ondragstart="return false" onselectstart="return false"

Tuesday, April 10, 2012

ကေအဲန်ယူ ဆက်ဆံရေးရုံးကို ထားဝယ်နှင့် ကျောက်ကြီးမြို့တွင် ဖွင့်လှစ်

ဧပြီလ ၉ရက်နေ့။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဆက်ဆံရေးရုံး နှစ်ခုကို ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့မနက်က တပြိုင်နက် ဖွင့်လှစ်ခဲ့ကြသည်။

“ယခု ဆက်ဆံရေးရုံး ဖွင့်ရတာက အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွက်နှင့် လူထုတွေရဲ့လိုအပ်ချက်တွေကို စီစဉ် ဖြေရှင်းပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။”ဟု ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီကို ပြောသည်။

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မနက် ၅နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်၌ စတင်ထွက်ခွာရာ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ပါဝင်သည့်အဖွဲ့မှာ ကျောက်ကြီးမြို့သို့၎င်း၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောကွယ်ထူးဝင်းတို့ ပါဝင်သည့်အဖွဲ့မှာ ထားဝယ်မြို့သို့၎င်း ရောက်ရှိခဲ့ကြသည်။

ယနေ့မနက် ၁၀နာရီခွဲတွင် ကျောက်ကြီးမြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့မှ ကေအဲန်ယူ ဆက်ဆံရေးရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းက ဆက်ဆံရေးရုံးတွင် အသုံးပြုရန်အတွက် ကားတစ်စီး ပေးအပ်ခဲ့ရာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထိုအခမ်းအနားကို အစိုးရ ပြည်ထောင်စုအဆင့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်း ကရင့်ရေးရာဝန်ကြီး စောဂျူဘလီစံလှ အပါအ၀င် တပ်ဘက်ဆိုင်ရာ အရာရှိများက အတူတကွ ပူးပေါင်း ပါဝင် ပြုလုပ်ခဲ့ကြသည်။

ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့သည့် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား လက်ပန်ကွင်း ကျေးရွာမှ စပြီး ကျောက်ကြီးမြို့အထိ သွားရာလမ်းတလျှောက်တွင် ကျေးရွာအုပ်စု ၃၀ကျော်မှ ရွာသူရွာသား ၅၀၀၀ကျော်က ငြိမ်းချမ်းရေးကို လိုလားသည့်အနေဖြင့် “အီလက်တရစ် ဖွံ့ဖြိုးရေး၊ ကျည်ဆံအစား ပန်းများပွင့်စေ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားသည် စသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

၎င်းနောက် ကျောက်ကြီးမြို့ စာစီကုံးခန်းမ၌ လာရောက်ကြိုဆိုခဲ့ကြသည့် ဒေသခံလူထုများကို ကေအဲန်ယူ အတွင်းရေးမှူးချုပ်နော်စီဖိုးရာစိန်က မိမိတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်းကို နားလည်ရန် ရှင်းလင်းပေးခဲ့ပြီး လူထုနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြရာ ဒေသခံ ပြည်သူတဦးက ယခုလို ပြောဆိုခဲ့သည်။

“ယခုလို ကေအဲန်ယူက ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစပြီလို့ ဆိုထားတော့ ဒီတလမှာ အဓ္ဓမလုပ်အားပေးတွေ အတော်နည်းသွားပေမယ့် အနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်။ နောက်တခုက ကျနော်တို့ရဲ့ ဘိုးဘွားပိုင် မြေယာကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့နှင့် မတရား ဖမ်းဆီးခံရတဲ့ ဒေသခံ လူထုတွေကို အကျဉ်းသားအဖြစ် ပြန်လည် လွှတ်မြောက်ဖို့ အမြန်ဆုံး လုပ်ဆောင်စေချင်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

ကေအဲန်ယူအနေဖြင့် တက်ရောက်လာသည့် လူထုများ၏ အကြံပြုစာများကို လက်ခံရယူပြီး လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်၌ ဧပြီလ ၁၀ရက်နေ့ မနက် ပြုလုပ်မည့် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကြသည့် အချက်များကို တိုင်းနှင့်ပြည်နယ်မှ လိုက်နာရန်အတွက် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အပါအ၀င် ပြည်ထောင်စုအဆင့် ဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်မင်း၊ ဦးခင်ရီနှင့် ဦးစိုးသိန်းတို့မှ ပါဝင်ဆွေးနွေးပြောဆိုသွားမည်ဟု သိရသည်။
http://www.kicnews.org/?p=10991#more-10991

3 comments:

Anonymous said...

ဖူးမန်းဧ။်လော့ဂျစ်
ရန်သူဧ။်ငြိမ်းချမ်းရေးဆိုသည်မှာ
ငါတို့ကရင်တစ်မျိုးသားလုံးဘုံကျွန်
မဖြစ်ပရစေနဲ့။

သူလိုချင်သည့်ငြိမ်းချမ်းရေးအစစ်မှန်ဆိုသည်မှာ
ငါတို့မှ လက်နက်မဲ့အာဏာမဲ့ဖြစ်စေပြီး
သူတို့ဘက်မှာတော့ လက်နက်ရှိ အာဏာရှိ

သူတို့ဧ။်အုပ်ချူပ်ရေးစနစ်တရပ်ဆိုသည်မှာ
၁.ထားရာနေ
၂.စေရန်သွား
၃.ခိုင်းရန်လုပ်
၎.သတ်ချင်သေ
၅.ဘာမျှ ပြန်မပြောရဖြစ်သည်။

သူတို့ဆိုသည့်တည်ခြင်းအသံများမှာတော့
ဘယ်သူသေသေငတေမှာရင်ပြီးရောလား?
ဖြစ်စေပြီးထာဝစဉ်အာဏာတည်မြဲစဉ်ရမည်ဖြစ်သည်။
ကောင်းပါရဲ့လားခင်ဗျားတို့ရင်

Anonymous said...

Be careful KNU leaders!
"All work and no play makes Jack a dull boy, but remember about all that glitters is not gold".

Anonymous said...

နှစ်ပေါင်း၆၀ကျော်အတွင်းမြန်မာနယ်ချဲ့စစ်အစိုးရရဲ့ပရိယာယ်ကတော့ခနလေး
ကောင်းပြလိုက်တာဘဲ။ နောက်ပိုင်းကျတော့ဒီတိုင်းတိုင်း ဒီတိုင်းတိုင်း ပါဘဲ။
ွှအရေးအကြီးဆုံးကတော့ မြန်မာနယ်ချဲ့စစ်အစိုးရရဲ့စစ်တပ်ကိုဘဲကြည့်ရပါတယ်။
ကိုအောင်မင်းကအသားကုန်လိုက်လျောမှုပြုသော်ငြားလည်း၊ကိုမင်းအောင်
လှိုင်ကပေကပ်ကပ်လုပ်နေတုံးဘာဘဲ။ သူတို့နှစ်ယောက်က
ရေမှုတ်တဖက် မီးစတစ်ဖက် ဖြစ်နေတုံးဘာဘဲ။ KNU ကငြိမ်းချမ်းရေး
ယူပြီးပြီ၊ က၇င်ပြည်နယ်မှာ တိုက်စရာရန်သူလည်းမရှိတော့ဘူး။ ဘာဖြစ်
လို့မြန်မာကျူးကျော်စစ်တပ်တွေကမရုတ်သိမ်းသေးတာလည်း၊ ဒီအကြံမျိုးက
ခလေးတောင်တွေးနိုင်တဲ့အတွေးမျိုးဖြစ်နေတယ်။ ယနေ့ကရင်ပြည်နယ်ကို
ကရင်တပ်မတော်ကအေးအေးဆေးဆေးအုပ်ချုပ်နိုင်ပါတယ်။ မယုံရင်စမ်း
ကြည့်နိုင်ပါတယ်။
ကျွန်တော်တို့အာရုံစိုက်နေတာကနယ်စပ်မှာရှိနေတဲ့ကရင်တွေအကြောင်း
ဒါပေမဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်တဲ့ကရင်တွေကိုကျတော့ဘိုလောင်း
သင်တန်းတက်ခွင့်မရ၊ ရေကြောင်းသိပံကျောင်းတက်ခွင့်မရ၊ အစိုးရုံးတွေမှာ
လည်းအရည်အချင်းရှိရဲ့သားနဲ့ရာထူးကြီးတွေမပေး၊အားကစားမှာလည်း နိုင်ငံ
ခြားထွက်ရတော့မယ်ဆိုယင်မရွေးတော့။ ပြောရမယ်ဆိုရင်နေရာတိုင်းမှာ
ကရင်လူမျိုးတွေဖိနှိပ်ချုချယ်မှုကိုခံနေရတယ်။ ကျွန်တော် နှစ်(၅၀)ကျော်
မြန်မာစစ်အစိုးရလက်အောက်မှာကျွန်ခံရပြီးမှပြောတာပါ။
မြန်မာစစ်အစိုးရက လူုမျိုးကြီးဝါဒကိုကျင့်သုံးနေသမျှ ဘယ်တော့မှရေရှည်
တည်မ်ြတဲ့ ငြိမ်းချမ်းရေးကိုရမှာမဟုတ်ဘူဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲပါ
တယ်။

Post a Comment