်တဦးမှ ကျနော့်ကို ပြောဆိုဖူးသော အန်ကယ်စောဝါးထူးအပေါ် အမြင်မှတ်ချက် ဖြစ်သည်။

“အရာရာတိုင်းကို စေတနာ ချစ်ခြင်းမေတ္တာနဲ့ လုပ်ရတယ် ငါ့ မောင်ရ”

ကျနော့်ကို ပြောလေ့ရှိသော စကားသည် ဒေါက်တာစောဝါးထူး၏ ဘ၀ ဆောင်ပုဒ်တခုပင်ဖြစ်သည်။ လူသားတဦးပင် ဖြစ်သော အန်ကယ်စောထူးဝါးတွင် အားနည်းချက်များရှိပေလိမ့်မည် သို့သော် သူ၏ ရင်ထဲမှ အစဉ်ပြည့်လျှံနေသော မေတ္တာနှင့် စေတနာသည် သာမန်လူသားတဦးထက် ထူးခြားနေသော အချက်ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ၏ တခုသော ညနေချမ်းတွင် အန်ကယ်တယောက် လူ့လောကကြီးမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါသည်။

“ဟေ့ကောင် လောအယ်စိုး … ငါ နောက်နှစ် မင်းကို လာတွေ့ဦးမယ်ကွ”

ဟု သူ ဝေဒနာခံစား နေစဉ်ပင် နောက်ဆုံးအကြိမ် ကျနော်နှင့် တယ်လီဖုန်း ဆက်စဉ် အန်ကယ်ပြောခဲ့သေးသည်။

မော်လမြိုင်မြို့တွင် လူအများ ရွံရှာ ကြောက်ရွံသော တောင်ဝိုင်းအရပ်ရှိ တိုက်ဝါကြီး သည် “ဒေါက်တာ စောဝါးထူး ဆေးရုံ” ဟု အမည်ဆိုင်းဘုတ် မစိုက်ထူထားစေကာမူ ကျနော်တို့ နှလုံးသားထဲတွင်တော့ ဆိုင်းဘုတ်စိုက်ထူထားခဲ့ပေသည်။

လူမျိုးရေး အစွဲ ဘာသာရေးအစွဲ ကင်းပြီး နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာအားဖြင့် အနှိမ်ခံ ဘ၀များစွာ အတွက် အစေခံခဲ့သော ဒေါက်တာစောဝါးထူးသည် စစ်မှန်သော လွတ်မြောက်မှု ဘ၀ပိုင်ရှင် တယောက် ဖြစ်ပါသည်။ လူ့လောကတွင် သူ ကျင်လည်ဖြတ်သန်း ခဲ့သော နေ့ရက်များအတွက် တာဝန်ကျေခဲ့သူ တဦးဖြစ်သည်။

ကရင်တိုင်းရင်းသား တဦး ဖြစ်သော အန်ကယ်သည် မြန်မာနိုင်ငံ အနာကြီးရောဂါ ဆေးပညာ သမိုင်း၌ မှတ်ကျောက် စိုက်ထူနိုင်ခဲ့သူ မြန်မာနိုင်ငံသား တဦးဖြစ်သည်။ သူ၏ လူမျိုး သူ၏ နိုင်ငံသားများအတွက် ဂုဏ်ယူနိုင်ခဲ့သော ကရင်လူမျိုး တဦးပါ။

သူ ယုံကြည်ကိုးကွယ်သော ခရစ်တော်၏ ချစ်မေတ္တာကို သူ ထိစပ်ကျင်လည်ခဲ့သော လူ့ပတ်ဝန်းကျင်၌ အစေခံကာ မြည်းစမ်းခွင့် ပေးခဲ့သူ တဦး ခရစ်ယာန်တို့၏ သမ္မာကျမ်းအဆိုအရ ချစ်မေတ္တာကြွေးများကို သူတပါး တို့အား တင်ကျန်ရစ်စေနိုင်စွမ်းသူ တဦး မဟုတ်ပါလား။

လောအယ်စိုး

ဇန္န၀ါရီၤလ ၂၃၊ ၂၀၁၂

(Buffalo)

(Photo Credit – http://pbbc09.blogspot.com/2010/08/dr-saw-wah-htoo-led-service-at-pbbc.html )
http://moemaka.com/2012/03/law-eh-soe-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%BC%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%BD%E1%80%84%E1%80%B9-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9/

3 comments:

Anonymous said...

လောအယ်စိုးကို အထူးကျေးဇူးတင်ရှိပါတယ်။
၁၉၈၆ "Toward the new horizon " မှာ တွေ့ဆုံခွင့်ရခဲ့တဲ့ ဒေါက်တာဝါးထူးဟာ မနေ့ကတုန်းက လိုဘဲလို့ ခံစားအမှတ်ရနေဆဲပါ။

Anonymous said...

Sadly, I can't read Burmese. I wish Thawthikho translated this article into English or can somebody give me a brief summary of this article.

Anonymous said...

Karen community in Burma must be proud of this kind of Doctor. It is prove that we still have the true Karen who sacrify their life for the poor people. I wich I have my dad like him. No the one that ( Tha Bong Nge Sar)

Post a Comment