ondragstart="return false" onselectstart="return false"

Friday, January 11, 2013

ဒေါက်တာ ဇာနည် အင်တာဗျူး

အင်တာဗျူးကောင်းတပုဒ်ပါ။ လေ့လာဖတ်ရှုသင့်ပါသည်။
xxxxxxxxxxxxx
" နော်ဝေ ၀င်လိုက်တဲ့ နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ရသွားတဲ့ နိုင်ငံဆိုတာမရှိဘူး"

မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး, 28 Nov 2012

လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံ ရေး၊ မငြိမ်းချမ်းသေးသော မြန်မာပြည်မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေးအစရှိသည် တို့နှင့်ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်းက မြန်မာ့ အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူး ထားပါသည်။ ဒေါက်တာဇာနည်သည် ဗြိတိန်နိုင်ငံ London School of Economics and Political Science မှ visiting သုတေသီတစ်ဦးပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး ရာတို့နှင့် ပတ်သက်လာပါကပြတ်ပြတ်သားသား၊ ဒိုးဒိုးဒေါက်ဒေါက်၊ စူးစူးရှရှ ဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း ၄င်း၏အတွေးအမြင်၊ သုံးသပ်ချက်များကိုရေး သားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည် (maungzarni.com) သည် စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန် အစဉ်တစိုက်အရေးဆိုခဲ့သူအနည်းစုထဲ တွင်ပါဝင်ပြီး သူကိုယ်တိုင်ကလည်း ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ် သည်။ "Knowledge, Control and Power: The Politics of Military Rule in Burma Under General Ne Win (1962-88)." စာတမ်းဖြင့် အမေရိကန်ပြည်ထောင်စုရှိ Wisconsin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့် ဒေါက်တာဇာနည်သည် မြန်မာနိုင်ငံအတွင်း လူမျိုးရေးစိတ်ဓာတ် ပြင်းထန်နေသည့်အပေါ် အတော်ကိုစိုးရိမ်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မြန်မာများ အကဲ့ရဲ့မခံရစေရေး မည်သို့လုပ်သင့်သည်ကို ယခုအင်တာဗျူး၌ အကြံပြုဆွေးနွေးထားပါသည်။

MAWKUN: လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။

Dr. Zarni: ခြုံကြည့်မယ်ဆိုရင် ရှေ့ဆက်သွားဖို့ အလားအလာတော့ရှိတယ်။ နောက်ဆုတ်ဖို့ကတော့ တော်တော်လေး ခက်သွားမယ်။ တပ်ထဲကခေါင်းဆောင်တွေကလည်း သဘောပေါက်မှာပေါ့ - နောက်ပြန် သွားလို့မရဘူးဆိုတာ။ ဘာလို့လဲ ဆိုတော့ စစ်တပ်က အုပ်ချုပ်ခဲ့တာ ရာစုနှစ်တစ်ဝက်မှာ တိုင်းပြည်ဟာ ချွတ်ခြုံကျသွားခဲ့တယ်။ ကျွန်တော်တို့ကအပြင်ကနေပြီး မကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူး။ (ပြည်ထောင်စု) ၀န်ကြီးဦးစိုးသိန်းတို့ နယူးယောက်မှာ ပြောတဲ့ဟာကိုကြည့်မယ်ဆိုရင် ဗမာပြည်မှာ ကောင်းတာဘာမှမရှိတော့ဘူး၊ ဘယ်နေရာပဲကြည့်ကြည့် သုံးမရတော့ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ဗမာလိုပြောသွားတယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိတ်ဓာတ် အကုန်လုံးကျနေတာ။

MAWKUN: သူတို့ကိုယ်ကျိုးစီးပွားတွေနဲ့ ၀င်လာကြတဲ့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံတဲ့အခါမှာဘယ်လို အချက်တွေကို သတိမူသင့်လဲ။

Dr. Zarni: တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယ အဲဒီ အင်အားစုလေးစုနဲ့ ဥရောပသမဂ္ဂ ကျွန်တော်တို့ ဆီကိုလာပြီးတော့ သူတို့ အကြံနဲ့သူတို့၊ သူတို့အကျိုးစီးပွားနဲ့ သူတို့ ပြန်ဝင်လာကြတယ်။ ဒီပြန်ဝင်လာတဲ့ အချိန်မှာ ကျွန်တော်တို့ပြည်သူတွေမှာ နိုင်ငံရေးအခံ၊ အတွေးအမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံမရှိဘူး၊ တိုးတက်မလာဘူးဆိုရင်တော့ ရှေ့လျှောက်မှာ ကောင်းတဲ့ အပိုင်းရှိသလို၊ ပိုပြီးတော့လည်းဆိုးလာနိုင် တယ်လို့ ကျွန်တော်မြင်တယ်။ ဦးနေ၀င်းခေတ်မှာ နေခဲ့ရတဲ့အနေအထားမျိုးထက် အဆပေါင်းများစွာ ဆိုးနိုင်တဲ့အနေအထားရှိတယ်။
ဘာပြုလို့လဲဆိုတော့ နိုင်ငံရေးကစားတဲ့၊ စီးပွားရေးကစားတဲ့ အကျိုးအမြတ်ထုတ်တဲ့လူတွေက အရမ်းများ လာတယ်။ အဲတော့ ဒီတစ်ခါ တိုင်းပြည်မှာခေါင်းဆောင်မှု အသုံးမကျရင်တော့ ဒုတိယအခွင့်အ လမ်းပြန်ရမှာမဟုတ်ဘူး။ ဆိုလိုတာက တစ်စစီကို စုတ်ပြတ်သွားမယ့် အနေအထားမျိုးမြင်တယ်။
ကျွန်တော်တို့ဆီကို တရုတ်ဝင်လာတာပဲဖြစ်ဖြစ်၊ အမေရိကန်ပြန်ဝင်လာတာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်က ပြန်ဝင်လာတာပဲဖြစ် ဖြစ်၊ ဂျပန်ကလာတာပဲဖြစ်ဖြစ် အကူအညီပေးတဲ့အခါ လူသားချင်းစာနာတဲ့အကူအညီ ပဲဖြစ်ဖြစ်၊ စီးပွားရေးဖွံ့ဖြိုးဖို့ပဲဖြစ်ဖြစ် ငွေသန်းကိုရာနဲ့ချီပြီးပေးမယ်။ ဒါတွေက တကယ်တန်းပြောရင် ကျွန်တော်တို့နိုင်ငံက ပြည်သူအများစုချွတ်ခြုံကျနေတဲ့အခါဆိုတော့၊ ပြာပုံပေါ်မှာရောက်နေတဲ့ အခြေ အနေမျိုးမှာဆိုတော့ ဒေါ်လာတစ်သန်းပဲဖြစ်ဖြစ်၊ တစ်သောင်းပဲ ဖြစ်ဖြစ်၊ တစ်သိန်းပဲဖြစ်ဖြစ် ကမ္ဘာ့ဘဏ် တို့၊ အင်္ဂလန်တို့ကပေးတဲ့အခါမှာ အားလုံးက၀မ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်ကြတယ်။
ဒါပေမဲ့ဒီပိုက်ဆံတွေဝင်လာတာက၊ တကယ်တန်းပြောရရင် နိုင်ငံခြားအကူအညီဆိုတာမရှိဘူးဗျ။ အလကား ထမင်းကျွေး တာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို ချစ်လို့ ဒီပိုက်ဆံပစ်ပေးတာမဟုတ်ဘူး။ ဒါတွေက ထောင်မြင်၊ ရာစွန့်ဆိုတဲ့ ပုံစံ မျိုးပေါ့ဗျာ။ ဘီလီယံနဲ့ချီပြီး အကျိုးရှိမယ့်နေရာမျိုးမှာ ဒေါ်လာသန်းတစ်ရာ လောက်ပေးလိုက်ရတာ သူတို့အတွက် ပြဿနာမရှိဘူး။ အဲဒါကိုမြင်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေက ငွေထုတ်ကြီးတွေ ပိုက်ပြီးဝင်လာတဲ့သူတွေကို ကျေးဇူးရှင်ကြီး တွေ၊ ကယ်တင်ရှင်ကြီးတွေလို့ မှတ်ယူပြီး သပြေပန်းနဲ့ကြိုနေမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက်ပြဿနာရှိနိုင်တယ်။

MAWKUN: ပြည်တွင်းမှာ တရုတ်ရဲ့ အကျိုးစီးပွားက အမြောက်အမြားပဲ။ အတော်များများ ကတော့ စစ်အစိုးရလက်ထက်တုန်းက နှစ်ဘက်အစိုးရ သဘောတူညီမှုတွေနဲ့ လုပ်ထားတဲ့ ကိစ္စတွေ။ အဲဒီအထဲက တချို့ လုပ်ငန်း တွေကို ဒေသခံတွေက အကြောင်းကြောင်းကြောင့် လက်မခံလိုကြဘူး။ ဥပမာ - လက်ပံတောင်းတောင်ကိစ္စလိုဟာမျိုးပေါ့။ အဲတော့ နောက်ထပ်ကော ဘယ်လို အခင်းအကျင်းတွေကို မြင်တွေ့ရဖွယ်ရှိလဲ။

Dr. Zarni: အရင်က စီမံကိန်းတွေဆွဲပြီးတော့ တရုတ်နဲ့ပဲ လက်မှတ်ထိုးထိုး၊ တခြားနိုင်ငံတွေနဲ့ပဲ ထိုးထိုး ပြည်သူက ဘာမှပြောပိုင်ခွင့်မရှိတဲ့အနေအထားမျိုးမှာ အုပ်ချုပ်သူလူတန်းစားတွေကလုပ်သွားခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်ကတည်းက တရုတ်နဲ့ တအားရောပြီး အထက်ဗမာပြည်တစ်ခုလုံးမှာ ဗမာ စကားကို တစ်ခွန်းမှ မပြောတတ်တဲ့ ယူနန်ဘက်ကသူတွေကို မှတ်ပုံတင်တွေထုတ်ပေးတာတွေ လုပ်လာခဲ့ ကြတယ်။
လောလောဆယ် လူတွေသိနေကြတာက ရိုဟင်ဂျာတွေကို နှင်ဖို့လောက်ပဲပြောနေကြပေမဲ့ သူတို့က ကျွန်တော်တို့နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်က အထက်ဗမာပြည်တစ်ခုလုံး၊ အဓိက မန္တလေးမှာ တရုတ်ရဲ့စီးပွားရေးတွေရှိတယ်။ သူတို့က မြေတွေကို လိုက်ဝယ်တယ်။ လူမှုရေးကိစ္စတွေမှာပါ တော်တော်လေးဝင်ပြီး လွှမ်းမိုးတဲ့သဘောမှာရှိတယ်။ စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘူး။ တကယ် တိုင်းပြည်မှာအန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့ အကျိုးစီးပွားတွေက ကျွန်တော်တို့အထက်ဗမာပြည် ကြီးကို မျိုလိုက်တာ။ အဲဒါက ကျွန်တော်တို့တွေအတွက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ အဲဒါကို အဓိကထားပြီးတော့ စဉ်းစားဖို့ကောင်းတယ်။
မြေနိမ့်ရာလှံစိုက်တဲ့ပုံစံမျိုး၊ ဘင်္ဂါလီကိုရှင်းလိုက်၊ နိုင်ငံက နှင်ထုတ်လိုက်တို့ဆိုတာတွေက တလွဲဆံပင် ကောင်းပြီးတော့ ဖက်ဆစ်ဆန်ဆန်တွေဖြစ်နေကြတယ်။ လူမျိုးရေးမုန်းတီးမှုများနေတာ။ တကယ်တန်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကိုမျိုသွားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကိုကျွန်တော်တို့က အဓိကထားပြီး လုပ်မှရမယ်။
နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့ စီးပွားရေးစာချုပ်တွေက ပြည်သူကို မတရားချုပ်ခြယ်တဲ့၊ ပြည်သူကို မတရားသတ်တဲ့အစိုးရကလုပ်ခဲ့တာဆိုတော့ အဲဒီစာချုပ်တွေကိုကျွန်တော်တို့ကပြန်သုံးသပ် ပြီးတော့၊ စိစစ်ပြီးတော့ ပြင်သင့်တာတွေကို ပြင်ဖို့လိုလိမ့်မယ်နဲ့တူတယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့နေအောင် ခံရလိမ့်မယ်။

MAWKUN: ပြုပြင်ပြောင်းလဲရေးတွေတော့ လုပ်နေတယ်ပေါ့။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ စစ်ပွဲ တွေက အခုထိဖြစ်နေတုန်း။ KIA နဲ့ မြန်မာအစိုးရနဲ့ အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ နောက် ကွယ်မှာ ဘယ်လိုအချက်တွေရှိမလဲဗျ။

Dr. Zarni: ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ်ဘဲနဲ့။ ကချင်က သာမန်လူမျိုးစုလေး မဟုတ် ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့နဲ့ အားလုံး ပေါင်းပြီးတော့ နိုင်ငံကိုအတူတူထောင်မယ်ဆိုပြီးတော့ထောင်ခဲ့တာ။ နောက်တစ်ခု သမိုင်းအရကြည့်မယ် ဆိုလို့ရှိရင် သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကိုယ်တိုင် ပြောသွားတာရှိတယ်။ ကချင်ပြည်နယ်ဟာ ဘယ်တုန်းကမှ မြေပြန့်က ဗမာတွေရဲ့ လက်အောက်မှာ မရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့၊ လေးစားလို့ (လွတ်လပ်ရေး) အတူတူတောင်းမယ်ဆိုပြီးတော့တောင်းခဲ့တာ။
အဲလိုလူမျိုးစု၊ အဖွဲ့အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ခေါင်းဆောင်တွေက တမင်နှစ်ပေါက်၊ တစ်ပေါက် ရိုက်ပြီးတော့ကျုံးသွင်းတာ။ ပြီးတော့ ကချင်အထဲမှာ အကျင့်စာရိတ္တမခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကို မွေးထားပြီးတော့ ကချင်တွေကို စီးပွားရေးအရ ကျုံးသွင်းဖို့လုပ်တာ။ Border Guard Force ပေါ့နော်။ အဲဒါကိုဟိုဘက်ကလက်မခံလို့ ဒီလိုဖြစ်တာ။ အားလုံးထဲမှာကိုယ့်နိုင်ငံကခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။
သူတို့(အစိုးရ)က တမင်အသာစီးယူပြီးတော့ သူတို့ လုပ်ချင်တာလုပ်လို့ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ခေါ် တယ်။ သူတို့လုပ်ချင်တာလုပ်လို့မရတဲ့အနေအထားမျိုးမှာ သူတို့က စစ်ကိုပေပြီးတော့တိုက်တယ်။ ကချင်ကို တိုက်နေတာက ပြည်ထောင်စုရဲ့ သစ္စာကို လုံးဝစော်ကားတာလို့ ကျွန်တော်က မြင်တယ်။
နောက်တစ်ခုက ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရှမ်းပြည်ပဲဖြစ်ဖြစ်၊ ကချင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံးဗျာ ရခိုင်ပြည်လိုနေရာမျိုးမှာ လက်ရှိပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေဟာ ဒုက္ခရောက်ပြီးတော့၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးတာကလွဲလို့ရှိရင် သူတို့ အတွက်က ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာအကျိုးမှမရှိဘူး။ ဒီကိစ္စကတိုင်းရင်းသားဒေသတွေတင်မကဘူး။
ကြေးစင်တောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် လယ်သမားတွေဟာ ထောင်နဲ့ သောင်းနဲ့ချီပြီး ဒုက္ခရောက် ကြတယ်ဆိုတော့ ပြုပြင်ပြောင်းလဲရေးတွေက ဗမာပြည်မှာရှိတဲ့ လူအများစုအတွက် ပြုပြင်ပြောင်းလဲမှုတွေ က အကျိုးမရှိတဲ့အပြင် အကျိုးတောင်ယုတ်တယ်လို့ လက်ရှိအနေအထားအရ မြင်နေရတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲရေးလုပ်တဲ့ကာလကို ကျွန်တော့်အနေနဲ့ အလွန်ကိုသံသယရှိတယ်။

MAWKUN: ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နော်ဝေပါဝင်ပတ်သက်နေတာကို ဘယ်လိုမြင်လဲခင်ဗျ။ နိုင်ငံတကာမှာကော သူတို့တကယ် စွမ်းဆောင်နိုင်တာရှိလားခင်ဗျ။ နောက်ကွယ်မှာဘယ်လို အကျိုးစီးပွားတွေ ရှိတတ်ကြသလဲ။

Dr. Zarni: နော်ဝေက ဗမာပြည်ထဲကို ၀င်လာတာက ရှင်းရှင်းလေး။ နော်ဝေ ၀င်လိုက်တဲ့ နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ရသွားတဲ့ နိုင်ငံဆိုတာမရှိဘူး။ ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စကိုကြည့်မယ်ဆိုရင် ၁၉၉၅ မှာ ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့နဲ့ အော်စလိုငြိမ်း ချမ်းရေးဆွေးနွေးပွဲဆိုပြီးတော့ နော်ဝေကလုပ်တယ်။ စာချုပ်တချို့ ချုပ်လိုက်တယ်။ ဒါပေမဲ့ ဒီနေ့အထိ အစ္စရေးနဲ့ ပါလက်စတိုင်းနဲ့ ဂါဇာမှာချနေတုန်းပဲ။ ဆိုလိုတာက အော်စလို (နော်ဝေ) ၀င်လုပ်လိုက်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာမရှိဘူး။
အာရှတိုက်ကိုဝင်လာတဲ့အခါကျတော့လည်း နော်ဝေ ၀င်လာလို့ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာ ကျွန်တော် တစ်ခါမှမတွေ့ဖူးဘူး။ ခင်ဗျား သီရိလင်္ကာနိုင်ငံကိုကြည့်လိုက်ဗျာ။ သီရိလင်္ကာ၊ ကိုလံဘိုမြို့မှာ ဗုဒဘာသာ အမည်ခံထားတဲ့ကိုလံဘိုအစိုးရနဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကျားသူပုန်အဖွဲ့နဲ့တိုက်ကြတဲ့ကိစ္စ။ (နောက်ဆုံး) ကျားသူပုန်တွေ လက်နက်ချပြီးတဲ့အခါမှာ (အစိုးရတပ်က) သတ်ပစ်တာ အစုလိုက်၊ အပြုံလိုက်။
နော်ဝေကလည်း ကျွန်တော်တို့နိုင်ငံမှာစီးပွားရေးလုပ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံပဲ။ ငြိမ်းချမ်းရေးသိုင်းကွက် နင်းပြီး ၀င်လာတာပဲဖြစ်ဖြစ်၊ လူသားကယ်တင်ရေး၊ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးအတွက်ဆိုပြီးတော့ သိုင်းကွက်နင်းလာ တာပဲဖြစ်ဖြစ် ၀င်လာတာအားလုံးကတော့ (နော်ဝေ ၀င်လာတာပဲဖြစ်ဖြစ်၊ ၀ါရှင်တန်(အမေရိကန်) ၀င်လာတာပဲဖြစ်ဖြစ်) အလှူပေးဖို့လာတာမဟုတ်ဘူး။ အကျိုး အမြတ်ရဖို့အတွက်လာတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သိဖို့ရာက နိုင်ငံခြားက ၀င်လာတယ်ဆိုရင် စီးပွားရေးသမားပဲဝင်ဝင်၊ နိုင်ငံရေးသမားပဲဝင်ဝင်၊ ဘယ်သမ္မတပဲလာလာ သူတို့အကျိုး စီးပွားအတွက်လာတာ။ ကျုပ်တို့နိုင်ငံကြီး လမ်းပွင့်သွားဖို့တို့၊ ကျုပ်တို့နိုင်ငံကလူတွေ ထမင်းနပ်မှန်အောင် စားဖို့တို့၊ ရှေ့မှာစီးပွားရေးတွေ ကောင်းလာဖို့အတွက်လာတာမဟုတ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး မှာ တစ်နပ်မှ အလကားစားရတဲ့ထမင်း၊ တစ်ခွက်မှ အလကားသောက်ရတဲ့ လက်ဘက်ရည်ဆိုတာမရှိဘူး။ ကျုပ်တို့ကို ချစ်လို့လာတာတစ်ကောင်မှမရှိဘူး။


MAWKUN: ရခိုင်ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: အစိုးရက နောက်ကွယ်မှာပါတဲ့အနေအထားလို့ ကျွန်တော်သုံးသပ်လို့ရတယ်။ မေလထဲမှာ ရခိုင်အမျိုးသမီး ဗလက္ကာရအလုပ်ခံရပြီး အသတ်ခံရတယ်။ နောက်ဗမာသတင်းစာတွေထဲမှာပါတာက လည်း ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို မူဆလင်ဘာသာဝင်သုံးယောက်က ဗလက္ကာရကျင့်ပြီး တော့ ရက်ရက်စက်စက်သတ်လိုက်တယ်ဆိုတဲ့သတင်းပါတယ်။
အဲဒီသတင်းထွက်လာပြီးတဲ့အခါ တောင်ကုတ်ဘက်မှာ မူဆလင်ဆယ်ယောက်လောက်ကို လူ ၃၀၀ လောက်က သတ်လိုက်တယ်ဆိုတော့ စဉ်းစားကြည့်။ မသီတာထွေးရဲ့ ဓာတ်ပုံကိုတော့ တစ်ပြည်လုံး ပြန့်သွားပြီးတော့ မူဆလင်ဆယ်ယောက်ကို နေ့ခင်းကြောင်တောင်ကြီးမှာ တောင်ကုတ်မှာရှိတဲ့ လူ ၃၀၀ လောက်က ၀ိုင်းသတ်တဲ့ပုံက တစ်ပုံမှထွက်မလာဘူး။ ဆိုတော့ ဒီကိစ္စက ၂ နဲ့ ၂ နဲ့ပေါင်းရင် ၄ မရဘဲနဲ့ ၅ တို့၊ ၆ တို့ ရနေတာဟာ အစိုးရပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အစိုးရနဲ့ မကင်းတဲ့ အဖွဲ့ရဲ့ လက်ချက်ပါနေတယ်လို့ ကျွန်တော်မြင်တယ်။
ရခိုင်တွေနဲ့ မူဆလင်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတဲ့ အသိုင်းအ၀ိုင်းရှိတယ်။ ကျောက်နီမော်လိုနေရာမျိုးကိုကြည့်လိုက်။ ဆွေစဉ်မျိုးဆက်နေလာတာ။ ဘာမှပြဿနာမရှိဘူး။ ရခိုင်ဗုဒ္ဓ ဘာသာတွေနဲ့ မူဆလင်တွေ - ဘင်္ဂါလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် - တစ်ယောက်နဲ့တစ်ယောက် ရိုက်နေကြတာ၊ ခုတ်နေကြတာမရှိခဲ့ဘူး။ အဲလိုအနေအထားမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ရက်ရက် စက်စက်လုပ်လာကြအောင် ဘယ်သူကနှပ်ကြောင်းပေးလိုက်တာလဲ။ အဲဒီနှပ်ကြောင်းပေးလိုက်တဲ့အထဲမှာ အစိုးရကဘယ်အတိုင်းအတာထိပါသလဲ။
နောက်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တဲ့အခါမှာ ဦးသိန်းစိန်က ကုလသမဂ္ဂကို မိန့်ခွန်းပြောတဲ့အခါမှာ ဒီ၂၇ ယောက်ဟာ တိုင်းပြည်ရဲ့မျက်နှာဖုံးတွေဖြစ်တယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့စုံစမ်းရေးကော်မရှင်ကို ပထမဆုံး ဖွဲ့တဲ့နေ့ကတည်းက အစိုးရကဘာမှပီပီပြင်ပြင် အကူအညီမပေးခဲ့ဘူး။ ရုံးလည်းမပေးခဲ့ဘူး။ ငွေလည်းမပေး ခဲ့ဘူး။ တောင်းဆိုထားကြတဲ့ လုံခြုံရေးအရာရှိတွေနဲ့လည်း ပီပီပြင်ပြင်တွေ့ခွင့်မပေးဘူး။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ကြီးက အခုကျတော့ကိုဇာဂနာတို့၊ ကိုအောင်နိုင်ဦးတို့၊ နောက်တစ်ခါ ဒေါက်တာအန်ဒရူး ဆိုတဲ့ ချင်းလူမျိုးဥပဒေပညာရှင်တို့ဟာ ဘာမှပီပီပြင်ပြင်လုပ်နိုင်တဲ့ အနေအထားမျိုးမရှိတော့ဘူး။ နောက် တစ်ခုက စုံစမ်းစစ်ဆေးရေးလုပ်တယ်ဆိုတာက အနောက်ကဖိအားတွေဝင်မလာအောင်လုပ်တာဖြစ်မယ်။
ဒီလူမျိုးရေးပြဿနာက အစိုးရဘက်က တစ်နည်းတစ်ဖုံနဲ့ နိုင်ငံရေးကိုကစားတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်အပြင်ကနေပြီးတော့ သားပုပ်လေလွှင့်စွပ်စွဲတာမဟုတ်ဘူး။ နောက်ပြီးတော့ စဉ်းစားမယ်ဆိုလို့ ရှိရင် လူမျိုးရေး အရေးအခင်းစဖြစ်ကတည်းက သမ္မတဦးသိန်းစိန်ရဲ့ စကားတွေက လေး၊ ငါးခါလောက် အမျိုးမျိုး စကားလမ်းကြောင်းတွေက ပြောင်းသွားတယ်။
ကုလသမဂ္ဂမဟာမင်းကြီးလာတဲ့အခါကျတော့ ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့နိုင်ငံကဟာတွေ မဟုတ်ပါ ဘူး။ တရားမ၀င်ခိုးဝင်လာတဲ့သူတွေပါ။ သူတို့ကို တခြားနိုင်ငံကို ပို့ချင်ပို့၊ ဒါမှမဟုတ်ရင်လည်း တစ်နေရာမှာ ဒုက္ခသည်စခန်းဆောက်ပြီး တော့ UN က ကျွေးထားပါလို့ပြောတယ်။
နောက်တစ်ခါ VOA နဲ့ အင်တာဗျူးတဲ့အခါကျတော့ လေသံကပြောင်းသွားတယ်။ မဟုတ်ဘူးတဲ့၊ ကျွန်တော် တို့ စစ်ဆေးပြီးပါပြီတဲ့။ အများစုကကျတော့ကျွန်တော်တို့နိုင်ငံမှာရှိပြီးသား၊ ကျွန်တော်တို့နိုင်ငံသားတွေ ပါတဲ့။ နောက်မှဝင်လာတဲ့လူကအလွန်နည်းပါတယ်ဆိုပြီးတော့ပြောထားတယ်။
ကျွန်တော်ပြောချင်တာက သမ္မတလိုပုဂ္ဂိုလ်ကြီးကတောင်မျိုးစုံပေါ့ဗျာ။ ဒီကွေ့မှာဒီတက်နဲ့လှော်ဆိုတဲ့ ပုံစံမျိုး နဲ့။ အဲဒါတွေကိုကြည့်ပြီးတော့ကျွန်တော်ထင်တယ်။ နေပြည်တော်ကမရိုးမသားနဲ့ ၀င်ပြီးတော့ ပါတယ်လို့ ထင်တယ်။ ၁၉၆၇ မှာလည်း တရုတ်-ဗမာအရေးအခင်းကိုသူတို့ ဖန်တီးခဲ့တယ်။ အမျိုးမျိုးပေါ့ဗျာ။ သမ္မတ အကြံပေးလုပ်နေတဲ့ ဒေါက်တာကျော်ရင်လှိုင်ကတောင်မှ သူစာရေးထားတဲ့အထဲမှာရှိပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်တို့ပြုတ်သွားပြီးတဲ့နောက်ပိုင်းမှာ မူဆလင်အရေးအခင်းကို ဖန်တီးဖို့ ထောက်လှမ်းရေးဘက်က လုပ်တယ်ဆိုတဲ့စကားတွေ။ ဒေါက်တာကျော်ရင်လှိုင် ကိုယ်တိုင်ကရေးထားတာဆိုတော့ နေပြည်တော်က လူတွေကို ကျွန်တော်က လုံးဝအယုံအကြည်ကိုမရှိဘူး။
ဒီလူတွေကအာဏာရရေးအတွက် တစ်ယောက်နဲ့ တစ်ယောက် တည်ပေးတာ၊ တို့ပေးတာတွေလုပ်ခဲ့ ကြတယ်။ အောက်ခြေကလူတွေမတည့်မှ ယာလည်းညက်စေ၊ ကြက်လည်းပန်းစေဆိုတဲ့အနေနဲ့ ကြက်ကို လည်းဖမ်းမယ်၊ ယာကိုလည်းထွန်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်မြင်တယ်။

MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လိုနည်းနဲ့မှဒီလူအုပ်စုနှစ်စုဟာ အရင်လိုအနေအထားမျိုးပြန်နေလို့ မရတော့ဘူး၊ အတူထားဖို့လည်းမသင့်တော့ဘူးဆိုပြီးတော့ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီး တဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာတဲ့အခါ ကျရင် အရင်လို အနေအထားမျိုးပြန်ပြီးထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: မြစ်ဝကျွန်းပေါ်ဒေသမှာ BIA/BDA ခေတ်ကဖက်ဆစ်ဂျပန်နှစ်ယောက်ကို ကရင်တွေ ဘက်က သတ်လိုက်တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်မိုးကြိုးကတွေ့သမျှ ကရင်တွေကိုအကုန် သတ်ဆိုပြီးတော့အမိန့်ပေးခဲ့တာရှိတယ်။ BIA တပ်ကလည်းပါတယ်။ ဗိုလ်မိုးကြိုးရဲ့တပ်တွေလည်းပါတယ်။ ကရင်တွေကို အစုလိုက်၊ အပြုံလိုက်သတ်လိုက်ကြတယ်။ ဦးနုတက်လာတဲ့အချိန် ၁၉၄၉-၅၀ မှာလည်း ကရင်တွေနဲ့ ဗမာတွေနဲ့ တစ်ဘက်နဲ့ တစ်ဘက်သတ်ကြတာရှိတယ်။ ကိုယ်ဝန်ဆောင်ကိုသတ်ပြီး ဗိုက်ထဲ ကကလေးကို ဆွဲထုတ်တာတို့ အဲလောက်ထိအောင် ရက်ရက်စက်စက်သတ်ခဲ့တာတွေရှိပါ တယ်။
မုန်းတယ်ဆိုတာ တစ်သက်လုံးမုန်းဖို့ဆိုတာမဖြစ်ပါဘူး။ ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေနော်။ ချစ်တာတို့၊ မုန်းတာတို့ဟာမြဲတဲ့ကိစ္စတွေမဟုတ်ဘူး။
တစ်ယောက်နဲ့တစ်ယောက်နေလို့ မရဘူးဆိုတာက ၀င်ပြီးတော့တွန်းကြတာပေါ့ဗျာ။ ရခိုင်တွေအားလုံးနဲ့ မူဆလင်တွေအကုန်လုံး ဖြစ်တာမဟုတ်ပါဘူး။ ကောင်းတဲ့ရခိုင်တွေအများကြီးရှိတယ်။ ဆိုးတဲ့ရိုဟင်ဂျာ တွေလည်း အများကြီးရှိတယ်။ ကောင်းတဲ့ရိုဟင်ဂျာတွေလည်းရှိတယ်။ ဆိုးတဲ့ရခိုင်တွေလည်းရှိတယ်။ ဖြစ်ခဲ့တာတွေက အလွန်ကိုဝမ်းနည်းစရာကောင်းတယ်။
၁၉၃၀ နာဇီဂျာမနီလိုပုံစံမျိုးအထိဖြစ်လာတယ်ဆိုတာက ဘေးကနေပြီး သွေးထိုးတာတွေပါတယ်။ မြှောက် ပေးတာတွေပါတယ်။ အဲတော့ စနစ်တကျအချိန်ယူပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် နောက် ၁၀ နှစ်၊ ၁၅ နှစ်မှာပြေလည်ပြီးတော့ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့အနေအထားမျိုးရောက်သွားဖို့ အလား အလာရှိပါတယ်။
အမေရိကန်နိုင်ငံကိုပဲကြည့်လိုက်။ လူမည်းတွေကို ကျွန်လုပ်ထားတာကနေပြီးတော့ ဒီကနေ့အချိန်မှာ လူမည်းသွေး တစ်ဝက်ပါတဲ့ သမ္မတကနေပြီးတော့ လူဖြူအများစုဖြစ်တဲ့နိုင်ငံမှာ သမ္မတက်လုပ်နိုင်တဲ့အနေ အထားမျိုး။
ကြီးတဲ့အမှုကိုငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်တာမဟုတ်ဘဲနဲ့ ငယ်တဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် လုပ်တဲ့အစိုးရမျိုးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ်မြတ်နေလို့ရမလဲ။
ဘယ်လိုအစိုးရမျိုးက တိုင်းပြည်ကိုအုပ်ချုပ်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တိုင်းရင်းသားတွေ အချင်း ချင်း ချစ်ချစ်ခင်ခင်နေမှာလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက်နဲ့ နားလည်မှုယူထားပြီးတော့ သင့်သင့်မြတ်မြတ်နေမှာလားဆိုတဲ့မေးခွန်းကို အဖြေပေးလို့ရမယ်။
အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကိုအမြတ်ယူပြီးတော့ နိုင်ငံရေးသွေး စုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆယ်နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည် မှာစစ်ဘေးရော၊ ဘာသာရေးမီးရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။

MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုကော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာတွေ လုပ်နိုင်ခဲ့လဲဗျ။

Dr. Zarni: ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာမူဆလင်တွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့လူပဲဖြစ်ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တစ်ချိန်လုံးတောင်းဆိုပြီးတော့ထောက်ခံပြီးတော့၊ ဘာသာစုံမေတ္တာပို့ပြီးတော့နေခဲ့ကြတာ။ ဒေါ်အောင် ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကို အင်္ကျီမှာရိုက်ပြီးဝတ်တဲ့သူလည်းရှိတယ်။ ဘုရားစင်မှာကပ်ထားတဲ့လူလည်းရှိတယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ်ရပ်တည်လာကြတယ်။
သူလွတ်လာပြီးတော့ အစိုးရကသူ့ကိုနိုင်ငံရေးအရလူရာသွင်းတဲ့အချိန်၊ အနောက်နိုင်ငံကခေါင်းဆောင် တွေနဲ့ ဆက်ဆံပြီး သူ့ကိုတစ်ကမ္ဘာလုံးက လေးလေးစားစားဆက်ဆံတဲ့အချိန်မှာ လူမျိုးစုတွေရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူတာက သူတို့တတွေ ဒုက္ခရောက်ပြီး မိုးထဲရေထဲ ရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကသူနဲ့မဆိုင်သလိုနေတယ်။ ရခိုင်ပြည်နယ်မှာနှစ်ဘက် စလုံးက တစ်ယောက်ကိုတစ်ယောက်သတ်နေဖြတ်နေကြတဲ့အချိန်မှာတစ်ဘက်ကိုဝင်ပြီးတော့ မားမား မတ်မတ်ရပ်ပေးလိုက်မယ်ဆိုရင် အဲဒီတစ်ဘက်ကိုအားပေးအားမြှောက်ပြုရာကျမှာစိုးလို့ ရှောင်တယ်ပေါ့ ဗျာ။
ဒါပေမဲ့ ကချင်မှာဖြစ်နေတဲ့ပြဿနာက ကချင်တွေကနေပြည်တော်ကိုဝင်တိုက်၊ မန္တလေးကိုသိမ်း၊ လားရှိုး ကိုသိမ်း၊ ရန်ကုန်ကိုတိုက်မယ်ဆိုတဲ့ အနေအထားမျိုးမှာဖြစ်နေတာမဟုတ်ဘူး။ အခုဖြစ်နေတာက ဗမာ့တပ် မတော်က ကချင်တွေရဲ့မြေကိုသွားပြီး သယံဇာတတွေကိုသိမ်းကျုံးပြီးတော့ယူဖို့၊ နောက်တစ်ခါ တရုတ် ပြည်ရဲ့သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကိုလုံခြုံမှုရှိဖို့၊ နောက်ပြီးတော့သူတို့ဆီမှာရှိတဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေကိုဝင်ပြီးထိန်းချုပ်ဖို့၊ နောက်တစ်ခါ KIA ကို ဒူးထောက်အောင်လုပ်ဖို့ဆိုပြီးတော့ စစ်တပ် က ဟိုဘက်မှာရှိတဲ့၊ သူ့နေရာသူနေနေတဲ့ ကချင်တပ်ကိုကျူးကျော် စစ်လိုတိုက်နေတာ။
ဗမာစစ်တပ်က ကချင်ပြည်နယ်ကိုသွားပြီးတော့ တရားမျှတတဲ့၊ နိုင်ငံတော်အတွက်တိုက်နေတဲ့ စစ်မဟုတ် ဘူး။ ကချင်တပ်က ကျွန်တော်တို့တော့ခင်ဗျားတို့နိုင်ငံမှာမနေတော့ဘူးဆိုပြီး ခွဲထွက်ရေးအတွက် တိုက်နေ တာမဟုတ်ဘူး။ အဲလိုအနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက်နဲ့တစ်ဘက် စစ်တိုက်နေ တဲ့အချိန်မှာ ဘယ်ဘက်မှာမှဝင်မပါချင်ဘူးဆိုတဲ့အခါကျတော့ ကချင်ဘက်ကခံစားကြရတာက ဒေါ်အောင် ဆန်းစုကြည်က သူတို့ကိုလုံးဝသံယောဇဉ်မရှိဘူး၊ နောက် solidarity (သွေးစည်းတဲ့ အနေအထားမျိုး) မရှိ ဘူးလို့ ခံစားရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလွတ်လာတဲ့အခါမှာ ဘာလုပ်ပေးလဲဆိုတော့တိုင်းပြည်အတွက် ဒီအချိန်ထိ လုပ်ပေးခဲ့တာက နည်းပြီးတော့ ဦးသိန်းစိန်တို့အစိုးရအတွက် အကျိုးဖြစ်တဲ့အလုပ်တွေကိုပဲ ဒေါ်အောင်ဆန်း စုကြည်ကလုပ်နေတယ်လို့ကျွန်တော်ကအဲလိုပဲသုံးသပ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလို တိုင်းပြည်ကို စည်းစည်းလုံးလုံးဖြစ်အောင် ဦးဆောင်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီအာဏာရဖို့ကိစ္စ၊ သူကိုယ် တိုင် သမ္မတဖြစ်ဖို့ ကိစ္စကို နံပါတ်တစ်အရေးထားပြီးတဲ့အခါမှာ တိုင်းပြည်ကိုသွေးချောင်းစီးတဲ့အနေအထား မျိုးမှာ သူနဲ့မဆိုင်သလိုနေတဲ့အခါမှာကျတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်ဘက်ကကြည့် မယ်ဆိုရင်တော့ သူဟာအလွန်ကိုဆုံးရှုံးတယ်။
ရှေ့လာမယ့် အနှစ် ၂၀ လောက်မှာ လက်ရှိဗမာနိုင်ငံကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် ဒီကာလကို သမိုင်း ဆရာတွေက ဘယ်လိုရေးမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံး ကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာရှိလျက်နဲ့ အဲဒီအခွင့်အရေးကို အဆုံးရှုံးခံတဲ့ နိုင်ငံရေးသမား လို့ပဲ သူ့ကိုသုံးသပ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

MAWKUN: ၂၀၁၅ မှာ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကို မြင်တွေ့ရမလဲ။ သမ္မတဦးသိန်းစိန် ကလည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒပေါ်မူတည်ပြီးတော့ ဒုတိယသမ္မတ သက်တမ်းကို စဉ်းစားကောင်းစဉ်းစားမယ်လို့ ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူကသူ့ကို သမ္မတဖြစ်စေချင်ရင် သမ္မတလုပ်ပါမယ်လို့ ပြောထားတာရှိတယ်။ ပါတီကြီးနှစ်ခု ရဲ့အားပြိုင်မှု ဘယ်လိုမျိုးမြင်တွေ့ရမလဲဗျ။

Dr. Zarni: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ထောက်ခံတဲ့ အနေအထားမျိုးရှိမှ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလို့ရမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းဖို့ဆိုတာက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းအထက် မဲပေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလို့ ရတယ်။ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ယူထားတဲ့အခါ ကျတော့ ကြံ့ဖွံ့ပါတီကော၊ NLD ကော၊ အကုန်လုံး ပေါင်းပြီး ညီညွတ်တယ်ဆိုရင်တောင်မှ ၇၅ ရာခိုင်နှုန်းပဲရှိသေးတယ်။ နောက်ထပ် တစ်မဲလိုသေးတယ်။
ဒီမိုကရေစီခေတ်မှာဆိုရင် ကြံ့ဖွံ့ကော၊ NLD ကော၊ တခြားပါတီတွေကော အားလုံးပေါင်းပြီး ၇၅ ရာခိုင်နှုန်းရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲလိုမဖြစ်နိုင်တာတင်မကသေးဘူး။ ၇၅ ရာခိုင်နှုန်းမဖြစ်နိုင်တဲ့ ဟာက ဖြစ်လာခဲ့ရင်တောင်မှတပ်က တစ်မဲကဘယ်လိုမှမဖြစ်နိုင်ဘူး။ စစ်တပ်က ၀င်ထိုင်တဲ့ စစ်ဗိုလ်အရာ ရှိတွေက ပါလီမန်အမတ်အရေခြုံထားတာပဲရှိတယ်။ စစ်သားဆိုတာက အထက်ကလာတဲ့အမိန့်ကိုပဲနာခံ မှာ။ အထက်ကဒါတွေကို လက်မခံနဲ့ဆိုရင်အရပ်သားတွေနဲ့ ပေါင်းပြီး မဲထည့်မှာမဟုတ်ဘူး။ နောက်တစ်ခု က စစ်တပ်ကလိုလိုလားလားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပေးလိုက်တယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့က သူ့မှာ (မြန်မာနိုင်ငံသားမဟုတ်တဲ့) သားနှစ်ယောက်ရှိနေတယ်။ သမ္မတဖြစ်ဖို့ အလားအလာဟာ စစ်တပ်ပေါ်မှာအရမ်းမူတည်တယ်။

MAWKUN: မြန်မာပြည်မှာ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေးစိတ်ဓာတ်တွေ တအားပြင်း ထန်နေတယ်ဆိုပြီးတော့ ဦးဇာနည်တို့အပါအ၀င် ဝေဖန်နေကြတာရှိတယ်။ ဘာကြောင့်များလဲ။

Dr. Zarni: ပညာရေးနယ်ပယ်မှာ အသိဥာဏ်ဖွံ့ဖြိုးဖို့ကိစ္စ၊ ဒီမိုကရေစီကိစ္စ၊ အမျိုးသားရေးစိတ်ဓာတ် တအားလွန်ကဲနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်က ပညာပေးတာတွေ မရှိခဲ့တဲ့အခါ ကျတော့ ကျွန်တော်တို့အနေအထားက ဘယ်လိုဖြစ်လာလဲဆိုရင် အင်္ဂလိပ်လိုရင် racism၊ လူမျိုးရေး မုန်းတီးမှုတွေ၊ ပြီးတော့ ဘာသာရေးမတူတာနဲ့ အကုန်လုံးကို ၀ါးလုံးသိမ်းရိုက်တာတွေရှိတယ်။ လူမျိုးစု တစ်ခုလုံး၊ နောက်တစ်ခါအဖွဲ့အစည်းတစ်ခုလုံး၊ ဘာသာခြားပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာတူတဲ့သူပဲဖြစ်ဖြစ် ၀ါးလုံး ရှည်နဲ့ သိမ်းကျုံးပြီး စော်ကားတာမျိုးရှိတယ်။
ဆိုလိုတာကတော့ ၀ါးလုံးသိမ်းကျုံးပြီး ပြောတဲ့ဟာမျိုးတွေကို ကမ္ဘာက လက်မခံတော့ဘူး။ အဲဒီလက်မခံ တော့တဲ့ဟာကို ကျွန်တော်တို့ပြည်သူတွေက အခုထိမသိသေးဘူး။ မသိတဲ့အခါကျတော့ အများစုက သံဃာတော်တွေကော၊ သာမန်ပြည် သူတွေကော မူဆလင်ရိုဟင်ဂျာတွေကို ဘယ်လိုဆိုပြီးတော့ အမျိုးရိုး ကို သိမ်းကျုံးပြီးတော့ စော်ကားတာမျိုး၊ ဆဲတာမျိုး၊ နှင်ထုတ်ဖို့ message ပေးတာမျိုး ဆိုင်းဘုတ်ထောင် တာ၊ လမ်းလျှောက်တာတွေလုပ်တယ်။ တကယ်တန်းကျရင်အပြင်ကနေလှမ်းကြည့်တဲ့အခါကျတော့ အလွန်ကိုရှက်စရာကောင်းတယ်။
ဟစ်တလာလက်ထက်ကလို ဂျူးတွေကို အကုန်လုံး မောင်းထုတ်မယ်ဆိုတဲ့ဟာမျိုး လူမျိုးစိတ်ဓာတ် တွေပြင်းလာတဲ့အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် ပြည်သူကိုပညာ ပေးတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့အခုအချိန်မှာ သူ့ဆီကတစ်လုံးမှထွက်မလာဘူး။ ပြည်သူကိုပညာပေး ရမယ့် အခြေအနေမျိုးရောက်လာတဲ့ အနေအထားမှာ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်နေတဲ့အခါမျိုးမှာ ဘေး မှာနေမယ်ဆိုတဲ့ ကြားနေနေတဲ့အခါကျတော့ လုံးဝကိုအရုပ်ဆိုးတယ်။ အဲတော့ကျွန်တော့်အနေနဲ့ ပြောမယ် ဆိုရင်တော့ လက်ရှိကမ္ဘာထဲမှာပြန်ပြီးဝင်တဲ့အခါကျတော့ လူမျိုးရေးစိတ်ဓာတ် သိပ်ပြင်းထန်တာမျိုး၊ သွေးကစကားပြောတယ်တို့နဲ့ သွားမရဘူး။
သမိုင်းကိုပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခါစ ဗမာပြည် ဦးနုခေတ်ကိုပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေးရဖို့လုပ်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ၁၉၄၇ ခုနှစ်အချိန်ပဲဖြစ်ဖြစ် သူနဲ့လုပ်ဖော်ကိုင် ဖက်တွေ အကုန်လုံးကို သွေးစကား ပြောတယ်ဆိုပြီးတော့ ခေါ်တာမဟုတ်ဘူး။ တိုင်းပြည်အကျိုးက ဘယ်သူကလုပ်ပေးနိုင်သလဲ၊ တိုင်းပြည်ပေါ် ဘယ်သူက စေတနာရှိလဲဆိုတဲ့အခြေခံပေါ်မှာ လူမျိုးမရွေး၊ ဘာသာမရွေး လုပ်တာ။ ဒို့ဗမာအစည်းအရုံးကိုထောင်တာ သခင်ဘသောင်းတစ်ယောက်တည်း မဟုတ်ဘူး။ သူ့ သူငယ်ချင်းမူဆလင်တွေနဲ့ ပေါင်းပြီးထောင်ကြတာ။ အဲတော့ တိုင်းရင်းသား တွေပါတယ်။ မူဆလင်တွေ ပါတယ်။ ဟိန္ဒူလည်းပါတယ်။ ခရစ်ယာန်လည်းပါတယ်။ ဘာသာမရှိတဲ့သူလည်းပါတယ်။ နတ်ကိုးကွယ်တဲ့ သူလည်းပါတယ်။ အဲလိုမျိုး တိုင်းပြည်ကို စပြီးထောင်တဲ့အချိန်မှာ အနှစ်သာရရှိတဲ့၊ တိုင်းပြည်ချစ်တဲ့စိတ် နဲ့ပဲ လူမျိုးရေးမခွဲခြားတဲ့စိတ်၊ ဘာသာရေးမခွဲခြားတဲ့စိတ်နဲ့ အရည်အချင်းရှိမှုအပေါ်မှာ အခြေခံပြီး လုပ်ဆောင်တဲ့အမြင်မျိုး၊ အမျိုးသားရေး အမြင်မျိုးရှိခဲ့ကြတယ်။
လွတ်လပ်ရေးရပြီး အနှစ် ၆၀၊ ၇၀ ရှိလာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ နာဇီဂျာမနီလို အမြင်မျိုးတွေ အပင်းဝင်လာတယ်။ အဲဒါကိုပြင်မှဖြစ်မယ်။ ဒါကြောင့်မို့လို့ စီးပွားရေးတွေ ဖွံ့ဖြိုးလာတာတွေထက်ပိုပြီး အရေးကြီးတယ်။ ဒါနဲ့ တန်းတူအရေးကြီးတာက ကျွန်တော်တို့နိုင်ငံကြီး လွတ်လပ်ရေးရကတည်းက စစ်မီး တောက်နေတာ အခုချိန်ထိမငြိမ်းသေးဘူး။ လူမျိုးရေး တွေ၊ အဓိကရုဏ်းတွေဖြစ်နေတာလည်း အခုချိန်ထိ မငြိမ်းသေးဘူး။ ဒီမိုကရေစီဆိုတာကိုလည်း တင်းပြည့်၊ ကျပ်ပြည့် မသွားနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် စစ်ဖြစ်ပြီးတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး မုန်းနေတဲ့အချိန်မှာ ဒီမိုကရေစီဆိုတဲ့ စနစ်ကို ကျွန်တော်တို့ မလိုက်နိုင်ဘူး။ စစ်တပ်ကပဲ ၀င်ပြီးထိန်းရမယ်။
ရခိုင်မှာ ဒီမိုကရေစီနည်း စပြီးကျင့်သုံးပြီးတော့ ရခိုင်ပြည်ကိုတိုးတက်အောင်လုပ်ရတဲ့အချိန်မှာ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံရေးပါတီတွေ အကုန်လုံးက ရခိုင်ပြည်ကို စစ်တပ်တွေ အကုန်ပို့ပါဆိုတဲ့ အနေအထားမျိုးကို ရောက်လာတယ်။ အဲတော့ ဒီမိုကရေစီစနစ်ဆိုတာက စစ်တပ်ရဲ့ကဏ္ဍ တဖြည်းဖြည်း မှိန်သွားပြီးတော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍက ရှေ့ကို တက်လာရမယ့်အခါမှာ ကျွန်တော်တို့က စစ်တပ်ရဲ့အခန်းကဏ္ဍကို ကိုယ်ကိုယ်တိုင်ကတောင်မှလိုလိုလားလားတောင်းဆိုနေတဲ့အနေအထား ရောက်နေတယ်ဆိုရင် ဗုဒ္ဓဘာသာအရပြောမယ်ဆိုရင် နိုင်ငံရေးအရဆုတ်ကပ်ထဲကိုရောက်နေတယ်။ ရှေ့ဘယ်လိုဆက်သွားမလဲဆိုတာကို စဉ်းစားကြဖို့ လိုလိမ့်မယ်။
(နောက်) ဘာသာရေးဆိုတာက နိုင်ငံရေးနဲ့ဘာမှ မဆိုင်ဘူးဗျ။ နိုင်ငံတော်နဲ့လည်း ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့အလုပ်က ပြည်သူစားဝတ်နေရေးချောင်ဖို့၊ စီးပွားရေးကောင်းဖို့ စနစ်တစ်ခုကိုထောင်ပေးရ မယ်။ နိုင်ငံတော်က ပြည်သူအသက်အိုးအိမ်ကို ကာကွယ်ပေးရမယ်။ ည ၁၂ နာရီမှာ အလုပ်လုပ်ပြီးလို့ ဘတ်စ်ကားစီးပြီး အိမ်ပြန်လာလို့ရှိရင် ပြည်သူတွေလုံလုံခြုံခြုံနဲ့ လမ်းလျှောက်ပြန်လာနိုင်တဲ့ လမ်းမျိုးတွေ၊ ငြိမ်းချမ်းသာယာရေးကို လုပ်ပေးဖို့။
ဂေါတမကိုးကွယ်၊ ကိုးကွယ်၊ ဂျေးဆပ်ခရိုက်စ်ကို ကိုးကွယ်ကိုးကွယ်၊ သို့မဟုတ် အလ္လာကိုးကွယ်၊ ကိုးကွယ် - ကြိုက်တာကိုးကွယ်။ အဲဒါနိုင်ငံတော်နဲ့ ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့ အလုပ်လည်းမဟုတ်ဘူး။ ဘာသာရေး ဆိုတဲ့ဟာက ကျွန်တော်တို့တတွေတစ်ဦးချင်းစီရဲ့ ယုံကြည်မှုအနေနဲ့ ဆက်ထားရမယ်။
ဘာလုပ်ရမလဲဆိုတော့ လူမျိုးနဲ့ ဘာသာရေးကို လုံးဝခွဲထုတ်ပစ်လိုက်ရမယ်။ ဗမာပြည်ပေါ်မှာ သံယောဇဉ် ရှိပြီးတော့ ဗမာပြည်ရဲ့အကျိုးစီးပွားကို အကျိုးဆောင်ပေးမယ့်လူတွေ၊ ဗမာပြည်ထဲမှာရှိတဲ့လူတွေကို တစ်နိုင်ငံတည်းမှာနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲဆိုပြီး လူမျိုးမရွေး၊ ဘာသာမရွေး မြင်နိုင်တဲ့ အမြင်ကို စတင်မှရမယ်။
တပ်ထဲမှာကြည့်လိုက်။ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ အရာရှိတွေကလွဲလို့ ကျန်တဲ့အရာရှိတွေမရှိတော့ဘူး။ စစ်တပ်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားနဲ့ ဗုဒ္ဓဘာသာကလွဲလို့ရှိရင် ကျန်တဲ့ ဘာသာဝင်တွေကိုအပြတ်ရှင်းထုတ်လိုက်တယ်။ ဒါကစစ်တပ်မှာလုပ်တယ်ဆိုရင်တော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ၊ နိုင်ငံထူထောင်တဲ့နေရာမှာ ငါကိုးကွယ်တဲ့ဘုရားကိုကိုးကွယ်တဲ့ လူတွေပဲ နိုင်ငံတော်ကိုသစ္စာရှိတယ်ဆိုတဲ့ အမြင်နဲ့သွားရင် ကျွန်တော်တို့ကဟစ်တလာ ဂျာမနီခေတ်ကို ပြန်ရောက်လိမ့်မယ်။ အဲတော့အဲလိုအမြင်မျိုးကို ပြည်သူတွေကြားထဲမှာ ဖြန့်နေတယ်ဆိုလို့ရှိရင် တိုင်းပြည် ကို ကမောက်ကမလုပ်တာပဲလို့ ကျွန်တော်မြင်တယ်။
တစ်ယောက်နဲ့တစ်ယောက် သည်းခံဖို့တင်မဟုတ်ဘူးဗျ။ အလ္လာကိုပဲကိုးကွယ်၊ ကိုးကွယ်၊ ဗုဒ္ဓကိုပဲကိုးကွယ် ကိုးကွယ်၊ သခင်ရေရှုကိုးကွယ်၊ ကိုးကွယ် လေးစားရမယ်။ နောက်ပြီး သွေးစကားပေါ့။ လူမျိုးရေးဆိုရာမှာ သွေးဆိုတဲ့ စကားကိုဆွဲထုတ်ပြစ်မှရမယ်။ နာဇီဂျာမနီရဲ့ အယူအဆကို သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ လက်ခံ မယ်ဆိုလို့ရှိရင်အလွန်ဆုံးရှုံးတယ်။ ခေတ်နဲ့လည်းမလျော်ညီဘူး။ တိုင်းပြည်လည်းကမောက်ကမဖြစ်ပြီး ယူဂို စလားဗီးယားနိုင်ငံလိုကွဲမယ့် အိုက်ဒီယိုလော်ဂျီ အမြင်ဖြစ်တယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့လို ပြည်သူအများက လေးစားတဲ့သူတွေထဲက ဗမာပြည်သူတွေကို လူမျိုးရေးအမြင်၊ လူမျိုးရေးနို့သက်ခံပြီးတော့ စို့နေတဲ့ဟာကို ခွဲထုတ်ပစ်မှရမယ်။

MAWKUN: နောက်ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

Dr. Zarni: Social media တွေ၊ Facebook လိုဟာမျိုးတွေမှာပေါ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် စော်ကား မော်ကားလုပ်တာတွေ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး သိက္ခာချတာတွေဟာ ကမ္ဘာမှာ ယဉ်ကျေးမှုကြီးတဲ့၊ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် အလုပ်ပြုတ်တယ်၊ ထောင်ကျတယ်။
ကျွန်တော်တို့နိုင်ငံကို တစ်ကမ္ဘာလုံးကကြည့်နေတာက မူဆလင်တွေကို သတ်ဖြတ်နေတယ်၊ ရိုဟင်ဂျာတွေ ကိုသတ်ဖြတ်နေတယ်၊ အနိုင်ကျင့်နေတယ်ဆိုပြီးတော့ ကိုယ့်နိုင်ငံသားတွေကို ဒီလိုမျိုးအကြည့်ခံရတယ် ဆိုတာစိတ်လည်းမကောင်းဘူး။ ကိုယ်လည်းဝင်ပြောမိတယ်။ တစ်ကမ္ဘာလုံးကယဉ်ကျေးမှုရှိတဲ့ နိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကိုလက်ရှိကြည့်နေတာက အော့ကြောလန်တဲ့မျက်လုံးနဲ့ ကြည့်နေတာ။
ကောင်းတဲ့ပြည်သူတွေကအများကြီးရှိတယ်။ ဒါပေမဲ့ဆိုးတဲ့လူတွေကရှေ့တန်းကိုထွက်ပြီးတော့ ဖက်ဆစ် အယူဝါဒတွေပေါ်နေတဲ့အချိန်မှာ ကောင်းတဲ့ပြည်သူတွေက လူမျိုးမရွေး၊ ဘာသာမရွေး ကြောက်ပြီး ငြိမ်နေ ကြတယ်။ အဲဒီအနေအထားကို ပြောင်းမှကျွန်တော်တို့နိုင်ငံက ရှေ့ကိုတက်မယ်။ မဟုတ်လို့ရှိရင်တော့ စီးပွားရေးမြှုပ်နှံမှု ဘီလီယျံထောင်နဲ့ချီ လာလာ၊ သမ္မတအိုဘားမားပဲလာလာ အကြံလာပေးမယ်ဆိုရင် တောင် ကျွန်တော်တို့နိုင်ငံက ကောင်းဖို့အလား အလာမရှိနိုင်ဘူး။
ဗမာပြည်လို တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရှိနေတဲ့ လူမှုအဖွဲ့အစည်းမှာ အမျိုးသားရေး အမြင်သစ်တစ်ခုလိုကိုလိုအပ်တယ်။ ပြီးတော့ ဗမာဆိုတာဘယ်လိုလူတွေကိုခေါ်တာလဲ၊ မျိုးချစ်တဲ့သူဆိုတာ ဘယ်လိုလူတွေလဲဆိုတဲ့ဟာလည်း လိုအပ်တယ်။ ဗမာဆိုတဲ့အဓိပါယ်ဖွင့်ဆိုချက်အသစ်ဟာ “သွေး”တို့၊ ဘာသာရေးကိုအခြေပြုတဲ့ “ဗမာ-ဗုဒ္ဓဘာသာ”၊ “တိုင်းရင်းသား”ဆိုတဲ့ အယူအဆဟောင်းကနေလမ်းခွဲ ထွက်ရမယ်။ ဗမာပြည်သစ်မှာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာဗမာပြည်တွင်းရှိတဲ့ တခြားသူတွေထက် ပိုပြီးသာတူညီမျှရှိတဲ့လူတွေအဖြစ်မခံစားစေရဘူး။ ဗမာသစ်ဆိုတာဟာကိုးကွယ်ယုံကြည်ရာ၊ နိုင်ငံရေး အမြင်၊ ပရက်ဖဲရှင်နယ်နောက်ခံအကြောင်းတရားတွေကို ဘေးဖယ်ပြီးတော့ ယဉ်ကျေးမှုစုံဝါဒနဲ့ အများ ပြည်သူလူထုနဲ့ဆိုင်တဲ့မျိုးချစ်စိတ်တွေရှိရမယ်။ စစ်သားနဲ့ဗိုလ်ချုပ်တွေသာ စစ်မှန်တဲ့မျိုးချစ် ပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ နိုင်ငံသားတွေကတော့ သူတို့ လောက်မျိုးချစ်စိတ်မရှိဘူးဆိုတဲ့ စစ်တပ်ရဲ့ အတွေးအခေါ်ကို ဗမာ သစ်က ထာဝရဖယ်ခွာနိုင်ရမယ်။
http://komoethee.blogspot.com.au/

No comments:

Post a Comment