ondragstart="return false" onselectstart="return false"

Wednesday, March 7, 2012

အပစ်အခတ်ရပ်စဲရေးအတွက် ကေအဲန်ပီပီနှင့် အစိုးရတို့ သဘောတူ လက်မှတ်ထိုး

Written by နှောင်းလှိုင်

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် အစိုးရတို့သည် နှစ်ဦးနှစ်ဘက် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် ယနေ့ မတ်လ ၇ ရက်နေ့တွင် ကရင်နီပြည် လွိုင်ကော်မြို့၌ သဘောတူလက်မှတ် ရေးထိုးကြသည်။


ကေအဲန်ပီပီမှ လက်မှတ်ရေးထိုးနေချိန် (ဓါတ်ပုံ-ကေတီ)

ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရမှ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် (၁) နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန် ကိစ္စ၊ (၂) ဆက်ဆံရေး စခန်းကို နှစ်ဖက် သဘောတူသည့် သင့်တော်ရာ နေရာ၌ (လက်နက် မပါ) ထားရှိရန် ကိစ္စနှင့် (၃) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဆွေးနွေးမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရန် ကိစ္စ စသည့် အချက်များကို သဘောတူလက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောသည်။

၎င်းက “အခု အစိုးရနဲ့ ကေအဲန်ပီပီက နှစ်ဦးနှစ်ဘက် အပစ်အခတ် ရပ်စဲဖို့ ဆက်ဆံရေးရုံးတွေ ထားရှိဖို့၊ နောက်ပြီးတော့မှ နယ်မြေ ဖြတ်သန်းသွားလာရင် အကြောင်းကြားဖို့ ဆိုတဲ့ အချက်တွေပေါ့နော်။ သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီ” ဟု ပြောသည်။

ကေအဲန်ပီပီမှ တင်ပြတောင်းဆိုထားသော အချက် ၂၀ ထဲတွင် အစိုးရဘက်က အချို့အချက်များကို မူအားဖြင့် သဘောတူလက်ခံထားသော်လည်း (၁) ကရင်နီပြည်အတွင်း စစ်ဆင်ရေးများ အားလုံးကို ရပ်ဆိုင်းရန်၊ (၂) တပ်ဖွဲ့၊ တပ်ရင်းနှင့် တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် လူထုအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် တပ်စခန်းများကို အပစ်အခတ် သဘောတူညီပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်ရုပ်သိမ်းပေးရန်၊ (၃) ကရင်နီပြည်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့် ကျောင်းတည်ဆောက်မှုများကို ရပ်တန့်ထားရန် စသည့် အချက်များကို ထပ်မံ ညှိနှိုင်းရန် လိုအပ်ပြီး အချို့အချက်မှာ သမ္မတ ဦးသိန်းစိန်ထံ တင်ပြန်ရန် လိုအပ်သည်ဟု အောင်ဆန်းမြင့်က ပြောသည်။

ကရင်နီပြည်သူလူထုများသည် ဆင်းရဲဒုက္ခ အမျိုးမျိုး ကြုံတွေ့နေကြရသည့်အတွက်ကြောင့် ကေအဲန်ပီပီနှင့် အစိုးရတို့မှာ စစ်ရေး ရပ်ဆိုင်းပြီးပါက သမ္မတ ဦးသိန်းစိန် အနေနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ခေါ်ယူပြုလုပ်ပေးရန် လိုအပ်ကြောင်း ကေအဲန်ပီပီ ဒု-ဥက္ကဌ အေဘယ်တွိဒ်က ပြောသည်။

“ကျနော်တို့ အမြင်က ထောင်ခြောက်ပဲနော်။ ထောင်ချောက်ထဲ ကရင်နီ တခါ ၀င်ပြီးပြီ။ ၁၉၉၅ ခု တခါ ၀င်တယ်။ ၀င်ပြီးတော့ ကျနော်တို့ သဘောတူညီချက် ၁၆ ချက် လုပ်တယ်။ ဗမာက နားမထောင်ဘူး။ အဲဒါ ကရင်နီ ပြန်ပြီးတော့ တိုက်ပွဲ ဖြစ်တယ်။ ထောင်ထဲ ကျနော်တို့ မ၀င်ရင် မကောင်းဘူး။ ကျနော်တို့ မ၀င်ရင် တရားခံ ဖြစ်တယ်။ ငြိမ်းချမ်းရေးလည်း မလိုချင်ဘူး ပြောလို့ ကျနော်တို့ ထောင်ပဲ။ ဒါပေမယ့် ကျနော်တို့ ၀င်မယ်။ ၀င်ပြီးတော့ ကျနော်တို့ အခြေအနေ တင်ပြတောင်းဆိုချက်တွေ ရမယ်။ သူတို့ သဘောထား ရှိခဲ့မယ်ဆို ကျနော်တို့ ဆက်ဆွေးနွေးမယ်။ မရှိဘူးဆိုရင် ကျနော်တို့ ထောင်ချောက်ကနေ ပြန်ထွက်မယ် ဒါပဲ” ဟု ၎င်းက ပြောသည်။

ယခု အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ပီပီဘက်မှ ခူဦးရယ် ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၁ ဦးအပြင် ကရင်နီပြည်မှ ငြိမ်းချမ်ရေး အကျိုးတော်ဆောင် ၇ ဦး ပါဝင်ပြီး အစိုးရဘက်ကတော့ ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် ၇ ဦး တက်ရောက်ကြသည်။

ထို့အပြင် နိုင်ငံတကာမှ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Hanten Feld၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisher၊ အင်္ဂလန် သံအမတ်နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် Mr. Andrew Webster တို့ တက်ရောက်ကြသည်။
ကေအဲန်ပီပီနှင့် အစိုးရတို့သည် ယင်းအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

ကေအဲန်ပီပီနှင့် ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) စစ်အစိုးရတို့သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း ၃ လ ကြာပြီးနောက် ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က စ၍ ပြန်လည်ပျက်ပြယ်ခဲ့ကြသည်။

အစိုးရမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ
၁ - ဦးအောင်မင်း - ရထားပို့ဆောင်ရေးဝန်ကြီး အဖွဲ့ခေါင်းဆောင်
၂ - ဦးခင်ရီ - ပြည်ထောင်စု လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး
၃ - ဦးခင်မောင်စိုး - ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး
၎ - ဦးသန်းဌေး - ပြည်ထာင်စု စွမ်းအင်ဝန်ကြီး
၅ - ဦးခင်မောင်ဦး - ကယားပြည်နယ် ၀န်ကြီးချုပ်
၆ - ဦးစိုးသိန်း - ပြည်ထောင်စု စက်မှုဝန်ကြီး
၇ - ဦးညဏ်ထွန်းအောင် - ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဝန်ကြီး
နိုင်ငံတကာက အင်္ဂလန် သံအမတ်၊ အမေရိကန်သံအမတ် နှင့် UNHCR ကိုယ်စားလှယ် ပါဝင်တက်ရောက်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ
၁။ ခူဦးရယ် - ပါတီ အတွင်းရေးမှူး-၁ အဖွဲ့ခေါင်းဆောင်
၂။ ခူဒယ်နီယာယ် - ပါတီ ဗဟို ကော်မီတီဝင်
၃။ ဒေးဒေးဖော - ပါတီ ဗဟို ကော်မီတီဝင်
၎။ ရွှေမျိုးသန့် - ပါတီ အရံ ဗဟိုကော်မီတီဝင်
၅။ ခူညေးရယ် - ပါတီ အရံ ဗဟိုကော်မီတီဝင်
၆။ ဆရာမ ဘွီးဖော - ပါတီ အရံ ဗဟိုကော်မီတီဝင်
၇။ ဗိုလ်ချုပ် ဘီထူး - ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်၊ ကရင်နီပြည် တပ်မတော် စစ်ဦးစီးချုပ်
၈။ ဗိုလ်မှူးကြီး ဘုန်းနိုင် - ပါတီ ဗဟိုကေက်ာမီတီဝင်၊ စစ်ရေးချုပ်၊ ကရင်နီပြည် တပ်မတော်
၉။ ဒု-ဗိုလ်မှူးကြီး အယ်မွီး - ကရင်နီပြည် တပ်မတော် တပ်ရင်းမှူး၊ အမှတ် ( ၁ ) တပ်ရင်း
၁၀။ ဗိုလ်ကြီး ညားရယ် - ကရင်နီပြည် တပ်မတော် စစ်ဦးစီး ဒုတိယတန်း
၁၁။ ခူတီရယ် ဖားမူး - ကရင်နီပြည် အုပ်ချုပ်ရေးမှူး၊ အမှတ် ( ၂ ) ခရိုင်၊ ပြည်ထဲရေး ဌာနနှင့် ရုံး အဖွဲ့သား ၄ ဦး ပါဝင်သည်။



ကေအဲန်ပီပီမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ
၁။ ဆရာတော် ဆိုတေးရို၊
၂။ ဆရာတော် စတိုင်လုံ
၃။ ဆရာတော် Mark ဖဲဘျား
၎။ ဆရာတော် ကျော်ထူး
၅။ ဆရာ ဆာလောလာ
၆။ ခင်မောင်ချို နှင့် ဦးကြည်စိန် စသည်တို့ ဖြစ်ပါတယ်။


အပစ်အခတ်ရပ်စဲရေးအတွက် ကေအဲန်ပီပီမှ အစိုးရအား တောင်းဆိုထားသော အချက် (၂၀)
၁။ ကရင်နီပြည်အတွင်း စစ်ဆင်ရေးများ အားလုံးကို ရပ်ဆိုင်းရန်။
၂။ တပ်ဖွဲ့၊ တပ်ရင်းနှင့် တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် လူထုအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် တပ်စခန်းများကို အပစ်အခတ်သဘောတူညီပြီးသည့်နောက် ရက်ပေါင်း (၆ဝ) ရက်အတွင်း ပြန်လည်ရုပ်သိမ်းပေးရန်။
၃။ နှစ်ဖက် တပ်ဖွဲ့များ နေရာ သတ်မှတ်ချထားခြင်း၊ တပ်ဖွဲ့များ သွားလာရေး ကိစ္စနှင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး ကိစ္စ။
၎။ ကရင်နီပြည်အတွင်း စစ်ရေး လေ့ကျင့်မှုများနှင့် ကျောင်းတည်ဆောက်မှုများကို ရပ်တန့်ထားရန်။
၅။ ကရင်နီပြည်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအား အကောင်အထည်ဖော်ခြင်း မပြုလုပ်သေးရန်။
၆။ ကရင်နီပြည်အတွင်း စစ်ရေး တိုက်ခိုက်မှုများကို တခြားတိုင်းရင်းသားဒေသများ၌ ဖြစ်ပေါ်နေသည့် စစ်ရေး တိုက်ခိုက်မှုများနှင့် တချိန်တည်း ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကျေညာသွားရန်။
၇။ နှစ်ဖက် အပစ်အခတ် ရပ်စဲထားသည့် ကာလအတွင်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး အခြေအနေ တည်ငြိမ်ပြီဟု သေချာစေပြီး အာမခံပေးနိုင်သည့် အချိန်ကျမှသာ ပြည်တွင်း ပုန်းအောင်းနေထိုင်သည့် လူထုများအား ပြန်လည်နေရာချထားရေး အစီအစဉ်ကို စတင်ဆောင်ရွက်နိုင်ရန် နှစ်ဖက် ထပ်မံညှိနှိုင်း ဆောင်ရွက်မည်။
၈။ ကရင်နီပြည်အတွင်း အကောင်အထည်ဖော်မည့် အကြီးစား စီမံကိန်းများနှင့် ပြုပြင်မွမ်းမံမှုများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနေမှု မပြီးပြတ်သေးသည့် ကာလအတွင်း ယာယီရပ်ဆိုင်းထားရန်။
၉။ တပ်ဖွဲ့ အသီးသီးမှ ကရင်နီပြည်သူလူထုများ၏ ဘဝလုံခြုံမှုကို ထိပါးစေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်။
၁ဝ။ ကရင်နီပြည်အတွင်းရှိ အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားပြီး အသွင်ပြောင်းသွားပြီးသည့် ပြည်သူ့စစ်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် အပစ်ရပ် အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးနေသည့် ကာလများအတွင်း စစ်ရေး ပဋိပက္ခ မရှိစေရန်အတွက် အစိုးရမှ တာဝန်ယူပေးသွားရန်။
၁၁။ လက်ရှိ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော နိုင်ငံတကာ အဖွဲ့အစည်းများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန်။
၁၂။ လူထု စီမံခန့်ခွဲအုပ်ချုပ်ရေး လုပ်ငန်းကို ပြည်နယ်အစိုးရနှင့် သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့်သော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မည်။
၁၃။ အဖွဲ့ဝင်များနှင့် အိမ်ထောင်သည်များ ရပ်တည်နိုင်ရေးအတွက် လူမှုအကူအညီများနှင့် အခြေခံစီးပွားရေးလုပ်ငန်းများ ရရှိရမည်။
၁၄။ လက်နက်ကိုင် အဖွဲ့များနှင့် ယှက်နွယ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူများနှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွတ်ပေးရမည်။
၁၅။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များတွင် အပြည်ပြည်ဆိုင်ရာ အကဲဖြတ်အဖွဲ့ ထားရှိရန်နှင့် ဖြစ်ပေါ်လာသော နိုင်ငံရေး ဖြစ်စဉ်များကို ပြည်သူလူထုများအား ရှင်းလင်းချပြသွားမည်။
၁၆။ အကျိုးဆောင် အဖွဲ့များနှင့် အကြံပေး ပုဂ္ဂိုလ်ကို တွေ့ဆုံဆွေးနွေးပွဲတွင် သက်သေများ အဖြစ်သာ ပါဝင်တက်ရောက်နားထောင်စေရမည်။
၁၇။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်။
၁၈။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် (၆) လအတွင်း တတိုင်းတပြည်လုံးအသွင် ဆောင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော်ရမည်။
၁၉။ ကေအဲန်ပီပီအား တရားမဝင် အသင်းအဖွဲ့အဖြစ် ကျေညာထားခြင်းမှ ရုပ်သိမ်းပေးရန်။
၂၀။ အပစ်အခတ်ရပ်စဲမှုအတွက် လက်မှတ်ရေးထိုးပြီးခဲ့သော သဘောတူညီမှုများအပေါ် နှစ်ဘက်စလုံးမှ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။

http://www.ktimes.org/index.php/rokstoriesnews/112-2012-03-07-11-29-37

No comments:

Post a Comment