ondragstart="return false" onselectstart="return false"

Thursday, January 24, 2013

ပညာတတ်တစ်ယောက်၏တန်ဘိုး

အက်ဆေး
Written by ဇော်ဇော်အောင်

၁။ ပညာနဲ့ ပတ်သက်တဲ့ အမြင်တစ်ခုကို ဘက်တစ်ဘက်ကတင်ပြပါမယ်။



၂။ ငယ်စဉ်တုန်က ကြားဖူးခဲ့တဲ့ ပုံပြင် တစ်ပုဒ် ရှိပါတယ်။ ကျေးလက်က လူငယ် တစ်ယောက်က မြို့တက်ပြီး ပညာသင်ယူတယ်။ တက္ကသိုလ်က ဘွဲ့ရပြီး ရွာပြန်လာတယ်။ အားလုံးက ဂုဏ်ယူ ပျော်ရွှင်ကြလို့ ရွာဦးကျောင်းက ဆရာတော့်ဆီသွားကန်တော့တယ်။ ဆရာတော်ကလည်း ဝမ်းသာ အားရ မင်းတက္ကသိုလ်ကြီးက ဘာ ပညာ တွေသင်လာခဲ့သလဲ။ တပည့်တော် ဒဿနိကဗေဒ ပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ် ဘုရား။ `အေး….. ကောင်း၊ အတော်ဘဲ ငါ့ကျောင်းက တိုင်ကပ်နာရီကြီး ပျက်နေတာ တစ်လလောက်ရှိပြီ။ အဲ့ဒါ ပြင်ပေးခဲ့ စမ်းကွာ´ လို့ ဆရာတော်က မိန့်တယ်။ ဒီပုံပြင်က အတော်ကြာပါပြီ။ ဆက်စဉ်းစားလို့ရပါတယ်။ မြန်မာစာနဲ့ သို့မဟုတ် အင်္ဂလိပ်စာနဲ့၊ သမိုင်းနဲ့ဘွဲ့ ရခဲ့ရင်လည်း နာရီတော့ ပြင်တတ်မယ် မဟုတ်ပေဘူး။

၃။ ဒီနေ့ပို့စ်မော်ဒန်တွေ ပြောကြဆိုကြ အခေါ်အပြော ရှိနေကြတာတွေ အကုန်လုံးနီးပါး ထော်လော် ကန့်လန့် တွေပါဘဲ။ သူတို့ အလိုအရ ပညာဆိုတာ လက်တွေ့အသုံးဝင်ဖို့ လိုတယ်။ Functional လို့ ဆိုကြတယ်။ သိဖို့ထက် အသုံးချဖို့ က ပိုအရေးကြီးတယ်။ အသုံးချလို့ရမှပညာ။ ပေါ်လစီအရလည်း ကျွမ်းကျင်မှု၊ လေ့ကျင့် သင်ကြားမှု စာတွေကို အလေးပေးတယ်။ လက်တွေ့အသုံးချ တန်ဘိုးကို ပိုအလေးထားတယ်။ သိရုံသက်သက် Abstract သဘောသက်သက်မဟုတ်တော့ဘူး လက်တွေ့ကိစ္စ ပဓာန ပရက္ကတစ် Pragmatic သဘောပါလာပြီ ဒါစဉ်းစာစရာပါ။ ဒါပေမယ့်……။

၎။ ပညာကိစ္စပြောကြရင်……..။ တရားမျှတမှုရှိတာနဲ့ မရှိတာ၊ လွတ်လပ်တာနဲ့ မလွတ်လပ်တာ ငြိမ်းချမ်းတာနဲ့၊ မငြိမ်းချမ်းတာ၊ အခွင့်အရေး ညီတူညီမျှရတာနဲ့ မရတာ၊ ဖြူစင်တာနဲ့ မဖြူစင်တာ၊ အဲဒီ တန်ဘိုးတွေကို အသေအချာကောင်းစွာ သိတာဟာ ပညာပါဘဲ။ ကျွန်တော်အဲ့ဒီလို အယူရှိပါတယ်။ ဆက်ပြီးစဉ်းစားရင် ပညာကိစ္စမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ကတ္တားပိုင်း နဲ့ ကမ္မပိုင်း။ ပညာကိုသင်ကြား ပို့ချခြင်းဟာ ကတ္တားပိုင်းပါဘဲ။ ဆရာတွေပါမယ်။ ပညာရေးအယူအဆ ပညာရေးမူဝါဒ ပညာရှင် အဖွဲ့အစည်းတွေနဲ့ အစိုးရပါဝင်ပါတယ်။ ကမ္မပိုင်း (ကံ) ပိုင်းမှာတော့ ပညာခံယူတဲ့ ကျောင်းသား လူငယ်တွေပါဘဲ။ သူတို့အမြင် ကမ္မပိုင်း (ကံ) မှာ ကျွန်တော်တို့ရဲ့ အနာဂတ်ဆိုတာ ပါနေပါတယ်။ ကလေးသူငယ် ကျောင်းသား ကျောင်းသူ လူငယ်တွေကိုသာ ပြုစုပျိုးထောင်နေတာပါ။ အဲဒီလိုကတ္တား ကမ္မ နှစ်ဦးနှစ်ဖက် ပညာကိစ္စကို ဆောင်ရွက်ကြရပါတယ်။ အထက်က စကားစဉ်နဲ့ ဆက်ရင် တရား မျှတခြင်း၊ မမျှတခြင်း လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်း၊ အခွင့်တူညီမျှ ရခြင်း မရခြင်း၊ ဖြူစင်ခြင်း၊ မဖြူစင်ခြင်း ဆိုတဲ့ တန်ဘိုးတွေကို အသေအချာ ကောင်းစွာသိတဲ့ သူက ကလေးသူငယ်များ အပါအဝင် နိုင်ငံ့အနာဂတ်ကို အဲ့ဒီတန်ဘိုးတွေ နှုန်းစံတွေကိုသိအောင် သင်ကြားပို့ ချတာဟာ ပညာရေးကိစ္စ ဆောင်ရွက်ခြင်းပါဘဲ။

၅။ ပညာရဲ့ တရားကိုယ်သဘောက အထက်က တင်ပြခဲ့တဲ့ ၊ အဖြူနဲ့ အမည်းကို ကောင်းစွာခွဲခြား တတ်ခြင်း ခွဲခြားသိခြင်းပါဘဲ။ လူသားရဲ့အမြင့်ဆုံးသော နှုန်းစံ၊ လူဖြစ်ခြင်းရဲ့ အမြင့်ဆုံးသော လက္ခဏာရပ် လူရဲ့အမြင့်ဆုံးသော တန်ဘိုးတွေကို ခွဲခြားသိခြင်းလို့လည်းဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို သိရုံသက်သက်ဟာ Abstract ဖြစ်တယ်။ ရေပေါ်က အရုပ်ပါဘဲ။ အဲဒီနှုန်းစံတွေ တန်ဘိုးတွေကို လက်တွေ့ရယူဘို့ တည်ဆောက်ဘို့ အရေးကြီးလှပါတယ်။ ပို့စ် မော်ဒန်တွေ ဒီနေ့ ပြောနေကြတဲ့ Function အသုံး ၊ Functional Value အသုံးတန်ဘိုး တို့နဲ့ နှိုင်းယှဉ် ချိန်ကြည့် သင့်ပါတယ်။ သဘောအချုပ်ကတော့ တရားမျှတတဲ့ လူ့အဖွဲ့အစည်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်း အခွင့်အရေးမှန်သမျှဟာ တူညီမျှခံစားခွင့် ရှိကြတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ ပညာက လက်ရင်းပဓာန အဓိက ပါဝင်နေပါတယ်။

၆။ စကားစဉ်ကိုချုပ်ရရင် ………. ပညာရဲ့တန်ဘိုးဆိုတာ သို့မှမဟုတ် သဘောတူထားပြီး ပြောရင် ပညာတတ်တစ်ယောက်ရဲ့တန်ဘိုးဆိုတာ သူ့လူအဖွဲ့အစည်းကို လူသားတို့ရဲ့ အမြင့်ဆုံးနှုန်းစံ တန်ဘိုးများဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း ခွင့်တူညီမျှရခြင်း ဖြူစင်ခြင်းတွေနဲ့ ပြည့်စုံအောင် တည်ဆောက် ထူထောင်ရာမှာ သူဘယ်လောက် ဘယ်ပုံဘယ်နည်း ပါဝင်နိုင်တယ်။ ပါဝင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါကြောင်း ………. ကျွန်တော် ထိုသို့ အယူရှိပါကြောင်း။
http://www.maukkha.org/index.php/book-store/essay-maukkha/2914-2013-01-22-11-10-50

No comments:

Post a Comment